ကျွန်တော်စိတ်တွင် အင်မတန် စိုပြည်လက်ဆတ်သောဘဝဟု ယူဆသည်။ ဗမာပြည်ရှိသည့် လူသည် လူရိုင်းမျိုးဘဝ ရောက်ချင်ရောက်သွားပါစေ၊ လွတ်လပ်ချမ်းသာစွာ ခေါင်းထောင်နေနိုင်မည်ဆိုလျှင် မလွတ်လပ်သော လူယဉ်ကျေးဘဝထက် ကျွန်တော် အဆတရာ ကြိုက်သည်၊ နှစ်သက်သည်။ စိမ်းလန်စိုပြည် ကျယ်ပြန့်သော လွင်ပြင်ရိုင်းပေါ်တွင် လက်ပန်းပေါက်ခတ်၍ လွတ်လွတ်လပ်လပ် မြူးထူးအော်ဟစ်နေလိုသည်။”
အောင်ဆန်း (၁၉၁၅-၁၉၄၇)
(ခ)
မြစ်တွင်းမှ လှမ်း၍ကြည့်လျှင် မတ်စောင့်မြင့်မားသော မြစ်ကမ်းပါးကို တွေ့ရသည်။ မြစ်ကမ်းပါးထိပ်မှ မြင်ရသော မြစ်ပြင်သည်က ညိုညစ်၍ ဒေါမာန်ကြီးသော မြွေကြီးတကောင်လို။မုတ်သုန်ရာသီအတွင်း၌ နီကျင်ကျင် မြစ်ရေသည် ဒေါမာန်ကြီးစွာဖြင့် စီးဆင်းနေသော်လည်း နွေနှောင်းကာလများတွင်မူ ကမ်းပါးယံ၏ အောက်ခြေစပ်ဆီသို့ ဖြတ်တိုက် တိုးဝှေ့နိုင်ခြင်းပင် မရှိတော့။ ကမ်းပါးနှင့်မြစ်ယံကြား၌ ဖြူလွှသော သဲသောင်ပြင်နှင့် သဲသောင်ယံအတွင်း ထိုးထိုးထောင်ထောင် ထွက်နေသော ကျောက်တုံးကြီးများက ခြားလျက်ရှိသည်။
မဲနက်၍ ပြောင်ချောနေသော ကျောက်တုံးကြီးများနှင့် ဖြူလွှသည့် သဲသောင်ပြင်သည် ဆန့်ကျင်ဖက်တရားတို့၏ ပေါင်းစည်းမှုအလှကို ဖွင့်လှစ်ပြနေသလို၊ အနုပညာဖြစ်နေသည်။ နေသာသောနေ့ရက်များ၌ ကြယ်ပွင့်များကဲ့သို့ တလတ်လတ်ဖြင့် သဲသောင်ယံသည် တောက်ပနေလျက်။
ကမ်းပါးနှင့် မြစ်ကမ်းစပ်အကြား လူသွားလမ်းဟူ၍ သီးသန့်မရှိ။ အများစု ထပ်ခါ၊ ထပ်ခါသွားထားကြသည့် ခြေရာများကပင် သဲပြင်တွင် ခြေဖဝါးရာ စွပ်ကြောင်းလမ်းငယ်လေးအဖြစ် ရှိနေသည်။ သောင်ပြင်စွပ်ကြောင်း လမ်းမွှာလေးများအတွင်း ကျင့်သားမရသေးသည် ဂျိုင်းထောက်နှင့် စမ်းလျှောက်နေကြသော သူတွေရဲ့ ခြေရာများသည်လည်း မည်မျှပါဝင်နေမည်နည်း။ အတိအကျ မပြောနိုင်။
ခရုပတ်စွပ်ကြောင်း လမ်းငယ်လေးများသည် ကမ်ပါးမှမြစ်ကမ်းကြား သဲသောင်ပြင်၌ ဟိုမှ၊ သည်မှ ပင့်ကူအိမ် ကွန်ယှက်များ သဏ္ဍန်အလား ရှုပ်ထွေး ပွေလိမ်နေသည်။
‘မာနယ်ပလော’ မှ စုန်ဆင်းလာသော စက်လှေသံကိုမူ သောင်ရင်းမြစ်အတွင်းရှိနေစဉ် မကြားရ၊ ‘သုမွဲထ’ မြစ်ဆုံသို့ ရောက်၍ သံလွင်အား ဆန်တက်လာမှသာ စက်သံပြင်းသော စက်လှေသံအား စူးစူးဝါးဝါး ကြားရတော့သည်။ လူ ၁ဝ ယောက်မှ ၁၅ ယောက်အထိ စီးနင်းနိုင်သော လှေငယ်များသာ။ ခုတ်မောင်းသံပြင်းပြင်းနှင့် မှန်မှန်ဆန်တက်လာသော လှေများက ‘မယ်လထ’ ဘက်မှ ဆန်တက်လာသော ကျွဲ၊ နွားတင်သည့် လှေကြီးများ။
‘မယ်ညောခီး’ ဘက်မှ ဆန်တက်လာသော လှေငယ်များ၏ စက်အသံကား၊ အဝေးမှပင် စူးဝါးစွာကြားရတတ်ပြီး သောင်ရင်းမြစ်အတွင်းသို့ ချိုးကွေ့ဝင်ရောက်သွားပါက စက်လှေအသံသည် ရုတ်ခြည်းပျောက်ကွယ် တိမ်ဝင်၍ သွားပြန်သည်။ ‘သောလဲထ’ မှ စုန်ဆင်းလာသည့် လှေသံများကိုမူ ‘မဲခေါင်ဝဲ’ အား ကျော်ဖြတ်သည့် အခိုက်အတန့်လေးတွင်သာ အင်ဂျင်စက်သံပြင်းပြင်းကို စူးစူးဝါးဝါး ကြားရတတ်ပြီးနောက် မကြားရတော့ပေ။
ဆောင်းအဝင် နိုဝင်ဘာရက်များ၏ နံနက်ခင်း၌ သံလွင်သည် နှင်းထုအတွင်း အေးခဲစွာဖြင့် ငြိမ်ဝပ်၍ နေတတ်သည်။ နွေနေ့များ၌ နီကျင်ကျင် မြွေကြီးတကောင်ကဲ့သို့သော သံလွင်သည် ဖြူလွှလွှ၊ နှင်းထုအောက်၌ ပျောက်ကွယ်လို့နေပြန်သည်။ တခါ၊ တခါ ‘ဥသုတ’ တောင်တန်းပေါ်မှ ပြိုဆင်းလာသော မြှူနှင်းအုပ်ကြီးသည် ဝါဂွမ်းလိပ်ကြီးများအလား တအိအိနှင့် လိပ်ဆင်းလာပြီး သံလွင်အတွင်းသို့ထိုးဆင်း၍ ငုပ်လျှိုးသွားတက်သည်။
နံနက်ခင်း နေရောင်ခြည်သည် မြူနှင်းထုကြီးအားထိုးခွဲ၍ သံလွင်အား ရှာဖွေနေသည်။ ပိန်းပိတ်နေသော နှင်းမှုန်တို့က တိုးဝင်လာသော နေရောင်ခြည်အား ဖယ်မပေး။ သံလွင်အား သူတို့၏ မြူမှုန်လေးများဖြင့် ဖုံးဖိထားလိုကြသည်။ အချိန်သည် ရင့်လာသည်။ နေခြည်သည် ဝင့်ဝါစပြုလာပြီ။ မြူနှင်းတို့က ဖယိုဖရဲနှင့် ပြိုကွဲစပြုပြီ။
ပြီးတော့ … …
သံလွင်သည် သူ၏ပကတိရုပ်သွင် နီကျင်ကျင် ညိုညစ်ညစ် မြွေကြီးတကောင်လို ဒေါမာန်ကြီးစွာဖြင့် ‘ဝဲကတော့’ ကြီးများ ဖြစ်လိုက်၊ ကျောက်စိုင် ကျောက်တုံးကြီးများအား ‘ဝုန်းခနဲ’ ပြေးတိုက်လိုက်နှင့် စီးဆင်းနေတော့သည်။
သံလွင်ကား ‘အရိုင်း’ ပင်တည်း။ သူတွင် သိမ်မွေ့မှု မရှိ။ ကြမ်းတမ်း၏။ သံလွင်ကား မြို့ပြနှင့် မနီးစပ်။ ဟန်ဆောင်မှုနှင့် မာယာအား နားမလည်။ ကျေးလက်၏ အငွေ့အသက်ပင်လျှင် … တခါတခါ၌သာ တွေ့ရ၏။ သံလွင်ကား တောနက်ကြီး၏ ပြယုဂ်ပင်တည်း။ သံလွင်သည် သန်စွမ်း၏။ ဖြတ်လက်၏။ ရဲရင့်၏။ ထိုကြောင့် … သံလွင်သည် ‘အရိုင်း’ ပင်ဖြစ်၏။
‘ထွီးပါးဝီးကျိုး’ ဟုခေါ်သော ခွေးအိပ်တောင်သည် မတ်မတ်ကြီးရပ်၍ သံလွင်အား ငုံ့၍ကြည့်သည်။ လှိုင်းလုံးကြီးများဖြင့် ပြေး၍ဆောင့်ရင်း သံလွင်က မော့၍ကြည့်သည်။ စက္ကန့်မလပ် ထိတွေ့နေသည့် သူတို့၏ ဆက်ဆံရေးကား ရှည်ကြာလှပြီ။
သံလွင်သည် လွတ်မြောက်ရေးတပ်သားတို့အားလည်း သယ်ပိုး၍ လိုရာသို့ ပို့ဆောင်ခဲ့ဖူးသည်။ ဖက်ဆစ် ဝါဒီတို့သည်လည်း သံလွင်အား စီးမျော၍ သွားလာကူးလူးခဲ့ကြသည်။ ဖောက်ပြန်သူတို့သည်လည်း သံလွင်နှင့် ထိတွေ့ခဲ့ကြ၍ သူရဲကောင်းတို့သည်လည်း သံလွင်နှင့် ဆက်ဆံခဲ့ကြရသည်။ ကြောက်ရွံ့တတ်သူတို့သည်လည်း သံလွင်နှင့် မကင်းခဲ့ကြ။
သံလွင်သည်ကား အေးအေးစက်စက် အထိအတွေ့ဖြင့်သာ အမြဲတမ်း တုံ့ပြန်တတ်ခဲ့သည်။ ရှည်လျားစွာ ဖြတ်သန်းလာခဲ့ရသော အတွေ့အကြုံတို့နှင့် သံလွင်သည် ရင့်ကျက်၍နေလေပြီ။
အစော်ကားခံ၊ အနိုင်ကျင့်ခံ၊ ကျောမွဲတို့၏ ရုပ်အလောင်းများသည်လည်း သံလွင်အတွင်း မြုပ်ချီ၊ ပေါ်ချီနှင့် မျောပါခဲ့ဖူးသလို ဖောက်ပြန်သူတို့၏ ဝိဉာဉ်မဲ့ ခန္ဓာတို့သည်လည်း သံလွင်အတွင်း ရှိခဲ့ကြသည်။
လွန်ခဲ့သော ဆယ်စုနှစ်များဆီက သံလွင်သည် ‘ဒေါင်းအလံ’ တလူလူနှင့် မော်ကြွားလို့။ ဖြတ်လက်၊ တတ်ကြွလို့။ ‘ထွီးပါးဝီးကျိုး’ တောင်ထိပ်မှ ဖျာထွက်နေသော နေခြည်အောက်ခံနှင့် ဖားစည်အလံတော်သည် လေအဝှေ့၌ တဖြတ်ဖြတ်။ ဤနေရာရောက်သည့်အခါတိုင်း သံလွင်သည် မြင့်မားမတ်စောက်သော ကျောက်တောင်ထိပ်ရှိ ဖားစည်အလံတော်အား ဦးညွှတ်မြဲ။ ဤနေရာ၌ သူရဲကောင်းတို့ ရှိခဲ့ဖူးလေသည်။ ယခုထိ ဝိဉာဉ်တို့က ရှင်သန်နေမြဲ။
အို - ထွီးပါးဝီးကျိုးတွင်သာမက ‘စောထ’ မှာ၊ ‘ဒေါင်းဂွင်’ မှာ၊ ‘ဥသုတ’ မှာ၊ ‘သုမဲထ’မှာ၊ ‘မဲညောခီး’ မှာ၊ ‘ဆင်ဖြူတောင်’ မှာ … သူရဲကောင်းတွေ၊ စစ်သည်တော်တွေ၊ အညတရ သူရဲကောင်းတွေ။ ဟိုတုန်းက သံလွင်သည် သူတို့တွေနှင့် ထိတွေ့ရင်း ရင်းနှီးရင်း၊ ပျော်ပါးရင်း ရင်ခုန်ခဲ့သည်။ အနာဂတ်ကို စိတ်ကူးယဉ်ခဲ့ဖူးသည်။
ထိုစဉ်က ဖောက်ပြန်သူတို့၏ အသံသည် တိုးတိတ်ဆဲ။ စစ်သည်တော်တို့၏ လွတ်မြောက်ရေး တေးသီသံသည်သာ မြစ်ပြင်ပေါ်ဝယ်။ ကမ်းပါးမယ်။ စိုက်ခင်းထဲဝယ်။ ခံတုတ်ကျင်းထဲမယ်။ လျှောက်မြောင်းထဲဝယ်။ အသွေးအသားထဲမယ်။ ပျံ့နှံ့လို့။ စီးမျောလို့။
“စွန့်လွှတ်အနစ်နာခံခြင်း” ဟူသည့်အဓိပ္ပာယ်အား သံလွင်သည် ‘ဖြစ်ရပ်’ များနှင့်ယှဉ်၍ ပြောပြနိုင်သည်။ သူ့ဝန်းကျင်တွင် လက်တွေ့ဖြစ်ရပ်များက အထောင်အသောင်း။ ‘မဲညောခီး’ ခုခံရေးစစ်။ ‘ထွီးပါးဝီးကျိုး’ တိုက်ပွဲ … သံလွင်ရဲ့အတ္ထုပတ္တိ အတွင်း သူရဲကောင်းတို့၏ ကိုယ်ရေးသမိုင်းတို့က အပြည့်၊၊ ကိုယ်ကျိုးရှာသူ အချောင်သမားတို့၏အကြောင်းတွေလည်း ကျွဲကူးရေပါဆိုသလို အခန်းလိုက်၊ ခေါင်းစဉ်လိုက်ရှိနေပြန်သည်။
ယမ်းခိုးတွေ ဝေခဲ့သလို၊ ဗုံးမိုးတွေ စွေခဲ့တာကိုလည်း သံလွင်သည် ခံခဲ့ရသည်။ စစ်ကိုကြုံခဲ့သည့်သံလွင်သည် ဒေါင်းအလံ တလူလူနှင့် အနာဂတ်ကို ချီတတ်ခဲ့သည်။ လွတ်မြောက်ရေး စစ်ချီတေးနှင့် သံလွင်သည် တတ်ကြွခဲ့၏။ ဖြတ်လတ်ခဲ့၏။ ရဲရင့်ခဲ့၏။ ကြမ်းတမ်းခဲ့၏။ ထိုကြောင့် … … သံလွင်သည် တောနက်ကြီးထဲမှ သားရဲတကောင်ကဲ့သို့ … ‘အရိုင်း’ ဖြစ်ခဲ့၏။
ယခုတော့ … … …။
No comments:
Post a Comment