Thursday, May 27, 2010

ပြည်ထောင်စု ဒီမိုကရေစီပါတီရဲ့ ဒုတိယ ဥက္ကဋ္ဌ ဦးဋ္ဌေး နှင့် ဘီဘီစီ ဆက်သွယ်မေးမြန်းချက်

၂၀၁၀ ရွေးကောက်ပွဲကို မဲမပေးကြဖို့၊ ရွေးကောက်ပွဲကို သပိတ်မှောက်ကြဖို့ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့၊ ဗမာနိုင်ငံလုံးရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်နဲ့ သံဃာ့တပ်ပေါင်းစုတို့က မနေ့ကတုန်းက ကြေညာချက် ထုတ်ပြန် တိုက်တွန်းခဲ့ပါတယ်။

ပြည်ထောင်စု ဒီမိုကရေစီပါတီကတော့ ဒီတိုက်တွန်းချက်ကို ဒီနေ့မှာ ကန့်ကွက်လိုက်ပါတယ်။ ဘန်ကောက်က ဦးဝင်းမြင့်က တင်ပြပေးမှာဖြစ်ပါတယ်။

၂၀၁၀ ရွေးကောက်ပွဲမှာ မဲသွားမပေးဖို့အတွက် အများပြည်သူတွေကို တိုက်တွန်းနေတာဟာ ဒီမိုကရေစီ လမ်းကြောင်းပေါ်ရောက်အောင် ရွေးကောက်ပွဲကနေဖြတ်သန်းမယ်ဆိုတဲ့ ယုံကြည်ထားတဲ့ ပါတီတွေအတွက်ကတော့ အခက်အခဲတွေရှိလာနိုင်တယ်လို့ UDP ပြည်ထောင်စု ဒီမိုကရေစီပါတီရဲ့ ဒုတိယ ဥက္ကဋ္ဌ ဦးဋ္ဌေးက အခုလို ပြောပါတယ်။

“Boycott လုပ်ရင် ကျနော်တို့မှာ အခက်အခဲရှိတယ်၊ တည်ဆဲအစိုးရကနေ ဖိနှိပ်လို့မဟုတ်ဘဲနဲ့ ဒီမိုကရေစီ အင်အားစုအတွင်းကလာတဲ့ Campaign တွေဖြစ်နေတဲ့အတွက် ပထမဆုံးက ကျနော်တို့ပဲ အခက်အခဲ ဖြစ်တယ်။ ရွေးကောက်ပွဲဝင်တဲ့ ဒီမိုကရေစီအင်အားစုကိုယ်စားလှယ်ကို တိုက်ခိုက်ရာရောက်တဲ့အတွက် ဒီမိုကရေစီအင်အားစုကိုယ်စားလှယ်တွေက ရှုံးဖို့များလာနိုင်တယ်။ ရွေးကောက်ပွဲမှာ အရေးနိမ့်သွားနိုင်တယ် ခေါ်တာပေါ့ဗျာ။

တကယ်တမ်းရလဒ်က တပ်မတော်က Sponsor လုပ်ထားတဲ့ ပါတီတွေနဲ့ ပုဂ္ဂိုလ်တွေပဲ ရွေးကောက်ပွဲမှာ အနိုင်ရဖို့ဖြစ်သွားတယ်။ လက်ရှိတပ်မတော်အစိုးရကပဲ အနိုင်ရပြီးတော့ သူတို့ပဲ အစိုးရမြဲဖို့ သွယ်ဝိုက် ထောက်ခံသလိုဖြစ်နေတယ်လေ”

အဲတော့ အများပြည်သူက မဲသွားမပေးရင် စစ်အစိုးရနဲ့ပတ်သက်နေတဲ့ ပါတီတွေက ဘယ်လိုလုပ်နိုင်လာမလဲ ခင်ဗျ။

“ဘာပဲဖြစ်ဖြစ် သူ့ရွေးကောက်ပွဲက ဆက်လုပ်မှာပဲ။ ရွေးကောက်ပွဲမဲကတော့ လူထုက ထိုက်သင့်တဲ့သူကို ပေးမယ့်သူက ပေးမှာကိုး၊ Majority Vote ရဲ့ သဘောကတော့ မဲအများဆုံးရတဲ့ပါတီက ဘယ်နှမဲပဲနိုင်နိုင် သူက လွှတ်တော်ကိုယ်စားလှယ်ဖြစ်မှာလေ။ ဖွဲ့စည်းပုံဥပဒေအရလည်း ၂၅% သူက ယူထားတယ်။ နောက်ထပ်လည်း နိုင်ဦးမယ်ဆိုရင် သူက အေးအေးဆေးဆေးပဲ၊ လွတ်လွတ်ကျွတ်ကျွတ်ပဲ သူက ပါလီမန်မှာလည်း စိုးမိုးမယ်၊ အုပ်ချုပ်ရေးမှာလည်း စိုးမိုးသွားမှာပေါ့”

အခု ဒီ ရွေးကောက်ပွဲကိုဆန့်ကျင်တဲ့သူတွေပြောတာက အခုဖွဲ့စည်းပုံကိုက ဒီမိုကရေစီမကျဘူး၊ စစ်အာဏာ တည်မြဲရေးအတွက် လုပ်ထားတဲ့ ဖွဲ့စည်းပုံဖြစ်လို့ ဒါကြောင့်မို့ ဒီရွေးကောက်ပွဲကို လက်မခံဘူးလို့ ပြောနေတော့ တကယ်တော့ လက်တွေ့မှာ ပြုပြင်ပြောင်းလဲဖို့ဆိုတာ ဖြစ်နိုင်ဦးမလားခင်ဗျ။

“လက်ရှိဖွဲ့စည်းပုံတို့၊ လက်ရှိရွေးကောက်ပွဲတို့က ကျနော်တို့ ထောက်ခံတာမဟုတ်ဘူးဗျ။ လက်ခံဖို့ ဖြတ်သန်းတာ။ ရွေးကောက်ပွဲက ၁၉၉၀ ပြည့်နှစ်က တခါပေါ်တယ်။ အခုတခါ ပေါ်တယ်ပေါ့ဗျာ။ အဲကျတော့ ပြီးခဲ့တဲ့ ၁၉၉၀ ရလဒ်ကတော့ သူတို့ နှစ် ၂၀ လုပ်ပြီးပြီ။ မဖော်နိုင်တော့ဘူး။ အဲကျတော့ ကျနော်တို့က ဒုတိယ အဆင့်အနေနဲ့ ပြန်ကြိုးပမ်းကြရတာ။ ဒီအခွင့်အလမ်းတွေ ပေါ်လာတဲ့အခါ ကျနော်တို့က နောက်အကြိမ် ကျနော်တို့ အကောင်အထည် ဖော်ကြည့်ပါရစေ အဲဒါပဲ။ အဲဒါအပေါ်မှာတော့ ချင့်ချင့်ချိန်ချိန်နဲ့ တွေးတောဖို့၊ ဆောင်ရွက်ကြဖို့ ကျနော်တို့က အဲဒါကိုတော့ အထူးမေတ္တာရပ်ခံချင်ပါတယ်”

ရွေးကောက်ပွဲကို သပိတ်မှောက်ဖို့အတွက် တိုက်တွန်းနေသူတွေကို ဦးဋ္ဌေးက ကန့်ကွက်ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲကော်မရှင်မှာ မနေ့တုန်းကအထိ ပါတီမှတ်ပုံတင်ခွင့်လျှောက်လွှာ တင်ထားတဲ့ အဖွဲ့ပေါင်း ၄၁ ဖွဲ့ ရှိပြီးတော့ ၁၄ ဖွဲ့ကိုတော့ ပါတီအဖြစ် အသိအမှတ်ပြုပြီလို့ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာထားပါတယ်။

၂၀၁၀ ပြည့်နှစ် မေလ ၂၆ ရက်နေ့ ဘီဘီစီ မြန်မာပိုင်း အစီအစဉ်မှ ကောက်နုတ်ဖော်ပြပါတယ်။


No comments: