Sunday, August 1, 2010

မြောက်ကိုရီးယားအစိုးရကို တရားစွဲဆိုဖို့ မြန်မာသတင်းသမဂ္ဂ ပြောဆို

စာရေးဆရာ ဟိန်းလတ် ဘာသာပြန်တဲ့ ‘ကင်မ်ဂျုံအီး (သို့မဟုတ်)
မြောက်ကိုးရီးယား၏ ချစ်လှစွာသော ခေါင်းဆောင်ကြီး’ စာအုပ်ကို ဖတ်နေသူတဦး။


မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအီးအကြောင်း ဘာသာပြန်ထားတဲ့ ‘ကင်မ်ဂျုံအီး (သို့မဟုတ်) မြောက်ကိုးရီးယား၏ ချစ်လှစွာသော ခေါင်းဆောင်ကြီး’ အမည်ရှိစာအုပ်များကို မြန်မာနိုင်ငံရှိ ကိုရီးယားသံရုံး အရာရှိများ လာရောက် သိမ်းဆည်းသွားတာနဲ့ပတ်သက်ပြီး မြောက်ကိုရီးယားအစိုးရနဲ့ သံရုံးကို တရားစွဲဆိုသင့်တယ်လို့ မြန်မာသတင်းသမဂ္ဂက ပြောဆိုလိုက်ပါတယ်။

ဒီစာအုပ်ဟာ မြန်မာနိုင်ငံရဲ့ဥပဒေနဲ့ ညီညွတ်လို့ ထုတ်ဝေခွင့်ရထားတဲ့စာအုပ် ဖြစ်တာကြောင့် အခုလိုသိမ်းဆည်းသွားတာနဲ့ပတ်သက်ပြီး ဦးဟိန်းလတ်အနေနဲ့ သူ့ရဲ့နစ်နာမှုအတွက် မြောက်ကိုရီးယားအစိုးရနဲ့ သံရုံးကို တရားစွဲဆိုသင့်တယ်လို့ ပြည်ပအခြေစိုက် မြန်မာသတင်းများသမဂ္ဂ ဥက္ကဋ္ဌ ဦးမောင်မောင်မြင့်က ဘီဘီစီ သတင်းဌာနကို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

ဒါ့အပြင် ၎င်းတို့အနေနဲ့လည်း အဲဒီအဖြစ်အပျက်ကို အတိအကျသိရအောင် စုံစမ်းပြီး နိုင်ငံတကာ သတင်းအသိုင်းအဝိုင်းကတဆင့် ကမ္ဘာကသိအောင် လုပ်သွားဖို့ အစီအစဉ်ရှိကြောင်းလည်း သူက ဆက်လက်ပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံ စာပေစိစစ်ရေးရဲ့ ခွင့်ပြုချက်နဲ့ထုတ်ဝေထားတဲ့ အဲဒီစာအုပ်မှာ အချက်အလက်တွေ မှားနေတယ်ဆိုပြီး မြန်မာနိုင်ငံမှာရှိတဲ့ မြောက်ကိုရီးယား သံရုံးအရာရှိတွေက စာရေးဆရာ ဟိန်းလတ်ရဲ့ နေအိမ်ကိုလာပြီး အိမ်မှာရှိတဲ့ အဲဒီစာအုပ် ၃၀၀ ကျော်ကို စာအုပ်ဖိုးလျော်ကြေးငွေ မပေးဘဲ သိမ်းဆည်းသွားတာ ဖြစ်ပါတယ်။

ဦးဟိန်းလတ်ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ပြဿနာအရှည်မဖြစ်ချင်တဲ့အတွက် သူ့အနေနဲ့ ရှေ့ဆက် ဘာမှလုပ်ဖို့အစီအစဉ်မရှိကြောင်း ဘီဘီစီနှင့် ဆက်သွယ် မေးမြန်းခန်းတခုမှာ ပြောခဲ့ဖူးပါတယ်။

Photo : AP


No comments: