Saturday, May 15, 2010

ကျနော်တို့ခေတ်မှာ ပြူစောထီး၊ ဒီခေတ်မှာ စွမ်းအားရှင် (၁)

ခုသွားရမယ့်ရွာက ကျနော်တို့ မဲဆန္ဒနယ်နဲ့တော့ မဆိုင်။ မြင်းခြံတောင်ပိုင်း မဲဆန္ဒနယ်။ တည်မြဲ ဖဆပလ အမတ်လောင်းက ဦးစံပြည့်။ သူ့အကြောင်းလည်း မိတ်ဆက်ပေးဖို့ လိုပါမယ်။ ဗမာပြည်တဝှမ်း လူသတ်ရာမှာ နာမည်ကြီးခဲ့ကြတဲ့ ဖဆ ဆိုရှယ်တွေ ရှိခဲ့ဖူးတယ်။ အောင်ပင်လယ် သိန်းဖေ၊ လယ်ဝေး သခင်ကြည်ရှိန်၊ မိတ္ထီလာ ဆရာထီ၊ ငါန်းဇွန် ဗိုလ်မှူး တက်မြင့်တို့နဲ့အပြိုင် နာမည်ကြီးသူပါ။

ဆိုရှယ်လစ်တွေအများကြီးထွက်တဲ့ ဗိုလ်ချစ်ခိုင်တို့ရွာ(တောင်သာမြို့နယ် ဝဲလောင်ရွာသစ်ဘက်)သားဖြစ်တယ်။ (တနည်း) စစ်ဘက်နယ်ဘက်မှာ တွင်ကျယ်နေတဲ့သူတွေ အများကြီးထွက်တဲ့ ဒေသသား။ နေတော့ မြင်းခြံမြို့ပေါ်မှာနေတယ်။ သူ့ဆန္ဒ သူ့နှုတ်ထွက်စကားက ဥပဒေဖြစ်နေတဲ့ကာလ …။

နယ်လူထုက သူ့ကို ‘နေထွက်ဘုရင်’။ အိမ်ခြေတထောင်ကျော်ရှိတဲ့ ဒမိုက်ရွာကြီးကို အုပ်ချုပ်နေတဲ့ ဒမိုက်မောင်မောင်နဲ့ သူ့ညီ ကိုဝင်းရှိန်ကိုတော့ ‘နေဝင်ဘုရင်တွေ’ လို့ ခေါ်ကြတယ်။ သူတို့ရွာထဲ သူတို့မှလွဲ၍ ဘယ်သူ့ကိုမှ တရားဟောခွင့်မပြုခဲ့။ ပြိုင်ဘက် အမတ်လောင်းကိုလည်း ထောင်ထဲထည့်ထားလိုက်ပြီ။
ပမညတ အမတ်လောင်းအဖြစ် ကိုသန်း(ပြည်သူ့ရဲဘော် ဗိုလ်ဟိန္ဒက) ပြိုင်မယ်။ သူနဲ့ ဦးမောင်ကိုက ရှားစောင်းစေးနဲ့ မျက်ချေး။ ဒါပေမယ့် ခု သူက ထောင်ထဲမှာ။ သူ့ဘက် မဲဆွယ်ပွဲတွေက ဖရိုဖရဲ ဖြစ်နေလို့ သွားကူကြရမှာပါ။

(၃)

သူငယ်ချင်းတစု ကားပေါ်ထိုင်ပြီး ဒမိုက်ခံတပ်အကြောင်း စကားကောင်းနေပါတယ်။ လောပိတမှာ တအိမ်တည်းနေခဲ့ကြရတဲ့ ဒမိုက်ရွာသားတယောက်ရှိတယ်။ ကိုဝင်းရှိန်က သတ်မှာစိုးလို့ ကယားပြည် နယ်ဘက်ထွက်ပြေးလာပြီး အလုပ်ဝင်လုပ်နေတာပါ။ သူကိုယ်တိုင်က ဆိုရှယ် မလစ် တလစ် … ဒါပေမယ့် တနယ်ထဲသားတွေမို့ အိမ်တအိမ်တည်းထဲ စုနေခဲ့ကြတာပါ။

“ကွန်မြူနစ်အမာခံ ဖမ်းမိလာလို့ကတော့ မသက်သာဘူး မှတ်။ တို့လူတွေက လက်သံသိပ်ပြောင်တာ။ သူတို့စစ်တာ ငါ တခါကြုံဖူးတယ်။ ဘတ်ခွ (လောက်လေးခွ) နဲ့ မျက်နှာကို ပစ်,ပစ်ပြီး စစ်တာကွ။ မင်းတို့ ကြုံဖူးသလား။ အဖုအပိမ့်ကြီးတွေ ထလာတာများ ကြက်သီးထစရာ မျက်လုံးတောင် ကျွတ်ထွက်တယ်။ နောက်တော့ သတ်ပစ်လိုက်တာပါပဲကွာ” … တဲ့။

သူ့စကားကို အစဖော်ပြီး ဒမိုက်ပြူစောထီးတွေ လက်သံပြောင်ပုံ … ဇာတ်စုံခင်းလိုက်တော့ ငိုက်နေတဲ့သူတွေ မျက်လုံးကျယ်လာတယ်။ ဆဲသူက ဆဲတယ်။ သူတို့ကလည်း ကျနော် ပြန်မလာခင် မြို့တဝိုက် ပြူစောထီး သောင်းကျန်းတာတွေ ပြန်ပြောပြကြတယ်။ သန်းကောင်လောက်ကျမှ ထိုင်လျက် အိပ်ပျော်သူ ပျော်။ ငိုက်သူ ငိုက် ဖြစ်ကုန်ကြတယ်။

နံနက် ၅ နာရီလောက်မှာ လိုက်ချင်တဲ့သူတွေ တဖွဲဖွဲရောက်လာကြတယ်။ နံနက်စာကို ဆရာတို့အိမ်က ကျွေးပါတယ်။ ကားတစီး ၁ဝ ယောက်လောက် စီးကြတယ်။ အမတ်လောင်း ဗိုလ်ဟိန္ဒက အိမ်ကလည်း ဂျစ်ကားတစီး လိုက်လာတယ်။ ရန်ကုန် ပြည်သူ့လူငယ်ဌာနချုပ်ကလာကူတဲ့ မောင်လေးအောင်(ကဗျာဆရာ)နဲ့ နှုတ်ခမ်း မွေးစ,စထားတဲ့ ကိုကျော်လှတို့ ပါလာတာ မှတ်မိတယ်။ ကားမဆန့်လို့ ကျန်နေတဲ့သူတွေလည်း ရှိတယ်။

ပထမဆုံး မြို့မြောက်ပိုင်းခရိုင်ဝန်အိမ်ဘက် ကား ၄ စီးမောင်းသွားပြီး တိုင်တည်ပါတယ်။ ဒမိုက်ရွာဘက် ရွေးကောက်ပွဲအတွက် စည်းရုံးရေးခရီး ထွက်မယ်။ မဲဆွယ်တရားပွဲ ကျင်းပမယ်။ တစုံတခုဖြစ်ခဲ့သော် အုပ်ချုပ်ရေးဘက်၏ တာဝန်ဟုယူဆမည့်အကြောင်း ဦးမောင်ကိုကပြောကြားခဲ့ပြီးမှ နောက်ကြောင်းပြန်ကာ ဒမိုက်ရွာဘက် မောင်းထွက်ခဲ့ကြပါတယ်။

ကျနော်တို့ကားကလွဲပြီး ကျန်ကား ၃ စီးပေါ်မှာ အသံချဲ့စက်တွေ တင်လာပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေး သီချင်းတွေ အားရပါးရ ဆိုကြတယ်။ တလမ်းလုံး တဝါးဝါး တဟားဟားနဲ့ …၊ အန္တရာယ်ကို မေ့ထားလိုက်ကြတယ်။ ခရီးအဝေးက ၁၂ မိုင်လောက် ရှိမယ်။ လမ်းက မြေလမ်း။ ကျနော် တခါမှမသွားဘူးသေးတဲ့ ခရီး။

(စလေ ဦးပုည စားရတဲ့) ရွာစည်ရွာ၊ ဂျုပ္ပင်၊ ထနောင်းကုန်း၊ ထနောင်းတိုင်ရွာတွေ ဖြတ်သွားရတယ်။ ၆ မိုင်ခရီး ပေါက်ခဲ့ပြီ။ ဒမိုက်ဘက်နီးလာတာနဲ့ နောက်တွေ့ရတဲ့ရွာတွေက ရွာသားတွေရဲ့မျက်နှာတွေက သိပ်မသာယာတော့ပါ။ တချို့က စိုးရိမ်တဲ့မျက်နှာ၊ တချို့က တင်းတင်းမာမာ … ရွာတရွာကတော့ ဆက်မသွားဖို့ တားကြတယ်။

“အားလုံး အဆင်သင့် ပြင်ထားကြပြီ။ ရွာထဲ အဝင်ခံမှာ မဟုတ်ဘူး။ စုထားတဲ့ လူတွေကိုက အများကြီး … ထုမယ့်နှက်မယ့် ပစ္စည်းတွေကလည်း ပုံလို့” … တဲ့။

လှည့်ပြန်မယ့်ကား တစီးမှမရှိ။ ခုန်ချနေရစ်မယ့်လူလည်း တယောက်မှမရှိ။ တတိယမြောက် ကားဒရိုင်ဘာ ဘေးမှာထိုင်နေတဲ့ ဆရာဦးမောင်ကိုရဲ့လှုပ်ရှားမှုကို တွေ့လိုက်ရတယ်။ ဘယ်သူက သတိပေးလိုက်တယ် မသိ။ လက်ကိုင်ပဝါကြီးတထည်နဲ့ သူ့ခေါင်းကိုပတ်ချည်ပြီး ပေါင်းထားလိုက်တယ်။ ထိပ်ပြောင်ကြီးနဲ့သူ့ကို ရုတ်တရက် မမှတ်မိအောင် ရုပ်ဖျက်လိုက်တာလို့ (နောက်မှ) သိရတယ်။

ဒမိုက်ရွာအဝင်မှာ သဲတောကြီးတခု ရှိတယ်။ လှမ်းကြည့်လိုက်တော့ ရွာအဝင် တံခါးပေါက်ရှေ့ကနေပြီး သဲလမ်းကြီးတလျှောက် လူတွေဖွေးလို့၊ ရွာတံခါးကြီးကတော့ ပိတ်လျက်သား …။

ဦးမောင်ကိုက လူအုပ်ကြီးကိုဖြတ်ပြီး ရွာတံခါးအရောက်မောင်းဖို့ အမိန့်ပေးလိုက်တယ်။ ဒါပေမယ့် ခရီးမတွင်။ သဲထုက နက်,နက်လာတယ်။ လူအုပ်ကြားထဲ ရောက်လာခဲ့ပြီ။ သူတို့လက်ထဲက ပစ္စည်းတွေနဲ့ အရန်သင့် အစီအရီချထားတဲ့ ခဲယမ်းတွေကို ခုမှ သတိထားမိကြတယ်။

“ဟာ ပျော်စရာကြီးပါလား”

သူငယ်ချင်းတယောက်ရဲ့အသံထွက်လာတယ်။

ဒေါင်ချာစိုင်းအောင် မူးနေတဲ့ လူတသိုက်က ကားလမ်းပိတ်ပြီး ဆီး, တားနေကြတယ်။ ကားတွေက ကွေ့ရှောင်၊ ပတ်ရှောင် မောင်းရင်းက တတန်းတည်း အနေအထား ပျက်သွားတယ်။ စက်တွေလည်း ရပ်ကုန်တယ်။ နှိုးလိုက် မောင်းလိုက် ရပ်လိုက်ပဲ၊ ကြာတော့ နှိုးမရအောင်ဆိုပြီး ပြူစောထီး အမူးသမားတွေက စက်ခေါင်းဖွင့်ပြီး သဲတွေ လောင်းထည့်ပါတယ်။ လူတွေက ကားပေါ်ကဆင်းလိုက်ကြတဲ့အခါ ကားဘော်ဒီထဲလည်း သဲတွေ လောင်းပါတယ်။

ခုအထိ သူတို့ခဲယမ်းလက်နက်တွေ မသုံးသေး။ လူဆိုးတသိုက် (၁၄-၅ယောက်)ရဲ့ အော်ဟစ်ဆဲဆို ကြိမ်းမောင်းတဲ့အသံတွေပဲ ကြားနေရတယ်။ သူတို့က ခြိမ်းခြောက်တဲ့အနေနဲ့ ပြူးပြ ပြဲပြကြပေမယ့် ကျနော်တို့က ခပ်ပြုံးပြုံး၊ ဘေးက ရွာသူရွာသားတွေ မျက်နှာကလည်း ခပ်ပြုံးပြုံးပါပဲ။ သူတို့လက်ထဲက လက်နက်တွေကြည့်ပြီး ကျနော်တို့ မျက်နှာတွေက ရယ်ဖြဲဖြဲ ဖြစ်လာပါတယ်။

ကားတွေရပ်သွားတာနဲ့ ဦးမောင်ကိုက “စကြတော့” လို့ အမိန့်ပေးပါတယ်။ စပီကာပါတဲ့ကားပေါ်က ရဲဘော်တွေ တရား စဟောကြပါတယ်။ ဗိုလ်ဟိန္ဒက ကားပေါ်ပါလာတဲ့ ကိုလေးအောင်၊ ကားတစီးပေါ်က ကိုအောင်သူတို့ ဟောတာ တွေ့ရတယ်။

ဒီတော့မှ ခဲယမ်းတွေ ပျံတက်လာပြီး ဟောသူရော လက်ခုပ်တီးပေးနေတဲ့ ကျနော်တို့ကိုပါ တဖုန်းဖုန်း တဒိုင်းဒိုင်း မှန်ကုန်ပါတော့တယ်။ ခရမ်းချဉ်သီးတွေ မျက်နှာမှန်လိုက်ရင် ဖြာခနဲ ပေါက်ကွဲထွက်ကုန်ပြီး ခရမ်းသီးကြီးတွေ နံဘေးမှန်လို့ ကတော့ ‘အွတ်’ ခနဲ ‘အင့်’ ခနဲအသံတွေ ထွက်လာပါတယ်။ ဂုတ်(ကုပ်)ကိုဖြိုပြီး ပုံးနဲ့ သဲလောင်းပေးသူက ပေးပါတယ်။ ခရမ်းချဉ်သီးအစေးတွေပေါ် ဖုံကပ်ပြီး ချွေးတွေသဲတွေနဲ့ နေရခက်ပါဘိ။ အနာခံပြီး မိနစ် ၂ဝ-၃ဝ လောက် တွန်းဟောကြပါတယ်။

ရယ်စရာ အဖြစ်အပျက်တခုက ဆရာဦးမောင်ကို မိုက်ခွက်ကိုင်ပြီး တရားဟောနေစဉ် ခရမ်းချဉ်သီးတလုံး ဝဲပျံလာကာ ပါးစပ်ထဲ ဝင်သွားတာပါပဲ။ (သူကတော့ မဝင်ပါဘူး၊ ပါးစပ်ပဲ မှန်တာပါ … လို့ ပြောပါတယ်။ ထွေးထုတ်လိုက်ရတာတော့ အမှန်) ထွီခနဲထွေးထုတ်ပြီး ဆက်ဟောပါတယ်။ သူ့ပေါ်မှာ ဗုံးမိုးစွေနေပါတယ်။ ခဲယမ်းပြတ်သွားမှာ မပူရ။ ခံတောင်းနဲ့ရွက်လာသူတွေ ထမ်းဆိုင်းနဲ့ ထမ်းလာသူတွေ မပြတ်ရှိနေတယ်။

ဆက်လက်ဖော်ပြပါမယ်။


No comments: