ဒီနေ့ မိုးလင်းကတော့ ကမ်းခြေဟာ ရိုးရိုးမြင်ကွင်း ကမ်းခြေမဟုတ်တော့ပါ။ တောင်အမြင့်ကြီးများကို လှမ်းမြင်နေရပါသည်။ တနင်္သာရီတောင်တန်းလို့ပဲ သတ်မှတ်ရပါသည်။ ညနေစောင်တော့ မနက်က ထွက်လာသည့် တံငါလှေများ ကမ်းခြေသို့ ပြန်ဝင်သွားကြပါသည်။ လှေများ ပြန်ဝင်သွားသည့်နေရာကတော့ တံငါဆိပ်တခုခုပဲလို့ စိတ်ထဲက ထင်သည်။
တတိယည ကမ်းခြေကိုလှမ်းမြင်ရပြီးနောက် နောက်တနေ့ ရောက်လာပြန်ပါပြီ။ ဒီနေ့မနက်တွင် ကမ်းခြေမှ လှေများ ပိုထွက်လာသည်ကို သတိထားမိသည်။ ကျနော်တို့လှေဘေးက ဖြတ်သွားသည့် တံငါလှေများကလည်း စပ်စပ်စုစု မလုပ်ကြပါ။ သူ့ခရီးသူ သွားနေကြပါသည်။
ကမ်းခြေကို တဖြည်းဖြည်း နီးလာပါသည်။ ညနေစောင်းလောက်တွင် ကမ်းခြေ ကပ်နိုင်ဖို့ သေချာသလောက်ရှိနေပါပြီ။ စိမ်းပြာပြာ ပင်လယ်ရေကြည်မှ ရေနည်းနည်းနောက်လာသည့်အပိုင်းကို မြင်နေရပြီ။
ကမ်းခြေကိုလည်း ထင်ထင်ရှားရှား မြင်နေရသည်။ ကမ်းခြေနှင့် ကိုက် ၅၀၀ ခန့်သာဝေးတော့မည် ထင်ပါသည်။ ရေစီးမှာ အလွန်သန်လှပါသည်။
ရေကျပိုင်းဖြစ်ပြီး ကျနော်တို့လှေကို ရေစီးက တအားဆွဲနေပါသည်။ ဦးအောင်ငွေနှင့် ကျနော်တို့ ၂ ယောက် အားစိုက်ပြီး ရေစီးကြောင်းမှ လွတ်ထွက်သွားအောင် လှော်ခတ်နေသည်။ ဖထီးမန်းက ပဲ့ကိုင်နေသည်။ ကျနော်တို့လှေအနီးအနားတွင် ကျောက်ဆောင် ကျောက်ငုတ်ရှိသည့်အတွက် ရေစီးအားပြင်းလှသည်။
ကျနော်တို့ ၂ ယောက် တအားရုန်းပြီး ခပ်ထွက်သည့်အတွက် ရေစီးကြမ်းသည့် နေရာကို လွန်လာပါသည်။ ပုံမှန်ရေစီးအားပျော့သည့်နေရာကို ရောက်လာပါသည်။ ဤရေစီးအား အလွန်သန်ပြီး ကျောက်စွန်း ကျောက်ငုတ်များ ပြည့်နှက်နေသောနေရာမှာ မည်သည့်သင်္ဘောမှ မသွားပါ။ အန္တရာယ်များသည့် နေရာဖြစ်ပါသည်။
နောင်သောအခါတွင် ပြန်သိရသည်မှာ လွန်ခဲ့သည့်နှစ်ကပင် မော်တော်လေးတစင်း ဤအနားမှဖြတ်သန်း၍ ကျောက်စွန်း ကျောက်ငုတ်နှင့်တိုက်မိပြီး မော်တော် မှောက်သွားသည့်အတွက် ခရီးသည် အသေအပျောက် ရှိခဲ့ပါသည်။
ကျနော်တို့မှာ မျက်စေ့ကန်း တစ္ဆေမကြောက်သူများပမာ ဤရေစီးပြင်းလှသော နေရာသို့ လှေကို ရေစီးကဆွဲသွားသော်လည်း ဘာမှမကြောက်ပါ။ ရေစီးမှ လှေလွတ်ထွက်သွားရန်သာ အားစိုက်လှော်ခတ်ခဲ့သည်။
ကမ်းခြေသို့ရောက်ပါတော့မည်။ ကိုက် ၃၀၀ ခန့်သာ ဝေးမည်ထင်ပါသည်။ စက်သံကဲ့သို့ အသံတခု မှန်မှန်ကြားနေရသည်။ “ဂျုတ်-ဂျုပ်-ဂျုတ်-ဂျုပ်” ဒီဇယ် အင်ဂျင်အသံကဲ့သို့ ထင်သည်။ ဤအနီးအနားတွင် ဆန်စက်ရှိသလား၊ ရွာရှိသလား စဉ်းစားမိသည်။ လှေဦးသည် ကမ်းခြေသို့ မှန်မှန်ခတ်ပြီးသွားနေပါသည်။
ကမ်းခြေမှာ လကွေးသဏ္ဍာန် သဲသောင်ကမ်းခြေ ဖြစ်သည်။ ကိုကိုးကျွန်းက လိပ်သောင်ကိုပင် သတိရလိုက်သေးသည်။ ဒါပေမယ့် ယခုမြင်ရသည့် သဲသောင်အရောင်က ဝါကျင့်ကျင့်၊ ကိုကိုးကျွန်းက သဲသောင်က ဖြူဖွေးဖွေးမျိုး ဖြစ်သည်။ ကိုကိုကျွန်းတွင်ရှိစဉ်က ကျနော်တို့လူငယ်အချင်းချင်း “သဲဖြူခင်း ရာဇမတ်ကာတဲ့သဲမျိုးဟာ ဒီလိုသဲမျိုးကို ပြောတာပေါ့”ဟု ပြောလေ့ရှိပါသည်။
ကမ်းခြေသို့ရောက်ပါတော့မည်။ ကိုက် တရာ၊ ကိုက် ၅၀၊ ကိုက် အစိတ်၊ ၁၅ ကိုက်၊ ကျနော် ဝါးလုံးကို ထောက်ကြည့်ရာ ရေအနက်မှာ ၆ တောင်၊ ၇ တောင်ခန့် ရှိပါသည်။ ကျနော် ထိုးဝါးနှင့် ကမ်းခြေကို မှန်မှန် ထိုးသွားနေပါသည်။ ဤတွင် မကြီးမငယ် လှိုင်းလုံးတလုံးက လှေကိုအရှိန်နှင့်ရိုက်ပြီး ကမ်းခြေသို့ တွန်းပို့လိုက်ပါသည်။
လှေသည် လှိုင်းဆောင့်ပြီး တွန်းလိုက်သည့်အရှိန်ကြောင့် အရှိန်နှင့်ပြေးပြီး ကမ်းခြေကိုဆောင့်ပါသည်။ လှေသည် လှိုင်းအရှိန်နှင့် သဲသောင်ခုံပေါ်သို့ ထိုးတင်ပြီး တစောင်းဖြစ်သွားပါသည်။ ကျနော်လည်း ရေထဲသို့ ကျသွားပါသည်။
ရေအနက်မှာ ကျနော့်ခါးလောက်သာ ရှိပါသည်။ ကမ်းပေါ်သို့ တဖြည်းဖြည်း လှမ်းတက်ပါသည်။ ကမ်းပေါ်သို့ ရောက်တော့ လှေကို ကျနော်လှည့်ကြည့်ရာ လှေတက်မ ကျိုးသွားသည်ကို တွေ့ရပါသည်။ ဖထီးမန်းကို လှမ်းပြောသည်။
“ဖထီးမန်း လှေတက်မ ကျိုးသွားပြီ”
သူက … “ကိစ္စမရှိပါဘူး၊ ကမ်းပေါ်ရောက်နေပြီပဲ”
သူတို့ ၂ ယောက်လည်း လှေပေါ်က ဆင်းလာကြပါပြီ။ သဲသောင်ခုံပေါ်သို့ ကျနော် တဖြည်းဖြည်းချင်း တက်လာရာ လူမှာ ဒယိမ်းဒယိုင်ဖြစ်ပြီး အရက်မူးသမား လမ်းလျှောက်သလို ဖြစ်နေပါသည်။ ကျနော့်အရှေ့ ကိုက် ၂၀ လောက်တွင် လူတယောက်က ကျနော်တို့ရှိရာသို့ လျှောက်လာပါသည်။ ကျနော်က ရပ်ပြီး လှမ်းမေးလိုက်သည်။
ဆက်လက်ဖော်ပြပါမည်။
No comments:
Post a Comment