“ဟောဒီမှာ ကြည့် … ခင်ဗျားတို့ ကြည့်သွား၊ နောက်ထပ် အသေခံဖို့ တန်းစီနေတဲ့ ရဲဘော်တွေ။ ကျနော်တို့ တောင်းထားတာမရရင် အသေခံမယ်”
လို့ မာမာပြတ်ပြတ် ပြောပစ်လိုက်တယ်။
အဲ့ဒီတော့မှ ထောင်အာဏာပိုင်တွေဟာ သူတို့မှာ ပါလာတဲ့ ဝှက်ဖဲကို ချပြကြတယ်။ သေချာပြန် စဉ်းစားလိုက်ရင်တော့ ဒီလူတွေဟာ အတော်တော့ ယုတ်မာတာ။ နောက်ဆုံး အချိန်အထိ၊ သူတို့ အလျှော့ပေးရတော့မယ့် အချိန်အထိ ဈေးဆစ် အကျပ်ကိုင်နေတာ။ ကျနော်တို့ ရဲဘော်တွေရဲ့ အသက်ကို သူတို့ အကျပ်ကိုင်နေကြတာ။ ဒါ … ရန်ကုန်က ခိုင်းလို့လည်း ဖြစ်ချင်ဖြစ်မှာပေါ့လေ။ တကယ်တမ်းတော့ ဒီထောင်အာဏာပိုင်တွေဟာ တိုက်ပွဲဝင်ရဲဘော်တွေရဲ့မျက်နှာတွေကို မကြည့်ရဲဘူး။ စိတ်မလုံတဲ့သဘောပဲ။
သူတို့ ဒီတခါဝင်လာတာ ထူးခြားတဲ့အတွက် တိုက်ပွဲဆောင်ပတ်ဝန်းကျင်မှာလည်း ကျနော်တို့ ရဲဘော်တော်တော်များများ ကျနော် အပါအဝင် သူတို့ကို စိုက်ကြည့်နေကြတယ်။ အဲ့ဒီလို သူတို့ကို ဝိုင်းပြီး သတိထားနေကြမှန်းသိတဲ့အခါကျတော့ သူတို့လည်း သိပ်ပြီးတော့ ရေရှည် အချိန်မဆွဲနိုင်တော့ဘူး။ ဒါနဲ့သူတို့လည်း မျက်လွှာချပြီး
“ကဲ … သပိတ်လှန်လိုက်ကြပါ ဗျာ၊ ကိုယ်ထူ ကိုယ်ထစနစ်ကို ဖျက်သိမ်းပေးပါ့မယ်”
လို့ ပြောထွက်လာတယ်။
အဲဒီတော့ ကျနော်တို့ဘက်က
“ဒါဖြင့်ရင် ခင်ဗျားတို့ စာရွက်စာတမ်းနဲ့ လက်မှတ်ထိုးပေး”
အဲဒီလို တောင်းဆိုလိုက်တယ်။ ထောင်အာဏာပိုင်တွေဆိုတာက လက်ဝါးလှန်လိုက် မှောက်လိုက်ဆိုတာမျိုး၊ ခုတမျိုး ခုတမျိုးလုပ်တတ်တယ်လေ။ အဲ့ဒီတော့ အပိုင်ချည်မှ တုတ်မှဖြစ်မှာ။
ဒါကြောင့်မို့လို့ ကျနော်တို့က ဒီလိုချည်တုတ်ပြီးပြောတဲ့အခါကြတော့ သူတို့က ဘယ်လိုတုန့်ပြန်သလဲဆိုတော့ ...
“ဟာ … ဒါကတော့ ကျနော်တို့မှာ လုပ်ပိုင်ခွင့် မရှိဘူး” တဲ့။ “မနက်ဖန်မှ Navy စခန်းဘက်သွားပြီး ကျနော်တို့ ယူပေးမယ်။ ခင်ဗျားတို့ သပိတ်အရင်လှန်နှင့်ပေါ့”
လို့ ထပ်ပြီးတော့ ဈေးဆစ်ပြန်တယ်။ ကျနော်တို့ဘက်က သံသယရှိတာ မလွန်ဘူးဗျ။ အတော်ကို မတရားတဲ့ လူတွေ၊ ကျနော်တို့ဘက်က ခေါင်းဆောင်တွေကတော့ ...
“ခင်ဗျားတို့ဘက်က လက်မှတ်ထိုးပေးပြီးမှ ကျနော်တို့ သပိတ်ကို လှန်မယ်။ အဲဒီဘက်က လက်မှတ်ထိုးပြီးတော့ စာနဲ့ပေနဲ့ ကတိစကား မရမချင်း ဆက်တိုက်မယ်”
လို့ မတုန်မလှုပ် တည်တည်ငြိမ်ငြိမ်နဲ့ ပြန်ပြောလိုက်တာ၊ အဲဒီလိုနဲ့ပဲ အဲဒီနေ့က ပွဲပျက်မသွားဘူး။ သူတို့ ပြန်ထွက်သွားကြတယ်။
အဲဒီနေ့ညနဲ့ နောက်တနေ့ကဖြင့် ကျနော့်တသက်မှာ အချိန်တွေကုန်လွန်တာ အနှေးဆုံး နေ့နဲ့ညလို့ ပြောချင်တာပဲ။ တဖက်မှာ သေတွင်းနှုတ်ခမ်းမှာ တိုက်ပွဲအလံကိုကိုင်ပြီး တိုက်ပွဲဝင်နေတဲ့ ရဲဘော်တွေ၊ တဖက်မှာက အထက်အမိန့် သွားပြီးတော့ ခံယူပါမယ်ဆိုပြီး ပြန်ထွက်သွားတဲ့ အာဏာပိုင်တွေ။
ဒီနှစ်ဖက် ပြန်ဆုံကြမယ့်အချိန်ကို စောင့်ရတဲ့ဟာက အင်မတန် ရှည်ကြာတာပဲ။ အောင်ပွဲနဲ့ ကျဆုံးခြင်း အကြားမှာ ဘယ်လောက်မှ မကွာခြားဘူးဆိုတာလည်း တနုတ်နုတ်ခံစားမိတယ်။
ဒီလိုနဲ့ နောက်တနေ့ ရောက်လာတယ်။ တိုက်ပွဲဝင် ၅၃ ရက် မြောက်နေ့ပေါ့။ နောက်ဆုံးနေ့ပဲ။ မနက်စောစောမှာ ထောင်မှူးကြီးရယ်၊ နောက် ထောင်မှူးတယောက်ရယ်၊ ဝါဒါ ၂ ယောက် ၃ ယောက်ရယ် မော်တော်ကားလမ်းအတိုင်း Navy စခန်းဘက်ကို လမ်းလျှောက်ထွက်သွားကြတယ်။ မိုးက မပြတ်အောင် ရွာထားတာမို့လို့ မူလက ထွန်စက်သွားနေကြ မော်တော်ကားလမ်းဟာ သွားမရတော့ဘူး။
ဒါကြောင့်မို့လို့ သူတို့ဟာ ကားလမ်းပေါ်မှာ လမ်းလျှောက်ပဲ သွားကြရတယ်။ ရွှံ့တွေကလည်း များပါဘိ၊ တချို့နေရာမှာ ရေတောင်ကျော်နေတယ်လို့ ပြောတယ်။ အဲဒီတော့ ဒီ ထောင်အာဏာပိုင်တွေက ကုန်းကြောင်းသွားကြတာ။ မြန်ချင်ပါတယ်ဆိုမှ ဒီလိုဖြစ်နေရတယ်။
လမ်းခရီးက ၇ မိုင် ၈မိုင်လောက် ရှိမယ်ထင်တယ်။ အဲဒါကို သူတို့ ခြေလျှင်သွားကြ၊ ဟိုကနေ ပြန်လာရဦးမှာ။ ဘယ်လောက်စောင့်ရဦးမလဲဆိုတာကို စဉ်းစားသာကြည့်ပေတော့။ အဲဒီလို ကျနော်တို့က စိတ်လောနေ၊ စိတ်ထဲမှာ မချင့်မရဲဖြစ်နေချိန်မှာ တိုက်ပွဲဆောင်ထဲက ရဲဘော်တွေကတော့ ဘာမှ ထူးခြားမှု မပြဘူး။ သူတို့က ခါတိုင်းလို ပုံမှန်ပဲ။ တည်တည်ငြိမ်ငြိမ်နဲ့ နားနားနေနေပဲ သူတို့ စောင့်ဆိုင်းနေကြတယ်။
ကျနော်ကတော့ အမှန်အတိုင်ပြောရရင် ထောင်အာဏာပိုင်တွေ လာမယ့်ဘက်ကို လည်ပင်းတမျှော်မျှော်၊ နားတစွင့်စွင့် စောင့်ဆိုင်းနေတာ။ အဲဒီလို စောင့်ဆိုင်းနေတုန်းမှာပဲ မနက် ၁၀ နာရီ ၁၁ နာရီလောက် ဖြစ်မယ် ထင်တယ်။ ကျနော်တို့ တိုက်ပွဲဝင် အဆောင်တဆောင်မှာ (ကျနော်က ၁၀ ဆောင်မှာ၊ ၉ ဆောင်ဘက်ကနေ) ကိုလတ် ကျဆုံးသွားပြီဆိုတဲ့ သတင်းကို ကြားလိုက်ရတယ်။
ဒါကြောင့် ကျနော်လည်း အဲဒီအဆောင်ထဲကို ကမန်းကတန်း စဝင်လိုက်တယ်။ ကျနော်ရောက်တော့ နိုင်ငံတကာ သီချင်းကို စဆိုနေကြပြီ။ ဒါပေမယ့် ကျနော်လည်း ကိုလတ်ရဲ့ခြေရင်းမှာပဲ ညာလက်ရုန်းကို ကွေးမြှောက်ပြီး အဲ့ဒီ အင်တာနယ် ‘နိုင်ငံတကာသီချင်း’ကို လိုက်ဆိုမိတယ်။ ဆိုရင်း မျက်ရည်တွေလည်း ကျနေတယ်။
ကိုလတ်ဟာ ကျနော်နဲ့အတူတူ မန္တလေးထောင်က လာကြတာ။ ကျနော်နဲ့အတူ ၂ တိုက်မှာ နေခဲ့ကြတာ။ သူ့နာမည်ရင်းက မောင်မောင်စိုး၊ သူ့အသက်က ကျနော့်ထက်လတချို့တောင် ငယ်သေးတယ်။ လူကောင် ထွားတယ်။
ဒါပေမယ့် သူက ရိုးလွန်းလို့ လူချစ်လူခင် သိပ်များတယ်။ ကျောက်ဆည်သား၊ မန္တလေးတက္ကသိုလ်က၊ ကျောင်းသားလှုပ်ရှားမှုနဲ့ အဖမ်းခံရတာ။ သူက စာပေအနုပညာလည်း သိပ်ဝါသနာပါတယ်။ ဒီတိုက်ပွဲအတိုင်ခင် ၄-၅-၆ လကပဲ ကျနော်နဲ့အတူ သီချင်းတပုဒ် စပ်ခဲ့ကြသေးတယ်။ သူ့ရဲ့ အံ့မခန်းစိတ်ဓာတ်ကို မှတ်တမ်းတင် ပြောစမှတ်ဖြစ်လောက်အောင် သူဟာ ချန်ထားနိုင်ခဲ့တယ်။ အဲဒါက ဒီလို။
သူက ဒီနောက်ပိုင်း ရောက်လာတဲ့အခါ အကျအဆုံးတွေ များလာတဲ့ နောက်ပိုင်းမှာ သူဟာသူ့ဘေးမှာရှိတဲ့ သူ့ကိုပြုစုတဲ့ ရဲဘော်တွေကို ...
“တကယ်လို့များ ကျနော့် ခြေတွေလက်တွေ အေးလာရင် ကျနော့်ကို သတိပေးစမ်းပါဗျာ”
လို့ မှာထားတယ်။ သူ ဘာလို့ ဒီလိုမှာတယ်ဆိုတာ အဲဒီ ရဲဘော်တွေက နားမလည်ဘူး။ သိပ်လည်း အလေးထား မစဉ်းစားတတ်ကြဘူး။ သာမန်လိုပဲ သဘောထားခဲ့ကြတာ။
ကိုလတ်ကတော့ သူ့အခြေအနေ သူ အမြဲ သတိထားနေတာ။ သူ့ ခြေတွေ လက်တွေ အေးလာပြီဆိုတာဟာ သူသေတော့မယ့် လက္ခဏာဆိုတာကို သူက သူ့အရင် အာဇာနည်တွေကျဆုံးတုန်းက အတွေ့အကြုံအရ သိထားတယ်။
ဒါကြောင့် အခု သူ မကျဆုံးခင်လေးမှာပဲ သူ့ ခြေတွေလက်တွေ အေးလာပြီဆိုတာနဲ့ သူဟာ အားယူမာန်တင်းလိုက်ပြီး အံကြိတ်ပြီး ညာလက်ရုံးကို မြှောက်တယ်။ အလေးနီပြုတယ်။ အဲဒီလို အလေးနီပြုနေတုန်းမှာပဲ သူ့မျက်နှာလည်း တဖြည်းဖြည်း ပြေလျော့သွား၊ လက်တွေလည်း ပြေလျော့သွား၊ ကျဆုံးသွားတယ်။ သူ့ရဲ့ ဒီသတင်းဟာ ချက်ခြင်းပဲ အကျဉ်းစခန်းတခုလုံးကို ပြန့်သွားပြီး ကြားရသူ အားလုံးဟာ စုတ်တသပ်သပ်နဲ့ ဝမ်းပမ်းတနည်း ဖြစ်ကြရတယ်။
ကိုလတ်ဟာ သူတိုက်ပွဲဝင်တဲ့ နေ့မှာပဲ သူအိပ်မယ့် ကွပ်ပစ်ခြေရင်းမှာ (ခြေရင်းက ခါးပန်းမှာပေါ့လေ) ကားမတ်စ် ငယ်စဉ်က ဆောင်ပုဒ်တခုဖြစ်တဲ့ …
‘ငါ့ဘဝမှာ တိုက်ပွဲတွေနဲ့ ပြည့်လျှမ်းနေပါစေ’
ဆိုတဲ့ စာတန်းကို မြေဖြူနဲ့ရေးခဲ့တယ်။ သူ့ဆန္ဒကတော့ ပြည့်စုံသွားတာပေါ့ဗျာ။ သူ့နောက်မှာ ကျဆုံးတာက ကိုလေးမောင် (ကဗျာဆရာ ကိုလေးမောင်)။ ကျနော် တဦးချင်းအရပြောရရင် စိတ်အထိခိုက်ဆုံး ကျဆုံးမှုပဲ။
ဆက်လက်ဖော်ပြပါမယ်။
No comments:
Post a Comment