Sunday, August 1, 2010

အမျိုးသားဒီမိုကရေစီအင်အားစု ရုံးချုပ် ဖွင့်လှစ်

၂၀၁၀ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ နိုင်ငံရေးပါတီအဖြစ် ထူထောင်လိုက်တဲ့ အမျိုးသားဒီမိုကရေစီအင်အားစု (NDF) ပါတီဟာ ဒီကနေ့ ရန်ကုန် တာမွေမြို့နယ်က မေတ္တာညွန့်ရပ်ကွက်မှာ ရုံးချုပ် စတင်ဖွင့်လှစ်လိုက်ပြီး ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ ဆိုပါတယ်။

ဖွင့်ပွဲမှာ တွေ့ရတဲ့ NDF ခေါင်းဆောင်များ

ရွေးကောက်ပွဲဝင်ဖို့အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်ဟောင်းတချို့ ဦးဆောင်ပြီးတည်ထောင်ခဲ့တဲ့ အဲဒီ NDF ပါတီဟာ ဇူလိုင်လ ၉ ရက်နေ့က ပါတီမှတ်ပုံတင်ခွင့်ကျထားပြီး ဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ အတိုက်အခံအင်အားစုတချို့ကတော့ ဒီနှစ်ထဲမှာ ကျင်းပမယ်ဆိုတဲ့ နအဖ စစ်အစိုးရရဲ့ ရွေးကောက်ပွဲကို အယုံအကြည်မရှိတဲ့ အတွက် ရွေးကောက်ပွဲကို ဆန့်ကျင်သပိတ်မှောက်ကြဖို့ လှုံ့ဆော်နေကြပါတယ်။

NDF ခေါင်းဆောင် ဒေါက်တာ သန်းငြိမ်း

နိုင်ငံတော် သစ္စာဖောက်မှုနဲ့ ထောင်ဒဏ်ကျခံဖူးတဲ့ အမျိုးသားဒီမိုကရေစီအင်အားစု NDF ခေါင်းဆောင် ဦးခင်မောင်ဆွေ အပါအဝင် ဦးတင်အောင်၊ ဦးသာဆိုင်နဲ့ ဦးစိန်လှဦးတို့ကို ရွေးကောက်ပွဲဝင်ချင်ရင် အသနားခံစာတင်ရမယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ပြီးခဲ့တဲ့ ဇူလိုင် ၃၀ ရက်နေ့က ခေါ်ယူပြောဆိုပြီးနောက် အခုလို ပါတီရုံးချုပ်ကို ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။

NDF အဖွဲ့ဝင်တချို့

နအဖ စစ်အစိုးရရဲ့ ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီ ၄၆ ခုတို့က နိုင်ငံရေးပါတီ တည်ထောင်ခွင့်နဲ့ ဆက်လက် တည်ထောင်ခွင့်တို့ကို လျှောက်ထားခဲ့ပြီး ပါတီမှတ်ပုံတင်ခွင့် လျှောက်ထားတဲ့ ပါတီ ၄၀ အနက် ၃၉ ပါတီကို ရွေးကောက်ပွဲ ကော်မရှင်က မှတ်ပုံတင်ခွင့်ပြုပြီး ဖြစ်ပါတယ်။ အဲဒီ ၃၉ ပါတီထဲမှာ ပါတီဝင် အင်အားစာရင်း တင်ပြပြီးတဲ့ပါတီ ၁၀ ပါတီ ရှိပြီဖြစ်ကြောင်း သိရပါတယ်။

Photo : Getty Images


No comments: