Saturday, May 22, 2010

မုန်တိုင်းကိုဆန်၍ ပင်လယ်ကိုဖြတ်သောအခါ (၃၈)

ကျနော်တို့လှေမှာ တညလုံး၊ တနေ့လုံး လွှင့်လာလိုက်တာ ရေအကျနှင့် ရေတက်ကိုလိုက်ပြီး စုန်ဆန်နေသည့်အတွက် ဘယ်ကိုမှမရောက်သေးဘဲ ဖြစ်နေသည်။ မိုးကလည်း ဖွဲဖွဲရွာနေသည်။ လှိုင်းမူးတာလည်း ပြေပါပြီ။ အနောက်တောင်ဘက်သို့ လှေဦးကို တည့်ပေးလိုက်ပြီး ခပ်သွက်သွက် လှော်ထွက်လာပါသည်။

တော်တော်လေး မှောင်ရီပျိုးစပြီဖြစ်သည့်အတွက် ရွက်တင်လိုက်ပါသည်။ ဦးစွာ လေးထောင့်ရွက်ကြီးတခုကိုသာ တင်ကြည့်ပါသည်။ ကိုကိုးကျွန်းမကြီးလည်း မြင်ကွင်းမှပျောက်သွားပါသည်။ ကျနော်တို့လည်း စိတ်အေးသက်သာရှိသွားကြပါသည်။

မကြာမီတွင် တောင်မြင့်မြင့်နှင့် ကျွန်းကြီးတခုကို လှမ်းမြင်ရပါသည်။ ကျွန်းကြီးမှာ ကြေးစည်ပုံသဏ္ဍာန်ရှိပါသည်။ ကြေးစည်များ၏ နှစ်ဖက်စွန်းတွင် ပြန်လှန်ပြီး အကောက်လေး ချိပ်နေသည့် ပုံအတိုင်းဖြစ်ပါသည်။ နောက်အခါတွင် ပြန်သိရသည်မှာ နာဂိုတန်ကျွန်းဟု သိရသည်။ မြေပုံထဲတွင်ပြန်ကြည့်ရာ နာဂိုတန်ကျွန်းပင် ဖြစ်သည်။

ကျွန်းကြီးမှ တမိုင်ကျော်လောက် အကွာအဝေးမှ ဖြတ်လာခဲ့သည်ဟု ခန့်မှန်းရသည်။ ဤတွင် ထူးဆန်းသော ရေသတ္တဝါတမျိုးကို စတင်တွေ့ရပါသည်။ တလံကျော်လောက်ရှည်သည့် ငါးကြီး ၂ ကောင်သည် ၂ ကောင် ယှဉ်ပြီးသွားလျက် ယှဉ်ပြီးငုတ်သွားသည်။ ယှဉ်ပြီးပြန်ပေါ်လာသည်။ ပြန်ပေါ်လာသည့်အခါတွင် ပါးစပ်ထဲမှ “ဝူး” ဟု အသံနှင့်အတူ ရေကို မှုတ်ထုတ်ပါသည်။ ဖထီးမန်းက ပြောသည်။

“အဲဒါ လင်းပိုင်(လင်းရှူး) ပဲ။ အဖိုနဲ့အမ ၂ ကောင်တွဲသွားတယ်။ လှေ၊ သင်္ဘောတွေကို သူတို့ ၂ ကောင်က ကျောနဲ့ တွန်းတွန်းပြီး ကမ်းခြေကို ပို့ပေးတယ်။ ဒီ လင်းရှူးတွေရှိရင် ငါးမန်း မရှိဘူး။ သူ မှုတ်ထုတ်လိုက်ရင် တခြားငါး မခံနိုင်ဘူး”

ဖထီးမန်းပြောချက်အရ အန္တရာယ်ပေးသည့် ငါးမျိုးမဟုတ်သည့်အတွက် စိုးရိမ်စိတ်မရှိတော့ပါ။ ကျနော်တို့ လှေမှာလည်း ရွက်တင်ထားပြီးဖြစ်သည့်အတွက် လှော်စရာမလိုတော့ပါ။ ဒါပေမယ့် ပုံမှန်အလုပ်တခုကတော့ အမြဲတမ်းရှိနေပါသည်။ စိမ့်ပြီးထွက်လာသောရေကို နာရီဝက်နီးပါးတကြိမ် အမြဲရေခပ်ထုတ်ရပါသည်။

ရေမှာ ရွက်တိုင်အောက်ခြေ ကြက်ခြေခတ်အောက်မှ စိမ့်ထွက်လာသည့်အတွက် ဖထီးမန်းရော၊ ကျနော်ပါ ကြိုးစားပြီး ပွဲညက်နဲ့ ဖာပါသည်။ ရေစိမ့်ထွက်မှုမှာ ဘာမှ မထူးခြားပါ။ မိုးက ချုပ်စပြုလာပါပြီ။ ဖထီးမန်းက ပြောသည်။

“ကဲ … စိတ်ချရပြီ၊ အင်္ဂလိပ်ရွက်တွေပါ တင်မယ်”

အင်္ဂလိပ်ရွက်ကိုတင်ဖို့ ပြင်ဆင်ပါသည်။ အင်္ဂလိပ်ရွက်မှာ အဖျားချွန်ကို ရွက်တိုင်ပေါ်ဆွဲတင်ပြီးနောက် အောက်နားညီမှ အောက်ဖျားစွန်း ၂ ဖက်ကို ဝါးလုံးတလုံးနှင့် ကန့်လန်ထောက်လိုက်ခြင်းအားဖြင့် လေထုအားကို ရပါတော့သည်။

ဗမာရွက်က ရွက်ကြိုး ၄ ချောင်း၊ အင်္ဂလိပ်ရွက်က ရွက်ကြိုးတချောင်းတည်း ဖြစ်ပါသည်။ ရွက် ၃ ဖုံအားနဲ့ဆိုတော့ လေခိုအားကောင်းပြီး လှေသွားနှုန်းလည်း မြန်လာပါသည်။ အေးအေးလူလူနှင့် စိတ်လက်ပေါ့ပါးလာကြပါသည်။

ကျနော်တို့ ညနေစာစားဖို့ ပြင်ဆင်ပါသည်။ လိပ်သားကျပ်တိုက်ခြောက် တယောက် တတုံး၊ ကန်စွန်းဥ တလုံး၊ သခွားသီးတလုံးစီ ဝေပေးလိုက်ပါသည်။ လိပ်သားကျပ်တိုက်ခြောက်ကို ဝါးလိုက်၊ ကန်စွန်းဥ ကိုက်လိုက်၊ သခွားသီးစားလိုက်နှင့် စားလို့ကောင်းပါသည်။

ပင်လယ်လေကလည်း တသုန်သုန်ဖြူးနေပါသည်။ သခွားသီးစားသည့်အတွက် ရေသောက်စရာ မလိုပါ။ ကျနော်တို့မှာ ရေချို ၅ ပုံး ပါသည်။ ပထမပုံးကို ဖောက်သည်။ ဆေးပုလင်းသွင်းသည့်ပိုက် ဆန့်ရုံအပေါက်ကလေး ဖောက်ပြီး ရေကိုသောက်ကြသည်။ အားလုံးသောက်ပြီး ပိုက်ကိုပြန်ထုတ်၊ အပေါက်ကလေးကို ပြန်ပိတ်လိုက်ပါသည်။

မုန်တိုင်းကို ဆန်ပြီ

ညသည် နည်းနည်းမှောင်လာပါသည်။ ရွက်တိုက်ခြင်းနှင့် တက်မကိုင်ခြင်းကို ဖထီးမန်းပဲ ဦးစီးပါသည်။ လေနှင့် လှိုင်းကြောင့် အလိုက်သင့် ခပ်စောင်းစောင်းလေး လှေဦးကို တည့်ထားလိုက်လျှင် အလိုက်သင့် ဖြစ်သွားပါသည်။ ညနည်းနည်း ပိုမှောင်လာတော့ လေက ပိုပြီးထန်လာသည်ကို သတိထားမိသည်။ လှိုင်းလည်း နည်းနည်း ပိုကြီးလာသည်။

ည ၉ နာရီကျော်လောက်တွင် မိုးကောင်းကင်တခုလုံး မဲမှောင်ပြီး လျှပ်စီးလက် မိုးကြိုးပစ်ပါသည်။ မကြာပါချေ၊ ပင်လယ်တခုလုံး တဝေါဝေါနဲ့ မိုးသက်လေပြင်းကျလာပါတော့သည်။ လှိုင်းခေါင်းဖြူကြီးများလည်း ထကြွလာပါတော့သည်။ လှိုင်းခေါင်းဖြူ ကြီးများမှာ ၁၀ ပေကျော် မြင့်မည်ထင်သည်။

မုန်တိုင်းကျလာပါပြီ။ ရွက်ကြိုးများလည်း တင်းတောင့်နေပြီ။ ဖြုတ်လိုက်လို့ မရတော့ပါ။ လှိုင်းခေါင်းဖြူကြီးများမှာ ကျနော်တို့ လှေကလေးကို ဖုံးအုပ်သွားတော့မလား၊ ဖုံးအုပ်သွားတော့မလား စိုးရိမ်ထိတ်လန့်နေရပါသည်။

လှိုင်းခေါင်းဖြူ ကြီးများကို လှေတစောင်းပေးပြီး ခံပါသည်။ လှိုင်ခေါင်းဖြူကြီးများမှာ လှိုင်းညွန့်ကျိုးပြီး လှေကို လာရိုက်ပါသည်။ လှေဘေးတွင် တွဲထားသော ဝါးဖောင်ကလေးကို လှိုင်းကရိုက်ပြီး ဖောင်အောက်ကို ဝင်သွားပါသည်။ ကျနော်တို့လှေကလေးမှာ လှိုင်းခေါင်းဖြူကြီးများပေါ်တွင် ခုန်ပျံတော့မလောက် ပြေးလွှားနေပါသည်။

ရွက်သုံးဖုံအားကြောင့် လှေပြေးနှုန်းမှာ မာနယ်ပလော သောင်ရင်းမြစ်တကြောတွင် မောင်းနှင်နေကြသော စက်လှေကြီးများ၏ သွားနှုန်းနီးပါရှိမည် ထင်ပါသည်။

ကျနော်တို့လည်း အလွန်စိုးရိမ်ပါသည်။ ညနေမိုးချုပ်စကပင် ကွန်တီတီဖောင်မှ လေ့လာထားသော အတွေ့အကြုံအရ ၁၀ တောင်နီးပါးရှည်သော ဝိုင်ယာကြိုးကို ပုခုံးနှင့် ဂျိုင်းအောက်တွင် စလွယ်သိုင်းချည်ပြီး အစကို လှေဝမ်းတွင် ချည်ထားပါသည်။ ဤကြိုးမှာ အသက်ကယ်ကြိုးဖြစ်ပြီး အမိန့်မရလျှင် လုံးဝ ဖြုတ်ခွင့်မရှိပါ။

ဆက်လက်ဖော်ပြပါမည်။


No comments: