ပဲခူးတိုင်းက လယ်သမားကြီးတွေက သူတို့ဟာ လယ်ပိုင်ရှင်တွေအဖြစ်ကနေ လယ်ကူဘဝကို ရောက်နေကြပြီး ကုန်ဈေးနှုန်းတွေ မြင့်တက်နေတာကြောင့် အကြွေးတွေ ပင်လယ်ဝေနေကြရတဲ့ဘဝကို ကယ်တင်ဖြေရှင်းပေးဖို့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဆီ စာရေးသား တောင်းဆိုခဲ့တယ်လို့ ဘီဘီစီသတင်းတပုဒ်က ဆိုပါတယ်။
အဲဒီသနားခံလွှာကို ပဲခူးတိုင်းမှာရှိတဲ့ ပဲခူး၊ ဝေါ၊ သနပ်ပင်နဲ့ ကဝမြို့နယ်တွေက ကျေးရွာပေါင်း ၁၅ ရွာက လယ်သမားပေါင်း ၇၅ ဦးကနေ လက်မှတ်ထိုးပြီး ပြီးခဲ့တဲ့လကုန်ပိုင်းက တောင်းဆိုခဲ့တာဖြစ်ကြောင်း သိရပါတယ်။
ဒီစာရဲ့မိတ္ထူကိုလည်း ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး အပါအဝင် ရန်ကုန်မြို့မှာရှိတဲ့ ILO ရုံး၊ UNDP ရုံး၊ အမေရိကန် သံရုံးနဲ့၊ NLD ဥက္ကဋ္ဌရုံးတွေကိုလည်း ပေးပို့ထားပေမယ့် အာဏာပိုင်များက အခုထက်ထိ အကြောင်းမပြန်ကြားသေးဘူးလို့ ဆိုပါတယ်။
လယ်သမားတွေရဲ့ဘဝဟာ ကြွေးမြီတွေကြောင့် လယ်အသိမ်းခံရတာရှိသလို တရားစွဲခံရတာလည်း ရှိနေကြောင်းနဲ့ တချို့လယ်သမားတွေဆိုရင် ကြွေးမြီးကြောင့် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့တဲ့အထိ ဒီနှစ်ပိုင်းတွေမှာ မကြားစဖူး ကြားလာနေရတယ်လို့ ဆိုပါတယ်။
ဒါပြင့် မြင့်မားနေတဲ့ ကုန်ဈေးနှုန်းကလည်း လယ်သမားတွေအတွက် ဝန်ထုတ်ဝန်ပိုးတခု ဖြစ်နေတယ်လို့ ဘီဘီစီ သတင်းဌာနက ဒီနေ့ ထုတ်လွှင့်သွားပါတယ်။ဓာတ်ပုံ - AP, Getty image




No comments:
Post a Comment