Friday, June 4, 2010

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ နှင့် အနာဂတ် (၂)

ဒါ့အပြင် ၂၀၀၈ ဖွဲ့စည်းပုံဥပဒေ ပုဒ်မ ၃၇၆ မှာ ထည့်သွင်းပြဋ္ဌာန်းထားတဲ့ တရားသူကြီးရဲ့ ခွင့်ပြုမိန့်မရှိဘဲ မည်သူ့ကိုမျှ ၂၄ နာရီထက် ပို၍ချုပ်နှောင်ခြင်း မပြုရဆိုတဲ့ ပြဋ္ဌာန်းချက်မျိုးဟာ နိုင်ငံတော်လုံခြုံရေးနဲ့ မသက်ဆိုင်တဲ့ သာမန်ရာဇဝတ်မှုတွေအတွက် ခွဲခြားပြဋ္ဌာန်းထားတာ ဖြစ်တယ်လို့လည်း ထောက်ပြခဲ့ပါတယ်။

ဦးအောင်ထူးပြောခဲ့သလို ၂၀၀၈ ဖွဲ့စည်းပုံ ဥပဒေ ဟာ နိုင်ငံသားပြည်သူတွေရဲ့ အခြေခံလွတ်လပ်ခွင့်ဆိုင်ရာ အခွင့်အရေးတွေကို အာမ မခံနိုင်ဘူးဆိုတဲ့အမြင်ကို လက်မခံနိုင်တဲ့သူကတော့ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှာ မင်္ဂလာဒုံမြို့နယ် မဲဆန္ဒနယ် အမှတ် ၁ ကနေ NLD ပါတီရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦး အဖြစ် အရွေးခံခဲ့ရတဲ့ ဦးကြည်ဝင်းဖြစ်ပါတယ်။

သူဟာ ၁၉၉၃ ခုနှစ်မှာ အမျိုးသားညီလာခံ စတင်ကျင်းပစဉ်ကတည်းက NLD ပါတီကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့သူပါ။ နောက်ပိုင်း NLD ပါတီ ညီလာခံဆက်မတော့တဲ့အချိန်မှာ တခြားရွေးကောက်ခံ ကိုယ်စားလှယ် ၅ ဦးနဲ့အတူ NLD ကနေခွဲထွက်ပြီး ညီလာခံပြီးဆုံးတဲ့အထိ တက်ခဲ့သူလည်း ဖြစ်ပါတယ်။ ဦးကြည်ဝင်းက နိုင်ငံသား တဦးတယောက်အပေါ် အစိုးရက မတရားမှုတွေ ကျူးလွန်မယ်ဆိုရင် ပြည်ထောင်စု တရားလွှတ်တော်ချုပ်ကို တိုင်ကြားနိုင်မယ့် စာချွန်တော်အမိန့်များဆိုင်ရာ ပြဋ္ဌာန်းချက် ဥပဒေပုဒ်မ ၃၇၈ နဲ့ ၃၇၉ ကို ကိုးကားပြီး အခုလိုပြောခဲ့ပါတယ်။

“တန်းတူညီမျှမှု အခွင့်အရေးတွေ၊ လွတ်လပ်မှု အခွင့်အရေးတွေ၊ တရားမျှတမှု အခွင့်အရေးတွေ၊ စီးပွားရေးအရ လုပ်ပိုင်ခွင့် အခွင့်အရေးတွေ၊ ပညာရေးအရ တန်းတူညီမျှမှုအခွင့်အရေးတွေ ဒီအခွင့်အရေးတွေဟာ ဒီဖွဲ့စည်းပုံထဲမှာ အတိအလင်း ပြည်သူလူထုအတွက် ကာကွယ်ပြီးတော့ ပြဋ္ဌာန်းထားတယ်။

ဒီပြဋ္ဌာန်းထားတာတွေအတိုင်း မလိုက်နာဘူးဆိုလို့ရှိရင် မလိုက်နာတဲ့အစိုးရကို ပြန်လည်တရားစွဲဆိုခွင့်ရှိတယ်။ နောက် နစ်နာတဲ့ပုဂ္ဂိုလ်ပေါ့ လူတဦးတယောက် ရှိခဲ့ရင်လည်း အဲဒီ နစ်နာတဲ့သူဟာ တရားရုံးချုပ်ကို စာချွန်လွှာအမျိုးမျိုးနဲ့ တက်ပိုင်ခွင့်ရှိပါတယ်”

ဒါပေမယ့် အဲဒီစာချွန်လွှာဟာ အာဏာပိုင်တွေဘက်က မတရားပြုမူတာတွေရှိရင် တားမြစ်ပေးဖို့သာပါရှိပြီး မတရားပြုမူတဲ့ အာဏာပိုင်တွေကို တိုက်ရိုက် တရားစွဲဆိုခွင့်နဲ့ပတ်သက်လို့ ဖော်ပြထားခြင်းမရှိတာကို မေးမြန်းတဲ့အခါမှာတော့ ဦးကြည်ဝင်းက …

“ဟုတ်ပါတယ်၊ အစိုးရကို မဟုတ်ပေသည့်လည်း ကျနော်ပြောတာက အစိုးရထဲက အစိုးရတရပ်လုံး မဟုတ်ဘူးပေါ့ဗျာ၊ တာဝန်ရှိတဲ့သူကို စွပ်စွဲပြစ်တင်ပိုင်ခွင့် ရှိပါတယ်။ စွပ်စွဲပြစ်တင်ပြီဆိုတာနဲ့ ဒီ တာဝန်ရှိတဲ့သူက ပြုတ်မှာပါ။ ပြုတ်တယ်ဆိုရင် သူ လူပုဂ္ဂိုလ်ဖြစ်သွားပါပြီ။ လူပုဂ္ဂိုလ်ဖြစ်သွားတဲ့အချိန်မှာ သူ့ကို တရားဥပဒေအရ လုပ်ပိုင်ခွင့်ရှိပါတယ်”

ဦးကြည်ဝင်းပြောသလိုပဲ အစိုးရကို တိုက်ရိုက်တရားစွဲဖို့ထက် အာဏာပိုင်တွေထဲက တာဝန်ရှိတဲ့သူကို အရင်ဖြုတ်ချပြီး သာမန်အရပ်သားအဆင့် ရောက်မှသာ ဥပဒေအရ ပြန်လည်တရားစွဲနိုင်မယ်လို့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေက ပြဋ္ဌာန်းထားတဲ့ သဘောပါ။ ဒီအချက်ကို ပိုပြီးခိုင်မာစေတဲ့ ပြဋ္ဌာန်းချက်ကတော့ အခန်း ၁၅ အထွေထွေပြဋ္ဌာန်းချက် ဥပဒေ ပုဒ်မ ၄၅၁ ပဲဖြစ်တယ်လို့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ အထူးပြောရေးဆိုခွင့် အဖွဲ့ဝင် ရှေ့နေ ဦးသိန်းညွန့်က အခုလို ထောက်ပြပါတယ်။

“ကျနော်တို့ အဖွဲ့ချုပ်ကိုပေးပို့လာတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းထဲမှာ အတိအလင်းရေးထားတဲ့ ပုဒ်မတခု ပါပါတယ်။ ဒါက ၄၅၁ ပါ။ နိုင်ငံတော်သည် ဥပဒေပြုရာတွင်လည်းကောင်း၊ အုပ်ချုပ်ရာတွင်လည်းကောင်း၊ နိုင်ငံတော် အခြေခံမူများနှင့် အညီ အလေးဂရုပြုဆောင်ရွက်ရမည်။ သို့ရာတွင် ထိုသို့ဆောင်ရွက်စေရန် မည်သည့်တရားရုံးတွင်မှ တရားစွဲဆိုခွင့် မရှိစေရ ဆိုပြီးတော့ ဖော်ပြထားပြီးသားပဲ”

ဖွဲ့စည်းပုံအသစ်မှာ ထည့်သွင်းပြဋ္ဌာန်းထားတဲ့ စာချွန်တော်အခွင့်အရေးတွေ ရှိလာမှာကို ဦးသိန်းညွန့်က အသိအမှတ်ပြုပေမယ့် လက်ရှိအခြေအနေမှာလိုပဲ တရားဥပဒေကို လိုသလိုအသုံးပြုနေတဲ့ အခြေအနေမျိုး ဆက်မဖြစ်တော့ဘူးလို့ အာမမခံနိုင်တဲ့အကြောင်း ဆက်ပြောခဲ့ပါတယ်။

“တစုံတရာကတော့ ဖြစ်လာမှာပေါ့၊ ဥပမာ ၂၄ နာရီထက် ပို ဖမ်းမချုပ်ရပေါ့၊ အခုကာလမှာ စာချွန်တော် အခွင့်အရေးတွေ မရှိဘူးဗျာ။ ဒီအခြေခံဥပဒေ ပေါ်လာရင် ဒီစာချွန်တော်အခွင့်အရေးတွေ ဘာတွေ ရလာမှာပေါ့၊ ဒါကတော့ အပေါင်းလက္ခဏာပေါ့။ သို့သော် ဒီအပေါင်းလက္ခဏာကို အစစ်အမှန်ရဖို့ဆိုရင် တရားစီရင်ရေး လွတ်လပ်မှုဟာ အင်မတန် အရေးကြီးပါတယ်။ တရားစီရင်ရေး လွတ်လပ်မှု ဘယ်သို့ရှိမယ်ဆိုတာ ဘယ့်နှယ့်လုပ် ပြောနိုင်မလဲ။

အခုလည်း တကယ်တမ်းပြောရင် အိမ်ကို ဝရမ်းမပါဘဲနဲ့ ရှာဖွေခွင့်မှမရဘဲ။ ဥပဒေမဲ့ ဖမ်းဆီးခြင်း၊ ချုပ်နှောင်ခြင်း လုပ်လို့မှမရဘဲ။ သို့သော် လက်တွေ့မှာကတော့ ဥပဒေတွေ မည်သို့ပင်ပြဋ္ဌာန်းထားပေမယ့် အဲဒီဥပဒေတွေကို ဂရုမစိုက်ဘဲနဲ့ လုပ်နေတဲ့ ဟာတွေဟာ ဒီကနေ့ ကျနော်တို့နိုင်ငံမှာ တော်တော်များများ မြင်တွေ့နေရတဲ့ မြင်ကွင်းတွေပါပဲ”


NLD အထူးပြန်ကြားရေးအဖွဲ့ဝင် ရှေ့နေ ဦးသိန်းညွန့်ပါ။ စောစောကမေးခဲ့တဲ့ NLD ပါတီကခွဲထွက်ပြီး ညီလာခံပြီးအောင် တက်ခဲ့တဲ့ ဦးကြည်ဝင်းကတော့ ၂၀၀၈ ဖွဲ့စည်းပုံဥပဒေ အတည်ဖြစ်လာတဲ့အခါ အရင်ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေကို လွှမ်းမိုးသွားမှာဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။

ဒါပေမယ့် အဲဒီလို လွှမ်းမိုးသွားမယ့် ပြဋ္ဌာန်းချက်မျိုးကိုတော့ အခြေခံဥပဒေ မူကြမ်းထဲမှာ ပြဋ္ဌာန်းထားခြင်း မရှိသလို ပုဒ်မ ၄၄၆ မှာဆိုရင် တည်ဆဲ ဥပဒေတွေဟာ ပြည်ထောင်စုလွှတ်တော်က ပယ်ဖျက် ပြင်ဆင်ခြင်း မပြုရင်၊ ဖွဲ့စည်းပုံနဲ့ မဆန့်ကျင်သမျှ အတည်ဖြစ်ကြောင်း ပြဋ္ဌာန်းထားပါတယ်။

အချုပ်အားဖြင့်ပြောရရင်တော့ NLD အပါအဝင် အတိုက်အခံအဖွဲ့အစည်းတွေ၊ အစိုးရရဲ့ ဖွဲ့စည်းပုံမူကြမ်းကို မထောက်ခံတဲ့ ပြည်သူတွေက ဒီဖွဲ့စည်းပုံဟာ နိုင်ငံသားတွေရဲ့အခွင့်အရေးကိုပေးဖို့ထက် အခုအချိန်မှာ ကြုံနေရသလိုပဲ ပြည်သူတွေရဲ့ လွတ်လပ်ခွင့်တွေကို အခြေခံဥပဒေအရ ရေရှည်ဆက်ပြီး ကန့်သတ် ထိန်းချုပ်သွားမှာဖြစ်တယ်လို့ ပြောဆို ကန့်ကွက်နေကြပါတယ်။

တဖက်မှာလည်း ဦးကြည်ဝင်း အပါအဝင် ကြံ့ခိုင်ဖွံ့ဖြိုးရေးအဖွဲ့ဝင်တွေ၊ လက်ရှိအစိုးရအပေါ် လိုလားသူတွေကတော့ လက်ရှိအခြေအနေမျိုးတွေ ပပျောက်သွားပြီး လုံးဝ အကောင်းဘက်ကို ပြောင်းလဲသွားမယ့် ဥပဒေအဖြစ်နဲ့ ၂၀၀၈ ဖွဲ့စည်းပုံဥပဒေကို ထောက်ခံဖို့ စည်းရုံးလှုပ်ရှားနေကြပါတယ်။

ဦးအောင်ထူး အပါအဝင် မြန်မာပြည်တွင်း ပြည်ပက ဥပဒေပညာရှင်တွေကလည်း နိုင်ငံသားအခွင့်အရေးနဲ့ ပတ်သက်တဲ့ ပြဋ္ဌာန်းချက်တွေရှိပေမယ့် တကယ်တမ်း အကျိုးခံစားခွင့်ရှိမှာလားဆိုတာအပေါ် သံသယ ရှိနေကြပါတယ် ဆိုတာကိုတင်ပြရင်း ဒီအစီအစဉ်ကို ဒီမှာတင် ရပ်နားပါရစေရှင်။

နောက်တပတ်အစီအစဉ်မှာတော့ နိုင်ငံတော်သမတကို စွပ်စွဲပြစ်တင်နိုင်မယ့် ပြဋ္ဌာန်းချက်တွေ အပါအဝင် နိုင်ငံတော်အတွက်အရေးကြီးတဲ့ အဓိကမဏ္ဍိုင်တွေ အကြား အပြန်အလှန် ထိန်းညှိမှုတွေနဲ့ပတ်သက်ပြီး ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

ဆက်လက်ဖော်ပြပါမယ်။


No comments: