Friday, June 11, 2010

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ နှင့် အနာဂတ် (၅)

ဒီတော့ အတိုက်အခံမရှိနိုင်တဲ့ လွှတ်တော်ကနေ သမ္မတကို ဘယ်လိုများ အရေးယူနိုင်မှာပါလဲ။ ၂၀၀၈ ခုနှစ် မူကြမ်း ပုဒ်မ ၂၁၅ မှာ နိုင်ငံတော်သမ္မတ က ဥပဒေအရ ဆောင်ရွက်ချက်တွေနဲ့စပ်လျဉ်းပြီး မည်သည့် လွှတ်တော်၊ မည်သည့် တရားရုံးမှာမှ ဖြေရှင်းရန် တာဝန်မရှိစေရ၊ အခြေခံဥပဒေအရ စွပ်စွဲပြစ်တင်ခြင်းသာ လုပ်နိုင်တယ်လို့ ပြောထားပါတယ်။ ဒီလို စွပ်စွဲပြစ်တင်ခြင်းနဲ့ ပတ်သက်လို့တော့ ဦးသိန်းကြည်က …

“အနည်းဆုံး ၄ ပုံ ၁ ပုံ လွှတ်တော်ကနေပြီးတော့ သူ့ကို စွပ်စွဲပြစ်တင်တဲ့ဟာကို ပထမဦးဆုံး အဆိုတင်သွင်းရမယ် ပေါ့နော်၊ အဲဒါ ပြည်သူ့လွှတ်တော်ကလည်း ဖြစ်ရင်ဖြစ်မယ်၊ အမျိုးသားလွှတ်တော်ကလည်း ဖြစ်ရင်ဖြစ်မယ်ပေါ့။ အဲဒီ လေးပုံတပုံကနေပြီးတော့ တင်ပြလာတယ်၊ လက်မှတ်ထိုးလာတယ်ဆိုရင် စုံစမ်းရေးကော်မတီ ဖွဲ့မယ်ပေါ့၊ စုံစမ်းစစ်ဆေးတဲ့အခါမှာ သူက ချေပခွင့်လည်း ရှိတယ်။

အကယ်၍သာ စုံစမ်းစစ်ဆေးရေးက ပေါ်ပေါက်လာလို့ ပြည်ထောင်စုလွှတ်တော်က နေပြီးတော့ သမ္မတ အဖြစ်ကနေ မထိုက်တန်ဘူးလို့ ဆုံးဖြတ်လို့ရှိရင် သူက သမ္မတ အရာကနေ ကျသွားမှာပဲ။ သူအနေနဲ့ တဦးတည်း တယောက်တည်းကနေပြီးတော့ အလွန်အကျွံ ဆောင်ရွက်တာမရှိအောင် ဒီမိုကရေစီအရ အများကနေပြီးတော့ ဥပဒေကြောင်းအရပဲ ထိန်းသိမ်းထားတယ်လို့ ကျနော်အနေနဲ့ တင်ပြလိုပါတယ်”


လက်တွေ့မှာတော့ သမ္မတကိုအရေးယူနိုင်တဲ့အထိ ဖြစ်လာဖို့ခက်တဲ့အကြောင်း ဦးသိန်းညွန့်က ထောက်ပြပါတယ်။

“၂၅ % ကပဲတင်တင်၊ ဘာပဲတင်တင်၊ နောက်ဆုံးအဆုံးအဖြတ်က ၃ ပုံ ၂ ပုံက ဆုံးဖြတ်မှာပဲ။ ဒီလွှတ်တော်မှာ အမြဲတမ်း မမေ့ဖို့က ၂၅ % ကို ကာကွယ်ရေး ဦးစီးချုပ်က ခန့်အပ်ထားတဲ့ပုဂ္ဂိုလ်က လွှတ်တော်ကိုယ်စားလှယ် အဖြစ် လာပြီးနေရာယူမယ့် လွှတ်တော်ပါ။ အဲတော့ ကာကွယ်ရေးဦးစီချုပ်က ခန့်အပ်ထားတဲ့ ပြည်သူက မရွေးချယ်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက အဆုံးအဖြတ်မပေးရင်၊ သူတို့က သဘောမတူရင် ဘာမှလုပ်လို့ရတာမှ မဟုတ်တာ”

NLD အထူးပြန်ကြားရေးတာဝန်ခံ ဦးသိန်းညွန့်ပါ။

အခုအထိ ကျမတို့အစီအစဉ်မှာ နိုင်ငံတော်သမ္မတကို ဘယ်လိုရွေးမလဲ။ ဘယ်လို ပုဂ္ဂိုလ်မျိုးတွေ သမ္မတ ဖြစ်လာမလဲ။ ဒီသမတအပေါ် အပြန်အလှန် ထိန်းကြောင်းမှုတွေ ဘယ်လိုရှိမလဲဆိုတာကို အရေးကြီးတဲ့အချက်တွေ ကောက်နုတ်တင်ပြခဲ့ပါပြီ။

ဒီတော့ ဒီသမ္မတစနစ်ဟာ နိုင်ငံနဲ့သင့်တော်မှုရှိပါရဲ့လား။ မြန်မာနိုင်ငံ ရှေ့နေများကောင်စီ အထွေထွေအတွင်းရေးမှူး ဦးအောင်ထူးကတော့ …

“တိုင်းရင်းသားလူမျိုးပေါင်းစုံနေထိုင်ကြတဲ့ ကျနော်တို့ မြန်မာနိုင်ငံမှာ တိုင်းပြည်အုပ်ချုပ်ရေးအာဏာကို လူတယောက်၊ နှစ်ယောက်လက်ထဲမှာ ထားရှိကျင့်သုံးတဲ့စနစ်နဲ့ မသင့်တော်ဘူး။ နိုင်ငံရေးအရ ညှိနှိုင်းအုပ်ချုပ်နိုင်မယ့် စနစ်မျိုးကို ရှာဖွေရမှာ ဖြစ်တယ်။ သမ္မတစနစ်ကတော့ ဒီလိုအခြေခံမျိုး လုံးဝ မရှိဘူးလို့ ကျနော် ပြောချင်တယ်”

သမိုင်းပညာရှင် ဒေါက်တာ အေးချမ်းကတော့ …

“ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်မဟုတ်တဲ့ လူတယောက်ကတောင် သမ္မတ ဖြစ်လာနိုင်တယ်လေ၊ ကြိုက်တဲ့လူကို ဝန်ကြီးအဖြစ် ခန့်တယ်။ အဲဒီဝန်ကြီးတွေက သူ့ကိုပဲ တာဝန်ခံရမယ်။ ပြည်သူက ရွေးကောက် တင်မြှောက်လိုက်တဲ့ ကိုယ်စားလှယ်တွေမှာ ဘာ အာဏာမှ မရှိဘူး။ ဘယ်လိုမှ ဒီသမ္မတကို ထိန်းချုပ်နိုင်စွမ်းမရှိဘူးဆိုတာဟာ အတော် ထင်ရှားနေပြီလေ”

တခါ NLD အထူးပြန်ကြားရေး တာဝန်ခံ ဦးသိန်းညွန့်ကလည်း …

“အရပ်ဘက်အစိုးရဆိုတာ တကယ်တမ်းကျတော့ ဒီဖွဲ့စည်းပုံမူကြမ်းအရ လက်တွေ့မှာ ဘာမှမဖြစ်နိုင်ပါဘူး။ အခု နောက်လာမယ့်သမ္မတ က စစ်ရေးအမြင် ရှိရမယ်ဆိုတော့ စစ်သားဟောင်းထဲကပဲ ဖြစ်မှာပေါ့။ ဗမာပြည်သူတွေ လိုလားတဲ့ နိုင်ငံရေးခေါင်းဆောင်တွေ အထူးသဖြင့် အရပ်ဘက်ခေါင်းဆောင်တွေပေါ့ဗျာ၊ တိတိကျကျပြောရရင် ဒေါ်အောင်ဆန်းစုကြည်လို ခေါင်းဆောင်မျိုးကို သမ္မတ မဖြစ်အောင် ရေးဆွဲထားတဲ့ အခြေခံဖွဲ့စည်းပုံ ဥပဒေမူကြမ်းပဲလို့ အဓိက ပြောလိုပါတယ်”

ဒါပေမယ့် ဦးသိန်းကြည်ကတော့ ဒီမိုကရေစီစနစ်နဲ့ ညီပါတယ် တဲ့။

“အချုပ်အခြာအာဏာကို လွှတ်တော်ကနေ ကိုင်ထားတယ်။ လွှတ်တော်က ချပေးတဲ့ကိစ္စမှန်သမျှကို ဒီသမ္မတ က အကောင်အထည်ဖော်ရတယ်။ အဲဒီအကောင်အထည်ဖော် ဆောင်ရွက်ဖို့ကိစ္စမှာ သူ့မှာတာဝန် အပြည့်အဝ ရှိတယ်။ ကာကွယ်ရေးဦးစီးချုပ်တို့ ဘာတို့၊ အမျိုးသားလုံခြုံရေးကောင်စီတို့ ဘာတို့ ညာတို့ဆိုတာဟာ သမ္မတရဲ့ အောက်မှာပဲ ရှိပါတယ်။ ဒီလူရဲ့လုပ်ပိုင်ခွင့်မှန်သမျှ အားလုံးကို တိုင်းပြည်အတွက်လုပ်မယ်ဆိုရင်တော့ လွှတ်တော်က အသိအမှတ်ပြုပေးမယ်။

ဒါပေမယ့် သူ့ကိုယ်ကျိုးစီးပွားနဲ့ တိုင်းပြည်အတွက် အကျိုးမရှိဘူးဆိုလို့ရှိရင်တော့ လွှတ်တော်ကနေ အခွင့်ပေးမှာတော့ မဟုတ်ဘူး။ ဒါကြောင့်မို့လို့ ဒီမိုကရေစီ ရှိတယ်၊ လွှတ်တော်က အမြင့်ဆုံးနေရာမှာရှိတယ်၊ လွှတ်တော်ထဲကနေ ချမှတ်ထားတဲ့ဥပဒေတွေနဲ့ ကျော်လုပ်လို့မရတဲ့အတွက်ကြောင့် ဒီမိုကရေစီ အပြည့်အဝ ရှိတယ်လို့ ကျနော်တို့က ယုံကြည်ပါတယ်”


ဦးသိန်းကြည်ပါ။ ၂၀၀၈ မူကြမ်းပါ သမ္မတနဲ့ သမ္မတအပေါ် အပြန်အလှန် ထိန်းကျောင်းမှုဆိုင်ရာ အချက်အလက် အယူအဆအမျိုးမျိုးကို တင်ပြပေးခဲ့တာ ဖြစ်ပါတယ်။ နောက်တပတ်မှာတော့ သမ္မတအပေါ် တပ်တော်ကရော သြဇာ ဘယ်လောက် လွှမ်းမိုးနိုင်ပါသလဲဆိုတဲ့အချက် အပါအဝင် တပ်မတော်ရဲ့ အခန်းကဏ္ဍအကြောင်း အသေးစိတ် နားဆင်ရမှာဖြစ်ပါတယ်။

ဆက်လက်ဖော်ပြပါမယ်။


No comments: