Wednesday, May 26, 2010

မုန်တိုင်းကိုဆန်၍ ပင်လယ်ကိုဖြတ်သောအခါ (၃၉)

နောက်တခု ကျနော် စိုးရိမ်သည့်ကိစ္စတခု ရှိပါသည်။ မုန်တိုင်းကျသော လေတိုက်နှုန်း အလွန်ပြင်းထန်သောကြောင့် ရွက်တိုင်မှာ ကန့်လန်သလိုဖြစ်ပြီး လှေကွဲသွားမှာ၊ လှေပျက်သွားမှာ အလွန်စိုးရိမ်ရပါသည်။ ၃ နာရီခန့်မျှ မုန်တိုင်းထဲတွင်ဖြတ်သန်းပြီးနောက် လှေမှာ တစုံတရာမျှ ချို့ယွင်းပျက်စီးမှုမရှိပါ။

ကျနော်တို့ ၃ ယောက်သည် ကိုယ့်လှေကလေးအပေါ် အတော်ကို ယုံကြည် စိတ်ချသွားပါပြီ။ မိမိကိုယ်တိုင်လည်း မိမိကိုယ်ကို ယုံကြည်မှု ရှိလာပါသည်။ အားလည်း တက်လာပါသည်။ ဖထီးမန်းအောင်ကြည်က မုန်တိုင်းထဲမှ လေသံ လှိုင်းသံ တဝေါဝေါကြားထဲမှ လှမ်းအော်ပြီး ပြောလိုက်ပါသေးသည်။

“ဒီတခါ လှေမပျက်ရင် ကျနော်တို့လှေ မပျက်တော့ဘူး။ ဒီတခါမှ မသေရင် ပင်လယ်ထဲမှာ ဘယ်တော့မှ မသေဘူး”

ဖထီးမန်းစကားကြောင့် ကျနော်တို့ ပိုပြီး အားတက်လာပါသည်။ မုန်တိုင်းထဲမှာတော့ လှေကလေးတစင်းနဲ့ လူ ၃ ယောက် လှိုင်းဒဏ်၊ လေမုန်တိုင်းဒဏ်ကို ရဲရဲရင့်ရင့်အန်တုရင်း မုန်တိုင်းထဲမှာ ဖြတ်သန်းနေဆဲ ဖြစ်ပါသည်။

မနက်လင်းအားကြီးချိန်ရောက်မှ မုန်တိုင်းစဲသွားသည်။ ပင်လယ်ကိုကျော်ဖြတ် မုန်တိုင်းထဲမှာ စမ်းသပ်ခံလိုက်ရသည့် အကျိုးဆက်ကား ကျနော်တို့ ဘဝခရီးတလျှောက်တွင် ကြံခိုင်သော စိတ်ဓာတ်ခွန်အားကို ရရှိစေခဲ့ပါသည်။ ကြမ်းတမ်းကွေ့ကောက်သော ဘဝခရီးတလျှောက်တွင် လူအချို့တို့၏ အောက်တန်းကျ ယုတ်ညံ့သိမ်ဖျင်းစွာ ကျနော့်အား ဂုတ်နှိပ်ခဲ့သော်လည်း ကျနော် ဘယ်တော့မှ ရိုကျိုးဦးညွတ်မသွားခဲ့ပါ။ ပုတ်ချလိုက်သော ဘောလုံးပမာ ပြန်ခုန်တက်လာပါသည်။

ဘုရင်ကို ပလ္လင်ပေါ်က ဆွဲချရဲတယ်

ဘုရင်ကို ပလ္လင်ပေါ်က ဆွဲချရဲသည့်စိတ်ဓာတ်မျိုး အမြဲစိုက်ထူနိုင်ခဲ့ပါသည်။ မုန်တိုင်း၏သဘောကို အတော် သဘောပေါက်လာပါသည်။ မုန်တိုင်းကြောင့် ဖြစ်ပေါ်လာသော လှိုင်းလုံးကြီးများမှာ အလွန်ပင် ပြင်းထန် အားကောင်းပါသည်။ ကျောက်ဆောင်ကြီးကဲ့သို့ အမာခံထုမျိုး၊ ပင်လယ်ကူးသင်္ဘောကြီးကဲ့သို့ ထုထည်မျိုးကို တအားပြေးဆောင့်ပါသည်။ ကျွန်းမှာရှိစဉ်တုန်းက မုန်တိုင်းကျခဲ့ရာ အိုနာစစ် သင်္ဘောကြီးကို လှိုင်းလုံးကြီးများ ပြေးပြေးဆောင့်သည်မှာ ကရိန်းတိုင် ထိပ်ဖျားကိုပင် လှိုင်းညွန့်ကျော်သွားပါသည်။

သည့်အတွက်ကြောင့် ဒေါင်းအိုးဝေ မဂ္ဂဇင်းတွင် ကျနော်ရေးခဲ့သည့် ဆောင်းပါးထဲတွင် ‘မုန်တိုင်းဒဏ်ကြောင့် လှိုင်းခေါင်းဖြူကြီးများကို တောဆင်ရိုင်းအုပ်ကြီးများပမာ အစွယ်နှာမောင်းထောင်၍ ပြေးလွှားလာကြသည်’ ဟု တင်စားခဲ့ပါသည်။

ယခု ကျနော်တို့ကြုံတွေ့ရသော မုန်တိုင်းကြောင့်ဖြစ်ပေါ်လာသည့် လှိုင်းလုံးကြီးများ၏ အရွယ်ပမာဏရော၊ ခွန်အားသည် ကျနော်တို့ လှေကလေးတစင်းနှင့် လူ ၃ ယောက်မှာ လှိုင်းလုံးကြီးအတွက် ဖက်ရွက်သာသာလောက်မျှသာ ရှိပါသည်။ လှိုင်းလုံးကြီး၏ ကျောပေါ်တွင် အသာလေး သယ်ဆောင်သွားပါသည်။ မိုက်မိုက်ကန်းကန်း တအားပြေးဆောင့်ရမည့်အရာမျိုး သူ့အတွက်မဟုတ်ပါ။

မုန်တိုင်းလည်း စဲခဲ့ပြီ။ လှိုင်းအသင့်အတင့်သာ ကျန်ပါတော့သည်။ မုန်တိုင်းထဲတွင် လှိုင်းခေါင်းဖြူကြီးများကို အံတုရင် ပဲ့ကိုင် ရွက်တိုက်ခဲ့သော ဖထီး မန်းအောင်ကြည်သည်လည်း အကောင်းဆုံး မာလိန်မှူးအဖြစ် ကျနော်တို့ ပို၍ အားကိုးယုံကြည်လာရပါသည်။

နောက်တခုက ကျနော်တို့လှေကလေး တဖက်တချက်တွင် တွဲထားသော ဝါးဖောင်ကလေးမှာ အလွန် တန်ဖိုးရှိပါသည်။ လှိုင်းညွန့်ကြီးများသည် လှေကို တိုက်ရိုက်မထိဘဲ ဖောင်ကိုလာလာရိုက်ပြီး လှိုင်းညွန့် ကွဲသွားသည်။ ဖထီးမန်းအောင်ကြည် စိတ်ကူးစိတ်သန်း အလွန်ကောင်းပြီး အမျှော်အမြင် ရှိပါသည်။ ခေါင်းဆောင် ပီသပါပေသည်။

မုန်တိုင်းကစဲခဲ့ပေမယ့် မိုးက တဖွဲဖွဲရွာနေတုန်းပါ။ လေမှာ တိုက်သည်ဆိုရုံမျှ ရှိသည်။ ကျနော်တို့လှေသည် တအိအိသာ ရွေ့သည်ဆိုမျှသာ ဖြစ်သည်။ မိုးငွေ့မိုးဖွဲကြောင့် နေသည် မသာပါ။ အုံ့ဆိုင်းနေသည်။ မိုးသည် ဖွဲဖွဲရွာလိုက်၊ သည်းလိုက်နှင့် တနေကုန်ခဲ့သည်။ မိုးသည် ဖွဲဖွဲရွာလိုက်၊ ပြန်သည်းလိုက်နှင့် ညနေမှောင်လာသည်အထိ ဖြစ်သည်။

ညဦးပိုင်း ၉ နာရီအချိန်လောက်တွင် မီးတွေ ထိန်ထိန်လင်းနေသော ပင်လယ်ကူးသင်္ဘောကြီးတစင်း ကျနော်တို့ဘက်သို့ ဦးတည်မောင်းလာသည်။ ကျနော်တို့လှေက ရှောင်ပေးလိုက်သည်။ ကိုက် တထောင်ကျော်လောက် အကွာအဝေးရှိသည် ထင်သည်။ သင်္ဘောစက်သံ ဆူညံစွာကြားရပြီး သင်္ဘောဒီဇယ်အနံ့သည် ကျနော်တို့ဆီအထိ အနံ့ရပါသည်။

ကျနော်တို့လှေဘေးမှဖြတ်သွားသော သင်္ဘောကြီးအား မီးနှင့်အချက်ပြခြင်း မလုပ်ပါ။ ဤသင်္ဘောသည် မည်သည့်နိုင်ငံ၊ မည်သည့်သင်္ဘောနည်း။ ရန်သူနှင့်နီးစပ်သည့်နိုင်ငံမှ သင်္ဘောဆိုလျှင် ကျနော်တို့ကိုဖမ်းဆီးပြီး ရန်သူဆီပြန်ပို့နိုင်ပါသည်။ ဤအတွက်ကြောင့် အတွေ့မခံခြင်းဖြစ်ပါသည်။

ဆက်လက်ဖော်ပြပါမည်။


No comments: