Monday, May 17, 2010

ဒေါက်တာသန်းငြိမ်း နှင့် ဘီဘီစီ ဆက်သွယ်မေးမြန်းချက်

မေလ ၆ ရက်နေ့က NLD ပါတီ တရားဝင်ရပ်တည်မှု ရပ်ဆိုင်းသွားပေမယ်လို့ NLD အဖွဲ့ဝင်တချို့က NDF လို့ခေါ်တဲ့ အမျိုးသားဒီမိုကရေစီအင်အားစု ဆိုပြီးတော့ နိုင်ငံရေးပါတီတခုအဖြစ် မှတ်ပုံတင်ဖို့ ကြိုးပမ်းလျှက်ရှိပါတယ်။ NDF အနေနဲ့ ဒီကနေ့ အစည်းအဝေးပြုလုပ်ပြီးတော့ အခုတပတ်အတွင်း နေပြည်တော်မှာ မှတ်ပုံတင်ဖို့ရှိတယ်ဆိုပြီးတော့ ပါတီဖြစ်မြောက်ရေးဆောင်ရွက်နေတဲ့ ဒေါက်တာသန်းငြိမ်းက BBC ကိုပြောပါတယ်။

အဲတော့ NDF ပါတီအဖြစ်တည်ထောင်ရာမှာ ဒီမိုကရေစီ နည်းမကျဘူးဆိုပြီးတော့ ဒေါ်အောင်ဆန်းစုကြည်က ပြောတယ်ဆိုတဲ့သတင်းတွေလည်း ကြားသိရတဲ့အတွက် ဒီကိစ္စကိုရော ဘယ်လိုများပြန်ပြီးတော့ ပြောချင်ပါသလဲ လို့ ဒေါက်တာသန်းငြိမ်းကို ဆက်သွယ် မေးမြန်းကြည့်ပါတယ်။

ဟုတ်ကဲ့၊ ဒေါ်အောင်ဆန်းစုကြည် ဝေဖန်တာ မဝေဖန်တာဆိုတာကတော့ ကျနော်တို့ အထူး ဘာမှ မှတ်ချက် မပေးလိုပါဘူး။ ဒါဟာ ဟုတ်သလား မဟုတ်သလား ကျနော်တို့သေချာလည်း ဘာမှမသိပါဘူး။ ကျနော်ပြောချင်တာကတော့ NLD ပါတီမှာ ၂၉ ရက်နေ့က ဆက်ပြီးတော့ မှတ်ပုံမတင်ဖို့ ဆုံးဖြတ်တယ်ဆိုတာက NLD ပါတီ ဆက်ပြီးမှတ်ပုံမတင်ဖို့ ဆုံးဖြတ်တာ။ အဲတော့ အဲဒီဆုံးဖြတ်ချက်ကို ကျနော်တို့ဘာမှ ကျူးလွန်ဖောက်ဖျက်တာ မရှိဘူး။

အခုဟာက ကျနော်တို့က NLD ပါတီ မရှိတော့လို့ သို့မဟုတ် ပျက်ပြယ်သွားပြီလို့ ယူဆစရာ ဥပဒေကြောင်းအရ ရှိနေလို့သာ သက်သက် ကျနော်တို့က ဒါ ကိုယ့်ရဲ့လုပ်ပိုင်ခွင့်ပေါ့ဗျာ၊ ဆိုလိုတာကတော့ လူတယောက်ရဲ့ အခွင့်အရေးပေါ့၊ Human Rights ပေါ့၊ လူ့အခွင့်အရေးအရ ကျနော်တို့ ဆက်ပြီးတော့ ကိုယ်လုပ်ချင်တဲ့ နိုင်ငံရေးလမ်းကြောင်း ကိုယ်လုပ်တာပဲ ဖြစ်ပါတယ်။ အဲ့တော့ NLD ပါတီကို ကျနော်တို့ ဘာမှသစ္စာဖောက်တယ်တို့၊ ဘာတို့ဆိုတာ ဒါ လုံးဝ အဓိပ္ပာယ်မရှိဘူးဆိုတာ ရိုးရိုးလေးစဉ်းစားရင် ရပါတယ်။


တခုကတော့ NLD ပါတီမှာ နောက်ဆုံးအချိန်အထိ ဆွေးနွေးကြတဲ့အခါမှာ အဓိက လက်ရှိရွေးကောက်ပွဲနဲ့ ဆိုင်တဲ့ဥပဒေတွေဟာ တရားမျှတမှု မရှိဘူး၊ လူပုဂ္ဂိုလ် တဦးတယောက်တည်းကိုဖြစ်စေ၊ အဖွဲ့တခုတည်းကိုဖြစ်စေ ရည်ညွှန်းထားတယ်ဆိုပြီးတော့ မကျေနပ်တဲ့သဘောတွေ တွေ့ရတယ်လေ၊ အဲတော့ တကယ်လို့ ရွေးကောက်ပွဲမှာ ပါတီတရပ်အနေနဲ့ ဆက်ပြီးပါမယ်ဆိုရင် ဒီဥပဒေတွေဟာ မျှတမှုမရှိဘူးဆိုရင် ခုနပြောတဲ့ လူ့အခွင့်အရေးရှုထောင့်က ကြည့်ရင်ကော ဒါတွေက ဘာဆက်လုပ်လို့ရမှာလဲ။

မျှတတဲ့ဥပဒေ၊ တရားတဲ့ဥပဒေတွေ မရှိဘူးဆိုတာ ဒါ အသစ်အဆန်းမှ မဟုတ်ပဲဗျာ။ ကျနော်တို့ NLD ပါတီကြီး စပြီးတော့ ဖြစ်လာတာတို့၊ ကျနော်တို့ကိုယ်တိုင် နိုင်ငံရေးထဲဝင်လာတယ်ဆိုတာတွေက အဲဒီလို မျှတမှုမရှိတာတို့ ဒါတွေကိုပြုပြင်ဖို့ ရည်ရွယ်ချက်နဲ့ ဝင်လာတာပဲဗျ၊ အခုမှ ဒါတွေရှိတာမှမဟုတ်တာပဲ။ အဲတော့ ဒီလို မမျှတမှုဆိုတဲ့ ကိစ္စတွေဟာ အခုလိုလုပ်ရင်းနဲ့ လျှော့သွားတာလည်း ဖြစ်ရင်ဖြစ်မယ်၊ တိုးလာတာလည်း ဖြစ်ရင်ဖြစ်မယ်၊ ကျနော်တို့တာဝန်ကတော့ အဲဒါတွေရှိနေသမျှ ဆက်ပြီးတော့ ဒီ မမျှတမှုတွေကို မျှတတဲ့အထိ၊ မကောင်းတာတွေကို ကောင်းသွားတဲ့အထိ၊ မတရားတာတွေကို တရားသွားတဲ့အထိ ဒါတွေကို ဥပဒေဘောင်ထဲကနေပြီးတော့ ဆက်ပြီးတော့ ကြိုးစားသွားမယ်ဆိုတဲ့ ရည်ရွယ်ချက်ပဲ ဒါပဲ အရေးကြီးတာပါ။ ဒါကိုပဲ ကျနော်တို့လုပ်နေတာပါ။

ဒါပေမယ့်လို့ Political Space ဆိုပြီး တချို့က နိုင်ငံရေးအရ လှုပ်ရှားဖို့နယ်ပယ်ကို လေ့လာလိုက်တဲ့အခါမှာ အခုလက်ရှိ စစ်တပ် တမတ်သားအပြင်ပေါ့နော်၊ သူတို့နဲ့မဟာမိတ်ဖွဲ့ထားတဲ့ အင်အားစုတွေ၊ ကြံ့ခိုင်ဖွံ့ဖြိုးရေး အဖွဲ့တွေရှိတဲ့အတွက် ကျန်တဲ့ လွတ်လပ်တဲ့ ဒီမိုကရေစီရေး ဆောင်ရွက်တဲ့အဖွဲ့တွေဟာ လွှတ်တော်မှာ အခြေခံဥပဒေပြင်ဆင်ဖို့ မဆိုထားနဲ့ လွတ်လပ်စွာပြောဆိုဆောင်ရွက်ခွင့်တွေမှ ရပါ့မလားလို့ ဝေဖန်တာတွေလည်းရှိတော့ တကယ်တမ်း လွှတ်တော်တရပ် ပေါ်လာရင်ကော ကိုယ့်ရဲ့ Political Rights ကို လွတ်လွတ်လပ်လပ် လုပ်နိုင်မယ်လို့ မျှော်လင့်သလားခင်ဗျ။

ကျနော်တို့ နိုင်ငံရေးလုပ်နေတာဟာ ရွေးကောက်ပွဲမှာ အောင်မြင်မှုပန်းတိုင်ကို ရောက်မယ်၊ လွှတ်တော်ထဲ ရောက်လို့ရှိရင် ကျနော်တို့ ဒီမိုကရေစီရမယ်လို့ ဒီလိုမျှော်လင့်ချက်နဲ့ ကျနော်တို့လုပ်နေတာ မဟုတ်ပါဘူး။ ဘယ်လောက်မြန်မယ်၊ ဘယ်လောက်ကြာမယ်ဆိုတာက အခြေအနေအရနဲ့ ကျနော်တို့ ဘယ်လောက် လုပ်နိုင်မလဲဆိုတဲ့အပေါ်မှာ မူတည်တယ်လေ။ အဲ့တော့ အရေးကြီးတာကတော့ ဒါကိုမရမချင်း ကိုယ်စွမ်းရှိသလောက်၊ ဉာဏ်စွမ်းရှိသလောက် ပြည်သူအတွက် ဆက်ပြီးတော့ လုပ်သွားဖို့ဆိုတဲ့ ဆုံးဖြတ်ချက်ပဲ အဓိကလို့ ကျနော် ထင်တယ်။

ဒေါက်တာသန်းငြိမ်း ဖြစ်ပါတယ်။

၂၀၁၀ ပြည့်နှစ်၊ မေလ ၁၇ ရက်နေ့ ဘီဘီစီ မြန်မာပိုင်း အစီအစဉ်မှ ကောက်နုတ်ဖော်ပြပါတယ်။

No comments: