အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဓိက နှစ် ၂၀ ကျော်ကာလမှာ အားအနည်းဆုံး ဖြစ်ခဲ့တာကတော့ ပါတီတည်ဆောက်ရေးပါ။ နအဖကလည်း ရက်ရက်စက်စက် ကျနော်တို့ကို သားကြောဖြတ် ချေမှုန်းသလိုပဲ … ကျနော်တို့အားနည်းချက် ဖြစ်ခဲ့တာကတော့ တွေ့ဆုံဆွေးနွေးရေးကို ထိုင်စောင့်ခဲ့တာကတော့ ကျနော်တို့ရဲ့ အားနည်းချက်ဖြစ်ခဲ့တယ်လို့ မြင်ပါတယ်”
ဒီတော့ NLD ခေါင်းဆောင်တွေဟာ ပါတီတည်ရှိရေး၊ ပါတီကို ထိန်းသိမ်းရေးပဲ ဦးစားပေးလုပ်ပြီး လူထုနဲ့ ထိတွေ့မှုတွေ နည်းခဲ့ပါသလား။ ဗဟိုအလုပ်အမှုဆောင် ဦးသန်းထွန်းကတော့ လုပ်စရာရှိတာတွေကို လုပ်ခဲ့ပါတယ်လို့ အခုလို ပြောပါတယ်။
“အန်ကယ်လ်တို့ကလည်း ဒီထက်လည်းပိုပြီးတော့ လုပ်နိုင်စရာအကြောင်း မရှိဘူးလေ။ ဘာလို့လည်းဆိုတော့ အန်ကယ်လ်တို့က Non-Violence အဖွဲ့ ဖြစ်နေတော့ အဲဒါနဲ့ပတ်သက်လို့ရှိရင်လည်း အစိုးရကို ကန့်ကွက်တာတို့၊ ရှုတ်ချတာတို့၊ မကျေနပ်ကြောင်းပြောတာတို့ ဒါပဲ လုပ်နိုင်တဲ့သဘောရှိတာကိုး။ အဲဒါပဲ လုပ်ခဲ့တာပေါ့။ သို့အပြင် ဘာလုပ်ရဦးမလဲ”
NLD ခေါင်းဆောင်တွေဟာ ထုတ်သမျှကြေညာချက်တွေမှာ တွေ့ဆုံဆွေးနွေးဖို့ကို ကမ်းလှမ်းခဲ့ပါတယ်၊ အလျော့ပေး လိုက်လျောမှုတွေလည်း လုပ်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က တိုင်းပြည်အတွက် အစိုးရနဲ့ပူးပေါင်း လုပ်ဆောင်ချင်ပါတယ်လို့ ဆိုခဲ့ပါတယ်။
စစ်အစိုးရကတော့ သူ့တို့ရဲ့လမ်းပြမြေပုံအတိုင်း ၂၀၀၈ ခုနှစ်မှာ အခြေခံဥပဒေကို အတည်ပြုပြီး ရွေးကောက်ပွဲ အသစ်တွေလုပ်ဖို့ ပြင်ပါတယ်။ NLD ကလည်း ၂၀၀၉ ခုနှစ် ဧပြီလမှာ ပါတီရဲ့ ကျောရိုးအခြေခံမူအဖြစ် ရွှေဂုံတိုင်ကြေညာစာတမ်းကို ထုတ်ပြန်ပါတယ်။
အဓိက ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံးပြန်လွှတ်ပေးရေး၊ အခြေခံဥပဒေထဲက ဒီမိုကရေစီမကျတဲ့အချက်တွေကို ပြန်သုံးသပ် ပြင်ဆင်ရေး ဒါတွေလုပ်ပေးရင် ရွေးကောက်ပွဲဝင်ဖို့ ပါတီအနေနဲ့ စဉ်းစားကောင်း စဉ်းစားမယ်လို့ ပြောလိုက်တာပါ။
အစိုးရကတော့ မတုံ့ပြန်ပါဘူး။ ဒီနှစ်ဆန်းမှာတော့ ရွေးကောက်ပွဲဥပဒေတွေကို အစိုးရဘက်က ထုတ်ပြန်ပါတယ်။ ကန့်သတ်ချက်တွေနဲ့ ချည်နှောင်ထားတဲ့ ဥပဒေတွေမို့ NLD က ဗဟိုဦးစီးအဖွဲ့ စုံညီအစည်းအဝေးခေါ်ပြီး မှတ်ပုံမတင်ရေး၊ ရွေးကောက်ပွဲမဝင်ရေးကို တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြပါတယ်။ ဒီဆုံးဖြတ်ချက်ချဖြစ်ပုံကိုတော့ ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းတင်က အခုလို ပြောပြပါတယ်။
“ဒီမှတ်ပုံတင် ဥပဒေအရက ဘယ်လိုမှ လက်မနိုင်တဲ့ဟာ။ ကျနော်တို့ရဲ့ နိုင်ငံရေးအရင်းအမြစ်ဖြစ်တဲ့ လွှတ်တော်လိုဟာမျိုးကို ဖျက်သိမ်းပစ်တယ်၊ ကျနော်တို့တွေ လုံးဝလက်မခံနိုင်တဲ့ အခြေခံဥပဒေလိုဟာမျိုးကို ကျနော်တို့က အကျဉ်းသားများ ထောင်ကထွက်ခါနီး 401 ထိုးသလို ထိုးရမယ်။ ကျနော်တို့ရဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ကျနော်တို့ရဲ့ ခေါင်းဆောင်တွေဖြစ်တဲ့ အကျဉ်းထောင်တွေမှာရှိတဲ့ ခေါင်းဆောင်တွေ အကုန်လုံးကို ကျနော်တို့က ထုတ်ပစ်ရမယ်။
အဲဒီအခါကျတော့ ဒီလောက် စစ်အစိုးရအောက် ရှေ့မှာ ဒူးထောက်တဲ့ဟာ အားယားမှောက်တဲ့ပါတီကို ဘယ်သူကနေပြီးတော့ လူထုကနေ ဘယ်လို ယုံကြည်လေးစားနိုင်မလဲ၊ ဘယ်လိုကိုးစားနိုင်မလဲ။ အဲတော့ ကျနော်တို့က ဒါကို မလုပ်ဘူးကွလို့ ပြောလိုက်ခြင်းအားဖြင့် ပါတီမှာ သိက္ခာအများကြီး ရှိသွားတယ်။ ကျနော်တို့ပါတီဟာ နိုင်ငံရေးမူတွေ ရှိတယ်၊ နိုင်ငံရေးသိက္ခာတွေ ရှိတယ်၊ နိုင်ငံရေးသတ္တိတွေရှိတယ် ဆိုတာကို ပြတယ်”
ဒီ ဆုံးဖြတ်ချက်နဲ့အတူပဲ ပါတီဟာ ဆက်ပြီး တရားဝင် ရပ်တည်ခွင့်လည်းရှိတော့မှာ မဟုတ်ဘူးလို့ ပြောရမှာပါ။ ဒါပေမယ့် ပါတီအနေနဲ့ ဆိုင်းဘုတ် မချဘူး။ အလံ မချဘူး။ ဥပဒေကြောင်းအရ ရပ်တည်ခွင့်မရှိရင်တောင် NLD စိတ်ဓာတ်နဲ့ ပါတီဝင်တွေနဲ့အတူ ဆက်ပြီးရှိသွားမယ်လို့ ခေါင်းဆောင်တွေကတော့ ပြောပါတယ်။ ပါတီ ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦးကတော့ အခြေအနေတွေဟာ ဒီအတိုင်းပဲ အမြဲမနေနိုင်ပါဘူးလို့ ဆိုပါတယ်။
“ရှိတဲ့အင်အားစုက ဒီမိုကရေစီ စိတ်ဓာတ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ စိတ်ဓာတ်တွေ ကိန်းအောင်းပြီးတော့က ပြည်သူလူထုထဲမှာ သူတို့ လုပ်နိုင်ကိုင်နိုင်လာဖို့ ကျနော်တို့တတ်နိုင်သလောက် ကြိုးစားပြီးတော့ လုပ်ကိုင်သွားခြင်းအားဖြင့် ပြည်သူလူထုထဲမှာ နေလိုက်မယ်ဗျာ။
အခြေအနေဟာ ဒီလိုချည်းလည်းပဲ မနေပါဘူးဗျာ၊ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းထားတာလည်းပဲ တချိန်တော့လည်း လွတ်လာမှာပေါ့ဗျာ၊ လွတ်လာတဲ့ အခါကျတော့လည်း လွတ်လာတဲ့ အတိုင်းအလျောက် အေးအေးချမ်းချမ်း ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဆက်လက်ပြီးတော့က ဆောင်ရွက်သွားမယ်ဆိုရင်လည်းပဲ ဒီလိုအခြေအနေတွေထက် ပြောင်းလဲနိုင်ကောင်း ပြောင်းလဲနိုင်ပါတယ်”
သောတရှင်ခင်ဗျား …
၂၂ နှစ်တာရပ်တည်ခဲ့တဲ့ ပါတီကြီးတခုကတော့ စစ်အစိုးရရဲ့ ကန့်သတ်မှုတွေကြောင့် ရပ်တည်ခွင့် ပျက်ပျယ်သွားရတော့မှာပါ။ ပါတီမှတ်ပုံမတင်တာ မှားတယ်၊ မှန်တယ်နဲ့ ဝေဖန်မှု၊ ငြင်းခုံမှုတွေလည်း အများကြီးရှိနေပါတယ်။
ဘာပဲပြောပြော ၂၂ နှစ်တာ ကြံ့ကြံ့ခံရပ်တည်နိုင်ခဲ့တာကို အသိအမှတ် ပြုရပါလိမ့်မယ်။ NLD ဆုံးဖြတ်ချက် မှားသလား၊ မှန်သလား သမိုင်းက အဖြေပေးမှာပါ။ ဒါပေမယ့် NLD ဟာ ဒီမိုကရေစီအခြေခံ မူဝါဒတွေအပေါ်မှာ ခိုင်ခိုင်မာမာ ရပ်တည်သွားခဲ့တဲ့ ပါတီကြီးတခုဖြစ်တယ်ဆိုတာကတော့ မြန်မာ့နိုင်ငံရေးသမိုင်းမှာ အထင်ကရ ကျန်ခဲ့မှာဖြစ်ပါတယ် ခင်ဗျာ။
ဘီဘီစီ မြန်မာပိုင်းအစီအစဉ် မှ ကူးယူဖော်ပြပါတယ်။
၂၀၁၀ ပြည့်နှစ်၊ မေလ ၆ ရက်နေ့မှာ တွေ့မြင်ခဲ့ရတဲ့
NLD ရုံးချုပ်က ပုံရိပ်တချို့
(ဓာတ်ပုံ - AP)
NLD ရုံးချုပ်က ပုံရိပ်တချို့
(ဓာတ်ပုံ - AP)
No comments:
Post a Comment