Tuesday, August 10, 2010

မန္တလေး ဘူတာကြီးက ဆိုက္ကားဆရာ

(မြန်မာပြည်အစိုးရက ဗီဇာပိတ်ပင်ထားသော ဂျာနယ်လစ်တဦးဖြစ်သူ Pico Iyer ၏ The Man, The Men at the Station ကို ဆိုလိုရင်းမိအောင် ဘာသာပြန် ထားသည်။ မူရင်းကို ဖတ်ရှုလိုပါက 2009 May လတွင် ထုတ်ဝေခဲ့သော Burn This Book စာမျက်နှာ ၄၂ တွင် ကြည့်ရှုပါ)

+++++

မန္တလေးဘူတာကြီးကို ရထားဆိုက်ပါပြီ။

တညလုံးစီးလာခဲ့ရတဲ့ ရထားပေါ်ကလည်း ဆင်းလိုက်ရော - ဟာ ကျနော့်ကို အလုအယက် ဝိုင်းဆွဲကြတော့တာ ပါပဲ။ ဆိုက္ကားဆရာတွေလေ။ သူ့ငှားပါ - ငါ့ငှားပါပေါ့။ တရွတ်တိုက်ပြီး တောက်တဲ့ကပ် ကပ်တော့တာပါပဲ။ အကွက်မပေါ်နဲ့ အင်္ကျီနဲ့ ပုဆိုးတွေနဲ့။ အိပ်ရေးမဝတဲ့ ပြူးကြောင်ကြောင် မျက်လုံးတွေနဲ့။ ချွေးနံ့တွေနဲ့။ (တညလုံး သူတို့ဆိုက္ကားပေါ်မှာ အိပ်ပြီး ဒီရထားကို စောင့်နေကြဟန် တူပါတယ်)

ကျနော့်အဖို့ကတော့ ဂျာနယ်လစ်အနေနဲ့ ဗမာပြည်လို နိုင်ငံတော်တော်များများကို ရောက်ဖူးခဲ့ပြီးပြီမို့ ဒီမြင်ကွင်းတွေဟာ သိပ်တော့ အထူးအဆန်း မဟုတ်လှဘူး။ ရိုးနေပါပြီ။ ကျနော်လို တိုးရစ်တွေဆီက မြိုးမြိုးမြက်မြက်ရအောင် လာပြီး ဆွယ်မယ်။ ကပ်မယ်။ (တချိန်ထဲမှာပဲ မျက်လုံးတွေကလည်း ကျီးကန်းတောင်းမှောက်နဲ့) ဘေးဘီကို အရိပ်အခြည် ကြည့်ကြဦးမယ်။ ပြောလို့မရဘူးလေ။ ဘူတာကြီးလို နေရာမျိုးမှာ ‘အစိုးရလူ’တွေက ခြေရာချင်းထပ် နေတာမဟုတ်လား။ (ဗမာပြည်လိုနေရာမျိုးမှာ ပါးပါးလှပ်လှပ်နဲ့ မျက်စိကော နားကော အစွမ်းကုန်ဖွင့်ထားကာမှ တော်ရုံကျတာ။ ကိုယ်ချောက်ကျမယ့် အပေါက်တွေကိုလည်း ကိုယ့်ဖာသာကိုယ် ကြည့်ရှောင်တတ်ဖို့လည်း လိုသေးတယ်)

နောက်တော့ အဲဒီဆိုက္ကားဆရာတွေထဲက တယောက်နဲ့ ဈေးတည့်သွားတယ်။ လူပုံကတော့ ခပ်စုတ်စုတ်ပါပဲ။ ပုဆိုးဝတ်ထားတာက မသေမသပ်နဲ့။ မုတ်ဆိတ်ကျင်စွယ် ထိုးထိုးထောင်ထောင်နဲ့။ ညှဉ်းသိုးသိုး တောကျကျ ပုံမျိုးပေါ့။ အဲဒီ ဆိုက္ကားဆရာက သူ့နာမည် ‘မောင်မောင်’ တဲ့။ သူရဲ့ ခပ်စုတ်စုတ် ဆိုက္ကားထိုင်ခုံ တဖက်တချက် ဘေးမှာ ရေးထားတာကိုကြည့်လိုက်တော့ ‘ငါ့ဘဝ’ (My Life) တဲ့။ နောက်တဖက်မှာကျတော့ ‘သင်္ချာဘွဲ့ရ’ (B.Sc.Mathematics) တဲ့။ စကားစမြည်လေး နည်းနည်းပြောမိတော့ သူ့အကြောင်း တစွန်းတစ သိလာရတယ်။ “သင်္ချာဘွဲ့ရ - မောင်မောင်ဘဝ” က စိတ်ဝင်စားစရာ အကောင်းသား။ လူကစုတ်ပေမယ့် ဉာဏ်တော့ ပြေးတယ်။ ဗဟုသုတလည်း စုံတယ်။ ပါးရည်နပ်ရည် လည်းရှိတဲ့ ပညာတတ် ဘွဲ့ရတယောက်ပဲ။ (ဘယ်လိုလုပ် ဆိုက္ကားဆရာ ဘဝ ရောက်နေပါလိမ့်?)

အင်း … သိတဲ့အတိုင်းပဲ။ ဗမာပြည်မှာ သူလိုဘွဲ့ရ ပညာတတ်တွေဟာ နေရာမရကြရှာဘူး။ အစိုးရက အဲဒီလို ပညာတတ်တွေကို ကြောက်တယ်။ ဒါကြောင့် လူတွေပညာတတ်မှာကို မလိုလားဘူး။ ပညာတတ်တွေဟာ သူတို့ရဲ့ ပညာ၊ အသိဉာဏ်တွေကို ကွန့်မြူးကျက်စားအသုံးချဖို့၊ လက်ဆင့်ကမ်း ဖြန့်ဝေပေးဖို့ နေရာမရှိဘူး။ နေရာပေး မခံကြရဘူး။ နိစ္စဓူဝ စားဝတ်နေရေးဆိုတဲ့ ဘဝမုန်တိုင်း ပင်လယ်ပြင်မှာပဲ အသက်ရှင်ဖို့ ကာယ လုပ်အားနဲ့ရင်းပြီး နေထိုင်ရုန်းကန်ကြရရှာတော့တယ်။ အဲဒါတွေကို မြင်ရ ကြားရတိုင်း ကျနော် စိတ်မကောင်း ဖြစ်မိတယ်။ ကျနော်လိုပဲ ဗမာပြည်ကိုလာကြတဲ့ တိုးရစ်တွေလည်း အဲဒီလိုပဲဖြစ်မှာပဲလို့ ကျနော် ပြောရဲတယ်ဗျာ။

သူတို့မျက်စိထဲမှာတော့ ကျနော်တို့ဟာ မိုးကျရွှေကိုယ်တွေပေါ့။ နိုင်ငံခြား ရုပ်ရှင်တွေထဲက အားကျစရာဘဝအပြည့်နဲ့ ဖိုးကံကောင်းတွေပေါ့။ ဒီမိုကရေစီ လွတ်လပ်မှုပြည့်ဝတဲ့စနစ်တွေအောက်က ကယ်တင်ရှင်တွေပေါ့။ အဲဒီလို မြင်ကြမှာပဲ။ သူတို့ပါးစပ်က ဘာမှဖွင့်မပြောပေမယ့် (သူတို့ တခုခုကို ငတ်ငတ်မွတ်မွတ် တောင်းခံနေတယ်) ရယ်လို့ ခံစားရတယ်ဗျာ။

သူတို့ကိုမြင်တိုင်း ကျနော့်ရင်ထဲမျာ အဲဒီလို ဖြစ်တယ်။

(ခင်ဗျားတို့နိုင်ငံကို ကျနော်တို့ကို ခေါ်ထုတ်သွားပေါ့တော့လားဗျာ) လို့ တောင်းဆိုနေကြသလိုမျိုးပဲ။

အခုလို အဲဒီခံစားမှုကြီးကို ရင်မှာပိုက်ပြီး မောင်မောင့်ဆိုက္ကားခေါ်ဆောင်ရာ နောက်ကို လိုက်ပါနေမိတယ်။ သူကတော့ တဝှီးဝှီးနဲ့ နင်းနေလေရဲ့။ မန္တလေးမြို့ရဲ့ ရောက်သင့်တဲ့နေရာတွေအကြောင်း နှုတ်က တတွတ်တွတ် ပြောနေလေရဲ့။ ခဏကြာတော့ မောင်မောင်က လမ်းမကြီးအတိုင်း နင်းနေရာကနေ ဘေးကို ဖဲ့ဆင်းလိုက်တယ်။ ကျနော်လည်း ဘာမှမပြောဘဲ သူခေါ်တဲ့အတိုင်း လိုက်လာမိတာ အခုတော့ စုတ်စုတ်ပြတ်ပြတ် ရပ်ကွက်ထဲ ရောက်သွားတော့တယ်။ ခနော်နီ ခနော်နဲ့ တဲပုတ်တွေ၊ နံဟောင်နေတဲ့ အမှိုက်ဗလပွနဲ့ လမ်းကြိုလမ်းကြားတွေ ပေပေရေရေ လူတွေနဲ့ ဆူဆူညံညံ အသံတွေ။ အို … အားလုံး အနိဋ္ဌာရုံတွေချည့်ပဲ။

စိတ်ထဲမှာ နည်းနည်းတော့ မသင်္ကာသလိုဖြစ်လာတယ်။ သူခေါ်တဲ့နောက် လိုက်လာခဲ့တာ မှားပြီလား?

ကျနော့်စိတ်ထဲမှာ ဘာတွေတွေးနေတယ်ဆိုတာ သိနေတယ်ထင်ပါရဲ့။ မောင်မောင်က (ဆိုက္ကားနင်းမပျက်ဘဲ) ကျောက်စိမ်းသေးသေးတတုံး (a small piece of jade) ကျနော့်ကို လှမ်းပေးတယ်။ ကျနော့်အတွက် လက်ဆောင်ဆိုပဲ။ ဘယ်လိုပါလိမ့်?

သူလို့ဆင်းရဲသား ဆိုက္ကားသမားတယောက်က ကျနော်လို ပိုက်ဆံရှိလို့ ကမ္ဘာပတ်နေတဲ့ တိုးရစ်တယောက်ကိုများ လက်ဆောင်တွေ၊ ဘာတွေ ပေးလို့။

မောင်မောင် ဘာအကွက်တွေ ဆင်နေပြီလဲ?

စောစောက မသင်္ကာတဲ့ စိတ်တွေကလည်း ပိုပြီးများလာတယ်။

နောက်တခု လက်ထဲထည့်လာပြန်တယ်။ ကြည့်လိုက်တော့ ခပ်နွမ်းနွမ်းအဖုံးနဲ့ ဓာတ်ပုံအယ်လ်ဘမ် တခု။ အထဲမှာ အကန့်လိုက်စီထားတဲ့ ဓာတ်ပုံတွေ။ သိပ်အများကြီးတော့ မဟုတ်ပါဘူး။ ဒါပေမယ့် သေသေချာချာ ကဏ္ဍတွေ ဘာတွေခွဲလို့။

“ကျနော့်ရဲ့ဆရာတော် (My Monk)

ကျောင်းအုပ်ဆရာကြီး ((My Headmaster)

မောင်နှမများ (My Brothers & Sisters)” - စသဖြင့်ပေါ့။

အဲဒီဓာတ်ပုံအယ်လ်ဘမ်ကြည့်ပြီး ပြန်တော့ နောက်ထပ်တအုပ် လာပြန်တယ်။

ဒီတခါတော့ သူ့လက်ရေးနဲ့ရေးထားတဲ့ မှတ်စုစာအုပ်ကလေး။ အဲဒီအထဲမှာတော့ သူ့ရဲ့ဆရာတော်ဘုန်းကြီးရဲ့ သွန်သင်ဆုံးမချက်တွေပါတယ်။

“မူးယစ်သောက်စားခြင်းမှ ရှောင်ကြဉ်ပါမည်” “သတ္တဝါ ဝေနေယျအပေါင်းအား မေတ္တာပို့ပါသည်” စတာတွေပေါ့။

အဲဒီလို ဓာတ်ပုံ အယ်လ်ဘမ်ကြည့်လိုက် သူရဲ့မှတ်စုစာအုပ်ကလေးကို ဖတ်လိုက်တာနဲ့ နစ်မျောလာလိုက်တာ။ ကျနော်ရဲ့ စိုးရိမ်စိတ် မသင်္ကာတဲ့စိတ်တွေ လည်း (ကိုယ့်ဖာသာကိုယ်တောင် သတိမထားမိပါဘူး) ကြက်ပျောက် ငှက်ပျောက် ပျောက်ကုန်တယ်။ ဘေးဘီကြည့်လိုက်တော့ … လား လား။ တဲတွေက ပိုပြီးစုတ်ပြတ်ပြီး ပိုညစ်ပတ် လာတယ်။ လူအသွားအလာက ပိုပြီးနည်းလာတယ်။ ရပ်ကွက်ရဲ့အစွန်ဘက်ကို ရောက်လာပြီထင်ပါရဲ့။

မောင်မောင် ခပ်စုတ်စုတ် တဲတလုံးရှေ့မှာ ဆိုက္ကားထိုးရပ်ပြီး ကျနော့်ကို သူ့နောက်လိုက်ခဲ့ပါတဲ့။ ကျနော် ဘယ်လိုလိုက်ရဲမလဲ။ ဘေးဘီမှာကလည်း ချုံတွေ နွယ်တွေ ပိတ်လို့။ မြင်မကောင်းဘူး။ လိုက်ရမလား၊ မလိုက်ဘဲလှည့် ထွက်ရမလား။ ချီတုံ ချတုံဖြစ်နေတာပေါ့။ (တကယ်တော့ သူ့လက်ခုပ်ထဲက ရေဖြစ်နေပါပြီလေ)
မထူးဘူးဆိုပြီး သူ့နောက်က လိုက်သွားလိုက်တယ်။ တဲထဲကိုရောက်တော့ သူအိပ်တဲ့ ကွပ်ပျစ်ပေါ်ထိုင်ခိုင်းတယ်။ ပြီးတော့ ကွပ်ပျစ်အောက်မှာ သူ ကျကျနန သိမ်းထားတာတွေကို တခုချင်းထုတ်ပြီး ပြတော့တယ်။

ပထမဆုံးပြတာက Life in Modern America (ခေတ်သစ်အမေရိကန်ဘဝ) အမည်ရတဲ့ လူမှုရေးဘာသာရပ် ပြဋ္ဌာန်းစာအုပ် (a sociology textbook) ကလေး။ နောက်တအုပ်က မြန်မာ-အင်္ဂလိပ် အဘိဓာန် အဟောင်းကလေး။ အဲဒီ Dictionary ထဲက ကူးယူထားတာတွေတောင် ပြလိုက်သေးတယ်။ ‘If you do this, you may end up in jail. (မင်း အဲဒါ လုပ်ရင် ထောင်ချခံရလိမ့်မယ်)’။ ‘My heart is lacerated by what you said’ (မင်းစကားတွေကြောင့် ကိုယ့်အသည်းနှလုံး ကွဲကြေပါပြီ) ဆိုတာမျိုးတွေပေါ့။

နောက်တခါ အယ်လ်ဘမ်တခု ထုတ်လာပြန်တယ်။ အဲဒီထဲမှာတော့ နိုင်ငံခြားသားပုံတွေ တော်တော်ပါတယ်။ သူနဲ့တွေ့ခဲ့တဲ့ tourists ပုံတွေပေါ့။ သူနဲ့တွဲရက်ပုံတွေပေါ့။ ပုံတွေသာမက ပေးစာတွေကိုလဲ အဲဒီစာအုပ်ထဲမှာ သေသေချာချာ သိမ်းထားတာ တွေ့ရတယ်။ နေရာအနှံ့ကပါပဲ။ အမေရိကန်ပြည် ကယ်လီဖိုးနီးယား၊ ပြင်သစ်ပြည်၊ သြစတေးလျနိုင်ငံ အစုံပါပဲ။

(မောင်မောင်လိုလူမျိုး၊ မောင်မောင်လိုဘဝ အခြေမျိုးတွေကို ဖန်တရာတေအောင် ကျနော် ဆုံဖူး၊ တွေ့ဖူးလှပြီ။ တိဗက်မှာ၊ ကိုလံဘီယာနိုင်ငံမှာ၊ အီဂျစ်မှာ။ တကမ္ဘာလုံး ဆိုပါစို့။ ဒီကမ္ဘာကြီးရဲ့ ရာနှုန်းအများစုကို ကိုယ်စားပြုတဲ့ မောင်မောင်လိုလူမျိုးတွေကိုလည်း ဘယ်နှယောက်တွေ့ခဲ့မှန်း ရေတောင်ရေလို့ မရဘူး။ အဲသလောက်ကို များတာ။ ဒါပေမယ့် ဒီဗမာပြည်က မောင်မောင်လို လူမျိုးနဲ့တော့ ဒါ ပထမဦးဆုံးအကြိမ်ပါပဲ။ ရှားရှားပါးပါး အဖြစ်အပျက်တခု ဆိုပါတော့)

အဲဒီကွပ်ပျစ်အောက်မှာ သိမ်းထားတာတွေထဲက My Life (ကျနော့်ဘဝ) ဆိုတဲ့ သူ့ဘဝအကြောင်းရေးထားတာကို ကျနော့်ကိုပေးဖတ်တယ်။ အတိုချုပ်ကတော့ …

‘သူ့ရဲ့ဇာတိက ရှမ်းပြည်နယ်က ရွာကလေးတရွာက။ ဆင်းဆင်းရဲရဲ ကြီးပြင်းခဲ့ရတာ။ မိဘတွေက စာမတတ် ပေမတတ် တောင်သူတွေ။ သားဖြစ်တဲ့ မောင်မောင်က မန္တလေးမြို့ကြီးကိုတက်ပြီး ရရာအလုပ်လုပ်မယ်ဆိုပြီး အရဲစွန့်ထွက်လာတော့ မိဘတွေမှ စိတ်လက်မသက်မသာနဲ့ ခွင့်ပြုရရှာတာ။ မန္တလေးရောက်တော့လည်း ဘုန်းကြီးကျောင်းမှာ ခိုကပ်နေပြီး အလုပ်ရတော့လည်း အလုပ်ကြမ်းတွေပေါ့။ မြေတူး မြေသယ်ရတယ်။ အဝတ် အငှားလျှော်ရတယ်။ နောက်တော့မှ အခုလို ဆိုက္ကားကလေး နေ့စားနဲ့ နင်းရရှာတာ။ ဆိုက္ကားပေါ်မှာပဲ အိပ်၊ ဆိုက္ကားပေါ်မှာပဲ စား၊ ဆိုက္ကားဂိတ်ကပဲ သူ့ရဲ့ကမ္ဘာ။ သူ့မိဘတွေက အဲဒါတွေကြားတော့ ဒီကောင့်ဘဝတော့ လုံးလုံးကို အဖတ်ဆယ်မရတော့ဘူး၊ သွားပြီးပေါ့။ မိန်းမရရင်တောင် ဆိုက္ကားဂိတ်နားက ခပ်ပျက်ပျက်ထဲကဟာနဲ့ ရမှာပဲလို့ ပူကြတာပေါ့။’ … … စသဖြင့်ပေါ့လေ။

သူက My Life အကြောင်းကို သူ့ရဲ့မျှော်မှန်းချက်ကလေးနဲ့ နိဂုံးသတ်ပေးထား ပြန်တယ်။ ‘ဥရောပဝတ်စုံ အပြည့်အစုံ၊ နက်တိုင်တွေ ဘာတွေနဲ့ စတိုင်ကျကျဝတ်ပြီး သင်္ချာဘာသာမှာ နောက်ထပ်ဘွဲ့တွေ ထပ်ယူတဲ့ ဘွဲ့နှင်းသဘင် ပွဲမျိုးကို သူ့မိဘတွေကို ပြချင်လိုက်တာ’ တဲ့။ အဲဒါ သူ့ရဲ့မျှော်မှန်းချက် တဲ့။

(ဗမာပြည်မှာ သူလိုပညာတတ်တွေ သူလို မျှော်မှန်းချက်ကြီးမားသူတွေ အများကြီး။ ဒါပေမယ့် ဘာလမ်းစမှ မရှိရှာကြဘူး။ အစိုးရက တပြည်လုံးကို လက်နက်နဲ့ အကြောက်တရားနဲ့မိုးပြီး အမှောင်ထုထဲမှာ ပစ်ထားလေတော့ သူတို့ဟာ ဘာကိုမှ မျှော်လင့်ချက်မထားနိုင်ကြတော့ဘူး။ သူတို့အဖို့ အိပ်မက်ထဲမှာပဲ မက်ကြရတော့တယ်)

ကျနော့်လိပ်စာနဲ့ ဓာတ်ပုံကို သူ့ရဲ့စာအုပ်ထဲမှာ ထည့်ထားရအောင် ပေးလိုက်တော့တယ်။ အားတက်သရော စိတ်ပါလက်ပါပဲ။

+++++

ကျနော် အမေရိက ကယ်လီဖိုးနီးယား ကို ပြန်ရောက်တော့ မောင်မောင့်ဆီက စာတွေ မကြာ မကြာရတယ်။ (ကျနော့်မှာကလည်း မောင်မောင်လိုလူမျိုးတွေ ကလည်း အများသားလား။ ဂျာနယ်လစ်တယောက်အနေနဲ့ တကမ္ဘာလုံးကို ရောက်တော့ တရုတ်ပြည်၊ ဖိလစ်ပိုင်၊ နီပေါ စတဲ့ နိုင်ငံတွေက မောင်မောင်လို လူမျိုးတွေနဲ့ အများကြီးတွေ့ခဲ့ရတာကိုး။ ကျနော်ကလည် ရေး၊ သူတို့ကလည်း ရေး။ ကျနော့်စာတိုက်ပုံးမှာဆိုရင် တနေ့တနေ့ သူတို့စာတွေနဲ့ ချည့်ပဲ ပြည့်နေတော့တာပဲ) မောင်မောင့်စာကတော့ ‘အဝေးကပင် မြင်နိုင်ပါသည်’ ဆိုသလို သိသာလှတယ်။ စာအိပ်အပြာရောင် နွမ်းနွမ်းပေါ်မှာ တွန့်တွန့်ကောက်ကောက် လက်ရေးနဲ့ရေးထားတာ။

မှ/
မောင်မောင်
ဆိုက္ကားဂိတ်
မန္တလေးမြို့
မြန်မာပြည် … တဲ့။

(Maung Maung, Trishaw Stand, Mandalay, Burma)

တချို့စာတွေက သူနဲ့တွေခဲ့တဲ့ တိုးရစ်တွေကတဆင့် ယိုးဒယားကနေ ထည့်တာလည်းပါတယ်။ ဗမာပြည်က တိုက်ရိုက်ထည့်တာတွေလည်း ပါတယ်။ တံဆိပ်ခေါင်းဖိုးလည်း မနည်းကုန်မှာပဲ။ သူ တနေ့ ဆိုက္ကားနင်းခလောက် ရှိတယ်။ သူ့စာမှာ ရေးထားတာတွေကတော့ လောလောဆယ်မှာတော့ အဲဒီဘူတာကြီး ဆိုက္ကားဂိတ်မှာပဲ ဂိတ်ထိုးနေသေးတဲ့ အကြောင်း။ ဗမာပြည်ကြီးရဲ့ အခြေအနေဟာ တနေ့တခြား ပိုဆိုးလာနေတဲ့အကြောင်း။ သူ့ရဲ့စားဝတ်နေရေးဟာလည်း တဖြည်းဖြည်း ကြပ်တည်းလာနေတဲ့အကြောင်း။ တပြားမှပိုက်ဆံမရတဲ့နေ့တွေ တောင်ရှိကြောင်း။ ဒါပေမယ့် အားမလျော့ဘဲ မိဘကို တနေ့မှာ ပြန်လည်လုပ်ကျွေးနိုင်မယ်လို့ အားခဲထားကြောင်း။ ဘဝမှာ အောင်မြင်မှု ပန်းတိုင်ကိုလှမ်းကိုင်နိုင်မယ်လို့ ရည်မှန်းဆုတောင်းပါ ကြောင်း။ (ဆုတောင်းတယ်ဆိုပေမယ့်လည်း မဖြစ်နိုင်တာတွေကို ဆုတောင်းထဲ မထည့်ပါကြောင်း) … စတာတွေ ပါလာပါတယ်။ အဲသလို စာတွေရေးနေပေမယ့် ကျနော့်ဆီက ပိုက်ဆံတောင်းတာတို့၊ လက်ဆောင်ပစ္စည်း တောင်းတာတို့၊ ထောက်ခံစာတောင်းတာတို့ ဘယ်တော့မှ မလုပ်ဘူး။ သူတောင်းဆိုတာ တခုပဲရှိတယ်။ အဲဒါက ဘာလဲဆိုတော့ …

‘သူ့ဆီစာရေးရင် နိုင်ငံရေးအကြောင်း လုံးလုံး ထည့်မရေးပါနဲ့’ တဲ့။

ဒီတခုပဲ သူ တောင်းဆိုတယ်။ ကျနော်ကလည်း သူတောင်းဆိုတဲ့အတိုင်းပါပဲ။ ထည့်မရေးပါဘူး။ သတိထားရတာပေါ့။

နောက်တော့ သူ့ဆီက စာလာတာတွေ ရပ်သွားတယ်။ ဒီလောက် ၂ ယောက်စလုံး သတိထားနေတဲ့ကြားက ဘာများဖြစ်လို့ ပါလိမ့်ဆိုပြီး နည်းနည်းတော့ စိတ်ပူသွားတာပေါ့။ (ဗမာပြည်အစိုးရက စာတွေ ဖောက်ဖတ်တယ်။ မထင်ရင် မထင်သလို စစ်လား ဆေးလားတွေ လုပ်တတ်တယ်ဆိုတာကို သိထားတော့လေ၊ ကိုယ့်လူထုကိုကြောက်ပြီး အတင်းနှိပ်စက်နေတဲ့ အစိုးရ။ ဘာ စေတနာ၊ ဘာအရည်အချင်းမှမရှိဘဲ လက်နက်အားကိုးပြီး အုပ်စိုးတဲ့နေတဲ့ အစိုးရ။ ၉ ဂဏန်းက ကံကောင်းတဲ့ဂဏန်း (Lucky Number) ဆိုပြီး ရှိသမျှ ငွေစက္ကူတွေကို မတရားဖျက်သိမ်းပစ်တဲ့ ခပ်ကြောင်ကြောင် အစိုးရ) အဲဒီလို အစိုးရမျိုးဆိုတော့ ပိုပြီးစိတ်ပူမိတာပေါ့။

ဗမာပြည်ထဲပြန်ဝင်မယ်ဆိုပြီး စီစဉ်လိုက်တယ်။ မောင်မောင့်ကိုတွေ့ချင်တာ ကလည်း တကြောင်းပါတာပေါ့လေ။ အဲဒီတုန်းက ဂျပန်မှာရောက် နေတော့ ဗမာသံရုံးသွားပြီး တိုးရစ်ဗီဇာလျှောက်လိုက်တာ လွယ်လွယ်ပဲ ရခဲ့တယ်။ ကံဆိုးချင်တော့ ဗီဇာထုတ်ပြီးလို့ နောက်တရက်မှာပဲ ဗမာသံရုံးက ဖုန်းဝင်လာတယ်။ ကျနော်ရဲ့ထုတ်ပေးပြီးသား ဗီဇာကို ရုတ်သိမ်းလိုက်တယ် တဲ့။ Time မဂ္ဂဇင်းမှာပါတဲ့ ကျနော့်ဓာတ်ပုံတွေကိုတွေ့သွားပြီး ကျနော် ဂျာနယ်လစ်မှန်း သိသွားကြတယ်လေ။ ဘယ်လိုမှ မတတ်နိုင်ဘူး။ အတင်းသွားရင် ဗမာပြည်ရောက်တာနဲ့ လေဆိပ်မှာ တခါတည်းဖမ်းမယ်ဆိုတာမျိုး အထိ ပြောလာပြီ။ အဲဒါနဲ့ပဲ ကျနော် လက်လျော့လိုက်ရတယ်။ ဗမာပြည်ထဲ ပြန်မဝင်ဖြစ်တော့ဘူး။

အဲဒီလမှာပဲ (1988 August) ဗမာပြည်မှာ အရေးအခင်းဖြစ်ပါလေရော။ တတိုင်းပြည်လုံး ဆူပူမှုတွေ၊ အစိုးရက ရက်ရက် စက်စက် ပစ်သတ်တာတွေ ဖြစ်ကုန်ပါလေရော။ ကျနော်လို ဂျနယ်လစ်တယောက်အဖို့တော့ ပွဲကြီးပွဲကောင်း လွတ်သွားတာပေါ့ဗျာ။

+++++

မြောက်ကိုရီးယားမှာ
အီသီယိုးပီးယားမှာ
လာအိုမှာ
ဟေတီမှာ ဒီလိုအဖြစ်အပျက်တွေက ရိုးနေပါပြီ။ ကျနော်တို့က ဘယ်လောက် ရေးရေး၊ ဘယ်လောက်အော်အော် အဲဒီနိုင်ငံတွေက အစိုးရရဲ့ သဘောထားတွေက လွယ်လွယ်နဲ့ ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။ အဲဒါကို ကျနော် နားလည်ပါတယ်။

(ဗမာပြည်လို နိုင်ငံမျိုးက ပိုတောင်ဆိုးပါသေးတယ်။ အင်အားကြီးနိုင်ငံတွေရဲ့ မဟာဗျူဟာ စီမံကိန်းတွေ၊ နိုင်ငံရေး အဖြေရှာနည်းတွေထဲမှာ သိတ်အရေးမပါ လှလေတော့ ဗမာပြည်သူတွေရဲ့ ငိုကြွေးတောင်းဆိုသံတွေကို ကမ္ဘာကြီးက မကြားရကြဘူး)

ဒီနေရာမှာ စဉ်းစားစရာတခုကို ရေးပြရဦးမယ်။ ကျနော့်ရဲ့ မိတ်ဆွေတချို့က စိတ်ဝင်တစား မေးကြတယ်။

“ဒီလောက်ဖိနှိပ်ထားတဲ့ ဗမာပြည်ကို ခင်ဗျားတို့ သွား သွားနေတော့ ခင်ဗျားတို့ရဲ့ ပိုက်ဆံတွေကို အဲဒီဗိုလ်ချုပ်တွေကို သွားပေးနေတာနဲ့ မတူဘူးလား။ ခင်ဗျားတို့ သွားလေ၊ စစ်ဗိုလ်တွေက သူတို့ကိုယ်သူတို့ သိတ်ဟုတ်လှပြီလို့ ထင်လေ ဖြစ်မနေဘူးလား” တဲ့။ အဲဒီလို အမေးခံရတိုင်းလည်း ကျေနပ်လောက်တဲ့အဖြေကို ကျနော်မပေးတတ်ဘူး၊ အမြဲတမ်း တုံ့တုံ့ဆိုင်းဆိုင်း ဖြစ်သွားတာပဲ။

ဒါပေမယ့် ဗမာပြည်က မောင်မောင်နဲ့ (ဗမာပြည်သူလူထုကြီးကို) မျက်စေ့ထဲ မြင်လာမိတဲ့ခဏမှာတော့ ကျနော်မှာ အဖြေထွက်လာတော့တာပဲ။ အဲဒီအဖြေကတော့ …

“မောင်မောင်တို့လို လူမျိုးတွေကို မေးကြည့်စမ်းပါဗျာ။ သူတို့က ကျနော်တို့ လာတာကို ကြိုက်မှာပါ။ ကြိုဆိုမှာပါ။ ဘာကြောင့်လဲ သိသလား? ကျနော်တို့ ပြင်ပနိုင်ငံက ဂျာနယ်လစ်တွေမရှိရင် သူတို့ရဲ့အသံကို ကမ္ဘာက ဘယ်ကြားရပါ့မလဲ။ အမှောင်ကမ္ဘာထဲမှာပဲ ပျောက်ကွယ်သွားကြတော့မပေါ့” (ကဲ ! ဒါ ကျနော့်ရဲ့အဖြေပါပဲ)

+++++

နှစ်တွေ တနှစ်ပြီးတနှစ် ကုန်သွားတယ်။ မောင်မောင့်ဆီက ဘာစာမှမရတော့ဘူး။ ကျနော်လည်း တကမ္ဘာလုံးက (ယီမင်၊ ကျူးဘား၊ ဘိုလီးဗီးယား) တွေ့ခဲ့တဲ့ မောင်မောင်လိုလူမျိုးတွေအကြောင်းပဲ ခေါင်းထဲမှာ တဝဲလယ်လယ် တွေးနေမိ၊ သတိရနေမိတယ်။ မောင်မောင့်အကြောင်းကို စာအုပ်တအုပ်ထဲမှာ တခုတ်တရ ထည့်ရေးလိုက်မိသေးတယ်။ တခါတလေ မန္တလေးကိုသွားမယ့် မိတ်ဆွေ သူငယ်ချင်းတွေတွေ့ရင် မောင်မောင့်အကြောင်း စုံစမ်းခဲ့စမ်းပါဗျာ လို့ တကူးတက မှာမိသေးတယ်။ မျှော်လင့်ချက်က မရှိပါဘူး။ 1988 ရှစ်လေးလုံးအရေးအခင်း ပြီးကတည်းက အစအနမြုပ်သွားတော့တာပဲ။ ဘာသံမှ မကြားရတော့ဘူး။

အဲဒီလိုနဲ့ ၁၄ နှစ်တောင် ကြာခဲ့ပြီးမှ တစွန်းတစ ပြန်ကြားရတော့တယ်။ ဘယ်လိုလဲဆိုတော့ တနေ့မှာ လန်ဒန်က စာတစောင် ရောက်လာတယ်။ အဲဒီစာရေးတဲ့သူက ကျနော့်ရေးတဲ့စာအုပ်ကိုဖတ်မိပြီး မောင်မောင့်အကြောင်းကို သိနေတဲ့သူ။ သူနဲ့မန္တလေးမှာ တွေ့ခဲ့သတဲ့။ မောင်မောင်က ကျနော့်အတွက် စာတစောင် လူကြုံပါးလိုက်ပါတယ် တဲ့။ (ရေးသာရေးတာပါ၊ အဲဒီ လူကြုံပါး လိုက်တယ်ဆိုတဲ့စာလည်း ကျနော့်ဆီ ရောက်မလာပါဘူး)

ဒါပေမယ့် နောက် တလ ၂ လလောက်ကြာတော့ ကနေဒါနိုင်ငံ Montreal က တဆင့် မောင်မောင်စာ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာတော့တယ်။

ကျနော်မှတ်မိတဲ့ သူ့လက်ရေးကလေးတွေနဲ့။ Dear Pico Lyer လို့ အစချီပြီး ရေးထားလိုက်တာ စုံနေတာပါပဲ။

အကျဉ်းချုပ်ပြီး ရေးပြရဦးမယ်။ ဖတ်ကြည့်ပါဦး။

Dear Pico Iyer,

ခင်ဗျားနဲ့တွေ့ပြီး သိပ်မကြာပါဘူး။ အမေရိကန် တက်ဆပ် (Texas) က တိုးရစ်တွေနဲ့ တွေ့သေးတယ်။ ပင်စင် ယူပြီးကာစ အသက်ကြီးကြီး စုံတွဲပေါ့။ ကျနော့် အယ်လ်ဘမ်တွေ၊ မှတ်တမ်းစာအုပ်တွေကိုကြည့်ပြီး ကျနော့်ဘဝကို သိသွားကြတော့ စိတ်မကောင်းကြလိုနဲ့ တူပါရဲ့။ ချက်ခြင်းပဲ ကျနော့်ကို ဒေါ်လာ ၂၀၀ ထုတ်ပေးတယ်ဗျ။ ကျနော်ကိုယ်ပိုင် ဆိုက္ကားလေး ဝယ်ချင်နေတာ ခင်ဗျားလည်း သိပါတယ်လေ။ ကျနော် ကံကောင်းတာပေါ့ဗျာ။ တခါတည်း အိမ်ကို ကဆုန်ပေါက်ပြေးပြီး မိန်းမကို အားပါးတရ ပြောလိုက်တာပေါ့ “တို့လင်မယားတော့ ကိုယ်ပိုင်ဆိုက္ကားဝယ်နိုင်ပြီ၊ သူတော်ကောင်း နတ်ကောင်းတွေ မ,တာပဲ” ဆိုပြီးတော့ပေါ့။ (အခု ကျနော့်မှာ ကလေးက ၅ ယောက်တောင် ရှိနေပြီလေ)

… နောက်တခါ အီတလီက တိုးရစ်တယောက်နဲ့ ထပ်တွေ့သေးတယ်။ ထုံးစံအတိုင်း သူ့ကိုလည်း ကျနော့် ဓာတ်ပုံတွေနဲ့ မှတ်တမ်းစာအုပ်ပြလိုက်တော့ ကျနော့်ကို သနားသွားတယ်။ ဖြစ်ချင်တော့ အဲဒီအီတာလျံကောင် ကို ကျနော့်ရင်ထဲမှာ ရှိတာလေးကို သွားပြောမိတယ်လေ။ တခြားမဟုတ်ပါဘူး။ ကင်မရာလေးတလုံးဝယ်ပြီး ဓာတ်ပုံဆရာလုပ်ချင်နေတဲ့ အကြောင်းပေါ့။ သူက ကျနော့်ကို ကူညီမယ်တဲ့။ သူ့ ကင်မရာကို ကျနော့်ကို ပေးခဲ့မတဲ့။ အဲဒီအတွက် ကျနော်က သူ့အတွက် ရှေးခေတ်သုံး ပိုက်ဆံအကြွေ၊ ဒင်္ဂါးအဟောင်း (Old Coins) တွေ ပေးရမယ်တဲ့။ ဘာပြောကောင်းမလဲ မန္တလေးတခွင် ပြဲပြဲစင် သူလိုချင်တာတွေမျိုးတွေ အကုန်လိုက်ရှာပြီး ဝယ်ပစ်တာပဲ။ အိမ်မှာရှိသမျှ ပိုက်ဆံအကုန် ပြောင်ရောဆိုပါတော့။ ပြီးတော့ရသလောက်စုပြီး သူ့ကို ပေးလိုက်တယ်။ သူ့ကင်မရာကိုတော့ လေယဉ်ပေါ်မတက်ခင် ကျနော့်ကို ပေးခဲ့မယ်တဲ့လေ။ ဒါကြောင့် ကျနော် မန္တလေးကနေ ရန်ကုန်ကို တကူးတက ဆင်းသွားရတယ်။ သူနဲ့ချိန်းထားတဲ့ နေရာမှာ စောင့်ရတယ်။ ဒါပေမယ့် အဲဒီကောင် ပေါ်မလာတော့ဘူးဗျာ၊ လစ်သွားပြီ။ ကျနော့်ကို မ,သွားပြီလေ။ (အဲဒါတွေက လွန်ခဲ့တဲ့ ၁၂ နှစ်လောက်က ဖြစ်ခဲ့တာတွေပါ) … အခုတော့ ဘူတာကြီးမှာပဲ ဆိုက္ကား ပြန်နင်းနေရတယ်။

ကိုယ်ပိုင်မဟုတ်တော့ဘူး။ အငှားပဲပေါ့။ အသက်ကကြီးလာတော့လည်း အရင်လောက် အပင်ပန်းမခံနိုင်တော့ဘူး။ သင်္ချာဘွဲ့လွန်တွေတက်ဖို့၊ သင်္ချာဆရာ ဖြစ်ဖို့ဆိုတာတွေလည်း ‘လေမှာပျောက်ကွယ်’ ဖြစ်ကုန်ပါပြီ။ ခင်ဗျား မန္တလေး ရောက်လာခဲ့ဦးမယ်ဆိုရင်တော့ (ကံမကုန်ရင်ပေါ့လေ) ပြန်ဆုံဖြစ်ကြမှာပေါ့ …။

သူ့စာလေးက အဲဒီလို အဆုံးသတ်ထားပါတော့တယ်။

+++++

သူကတော့ ကျနော့်ကို ဘူတာကြီးက မျှော်နေရှာမှာပါပဲ။

အဲဒါကို ကျနော်သိပါတယ်။

‘ဗမာအစိုးရရဲ့ ရန်သူစာရင်း (Black List) ထဲမှာ ကျနော်ပါနေပြီ’ ‘ကျနော့်ကို Visa မပေးတော့ဘူး’ ဆိုတာကို သူ့ကို ကျနော် ဘယ်လိုပြောရက်မလဲဗျာ။ (ဗမာပြည်က ပြန်လာတဲ့ မိတ်ဆွေတယောက်က ပြောတယ်။ ရန်ကုန် လေဆိပ်မှာ ကျနော့်ဓာတ်ပုံ ကပ်ထားတာကို တွေ့ခဲ့တယ် တဲ့။ ဝင်လာရင်ဖမ်းဖို့လေ) အဲဒါကိုလည်း သူ့ကို ကျနော် မပြောရက်ပါဘူး။

အင်း အခုဆိုရင် ဘာလိုလိုနဲ့ ၂၅ နှစ်လောက်တောင် ရှိတော့မလားပဲ။

ကျနော်တကမ္ဘာလုံးအနှံ့သွားလာတုန်းမှာ မောင်မောင်လို ဘဝတူ အဖြစ်တူ တွေကိုတွေ့ရင် အဲဒီဗမာပြည်က မောင်မောင်ကို အထူးပဲ သတိတရ ဖြစ်မိပါတယ်။ ကျနော့်ဆီကိုလာတဲ့ တကမ္ဘာလုံးက စာတွေကို ဖတ်မယ်၊ စာပြန်ရေးမယ်။ အခု ကျနော်နေတဲ့ ဂျပန်မြို့ငယ်ကလေးတခုက အေးဆေး ငြိမ်သက်တဲ့ လမ်းသွယ်လေးမှာ လမ်းလျှောက်ရင် စာတိုက်ကနေ စာတွေထည့်မယ်။ တခါတလေ သူတို့ရဲ့တိုင်းပြည်အကြောင်းထွက်တဲ့ စာအုပ်တွေ တအုပ်စ နှစ်အုပ်စ ဝယ်မယ်၊ ပြီးတော့ အခုလို ဆောင်းပါးကလေးတွေ ရေးမယ်။ အဲဒီလိုနဲ့ပဲ ကျေနပ်နှစ်သိမ့်နေရတော့တယ်။ ကျနော်တို့သာ သူတို့အကြောင်းကို မရေးခဲ့ရင် အဲဒီရုန်းကန်နေကြရတဲ့ သူတို့ရဲ့ဘဝတွေ အားမာန်တွေဟာ အလဟဿဖြစ်ကုန်ကြတော့မှာပေါ့။ ကျနော်တို့ကတဆင့် သူတို့ရဲ့ ရင်ဖွင့်သံတွေ ကို ကမ္ဘာကြီးက ကျယ်ကျယ်လောင်လောင် ကြားနိုင်တာ မဟုတ်လား။

အာဏာရှင်ရဲ့ ဖိနှိပ်မှု၊ မတရားမှုအောက်မှာ ရုန်းကန်ရင်း မောင်မောင်ကတော့ မန္တလေးဘူတာကြီး ဆိုက္ကားဂိတ် ကနေ ကျနော့်ကို စောင့်မြဲစောင့်နေဦးမယ်လို့ ယုံကြည်ပါတယ်ဗျာ။ ကျနော်ဟာ သူနဲ့သူ့လိုဘဝတူတွေအတွက် မျှော်လင့်ချက်လား ?

တရားမျှတမှု ဒီမိုကရေစီလား ?

လူ့အခွင့်အရေးလား ?

ဘာပဲဖြစ်ဖြစ် စောင့်မြဲစောင့်နေစမ်းပါဗျာ။


မိုးခို



မူရင်းစာရေးဆရာ Pico Iyer သည်ထင်ရှားသော စာရေးဆရာဖြစ်သည်။ လွတ်လပ်စွာ ရေးသားထုတ်ဝေရေးအတွက် တကမ္ဘာလုံးအတိုင်းအတာအရ လှုပ်ရှားဆောင်ရွက်ရေးသားနေသူဖြစ်သည်။ www.PEN.ORG တွင် အပြည့်အစုံ ကြည့်ရှုနိုင်သည်။ Burn This Book စာအုပ်ကိုမူ စာပေနိုဗယ်ဆုရှင် Toni Morrison က စုစည်းတင်ဆက်ပြီး 2009 May တွင် ထုတ်ဝေခဲ့သည်။

သရုပ်ဖော် - အောင်ထက်

1 comment:

kay said...

လွန်ခဲ့တဲ့.. လေး ငါး ခြောက် နှစ်လောက်က.. Reader Digest အဟောင်း တအုပ် ထဲမှာ.. မြန်မာပြည်က..ဘွဲ့ရ ဆိုက်ကားဆရာ တယောက် အကြောင်း ရေး တာ.. မိတ်ဆွေ တယောက် ပြ လို့.. ဖတ်ဘူး လိုက်တယ်။ နောက်ပိုင်း..ပြန်ရှာ တဲ့ အခါ.. စာအုပ်ကလည်း အဟောင်း ဆိုတော့..ဘယ်လို ပြန်ရှာ ရမှန်း ကို မသိခဲ့ဘူး။

ဒီစာ ထဲမှာ..စာရေးသူ ဂျာလစ် က.. တနေရာ မှာ ရေးခဲ့ဘူးသေးတယ် ဆိုတော့.. နောက်..၈၈ မတိုင်ခင် တည်းက..ဆိုတော့.. ဒီ ဇာတ်လမ်းလေးပဲ ဖြစ်မယ် ထင်...။

သဘာဝ ကျကျ .. အဖြစ်အပျက်လေး တခု ။