ရက် ၄၀ အစာငတ်ခံတိုက်ပွဲ ပြီးဆုံးပြီးနောက် အစာငတ်ခံတိုက်ပွဲဝင်ရဲဘော် တော်တော်များများ ချည့်ကုန်ပါသည်။ ဝါးခယ်မ ကိုတင်ရီ၊ ဘိုကလေး ကိုလှကြည်၊ ဦးအောင်ငွေ အခြားသူများ မမှတ်မိတော့ပါ။ ဘိုကလေး ကိုလှကြည်မှာ ယခုအချိန်အထိ မသန်မစွမ်း ဖြစ်ကျန်ရစ်ခဲ့ပါသည်။
အရှေ့တောင်အာရှ၏ ရာသီဥတုမှာ မေလအလယ်လောက်တွင် မုတ်သုန်ရာသီ စပါပြီ။ နဂိုမူလ ဖထီးမန်းစီစဉ်ခဲ့သော အစီအစဉ်မှာ ရာသီဥတု ကောင်းမွန် စိတ်ချရသည့်အချိန်ကို ရွေးချယ်ခဲ့ပါသည်။ မမျှော်လင့်ဘဲ ကိုတင်ငြိမ်း သေဆုံးခဲ့ရသည့်အတွက် မူလအစီအစဉ်များ လွဲခဲ့ရလေပြီ။
မတတ်နိုင်ပါ။ မိုးရာသီ မကုန်တကုန်အချိန်တွင် ပြန်လည်ရွှေ့ဆိုင်းရန် သတ်မှတ်လိုက်သည့်အတွက် ရာသီဥတုကိုလေ့လာရန် လိုပါသည်။ ဖထီးမန်းက ကျနော့်ကို ရာသီဥတုလေ့လာရန် တာဝန်ပေးပါသည်။ မြန်မာ့အသံမှ သတင်းများ ကြေညာပြီးသည့်နောက်တွင် ရာသီဥတုသတင်းကို အမြဲကြေညာပါသည်။
သတင်းအပြီးတွင် မြန်မာ့ပင်လယ်ပြင်တွင် သာသာယာယာရှိမည်၊ မြန်မာ့ ပင်လယ်ပြင်တွင် လှိုင်းကြီးမည်၊ မြေပြင် ရေပြင် လေသည် တနာရီ မိုင် ၃၀ နှုန်း တိုက်ခိုက်မည် စသည်ဖြင့် ရာသီဥတုသတင်းကို ကြေညာလေ့ရှိပါသည်။
လှိုင်းအသင့်အတင့်ရှိမည်ဟုကြေညာလျှင် ပင်လယ်တွင် တကယ်ဖြစ်ပေါ်နေသော လှိုင်းအသင့်အတင့်အရွယ်ကို လေ့လာမှတ်သားရပါသည်။ မြေပြင်ရေပြင်လေသည် တနာရီ မိုင် ၃၀နှုန်း တိုက်ခတ်သည့် လှိုင်းအရွယ်ကို လေ့လာမှတ်သားပါသည်။
ကျနော် ရာသီဥတုသတင်းကို ၆ လခန့် ဂရုတစိုက်လေ့လာရာ လေတိုက်နှုန်းနှင့် လှိုင်းပမာဏကို အကဲခတ်လို့ ရလာပါသည်။ လှိုင်းဖြစ်ပေါ်နေသည့်အရွယ်ကို ကြည့်ပြီး လေတိုက်နှုန်းကိုလည်း ခန့်မှန်း၍ ရလာပါသည်။ မြန်မာ့အသံမှာ လကုန်ရက်ရောက်တိုင်း ရှေ့လာမည့်လ၏ လဆန်း ၁၀ ရက် အတွက် ရာသီဥတု ကြိုတင် ခန့်မှန်းကြေညာချက်ကို ကြေညာပေးလေ့ ရှိပါသည်။
အာဇာနည်သူရဲကောင်းတို့၏နောက် ဖဝါးခြေထပ် ထပ်ချပ်မကွာ
ကျနော် မှတ်မှတ်ရရ ဖြစ်ရပ်လေးတခုကို မှတ်တမ်းတင်ချင်သေးသည်။ ထိုနေ့သည် မေလ ၂၀ ရက်နေ့ဖြစ်သည်။ ညနေစောင်း ၅ နာရီထိုးလောက်ရှိမည် ထင်သည်။ မြောက်ဘက်ဖိုကြီး၏ နောက်ဘေးဘက် သဲခုံတွင်ဖြစ်သည်။
ကျနော်ထိုင်နေသည့် ရှေ့နား ၅ ကိုက်လောက်တွင် သံဆူးကြိုးဝင်း ကိုက် ၁၀၀ အဝေလောက်တွင် အိုနာဆစ် သင်္ဘောပျက်ကြီး မီးလောင်ခဲ့သည့်ဒဏ်၊ လှိုင်းဒဏ်၊ လေဒဏ်၊ ပင်လယ်ရေငံစားထားသည့်ဒဏ်ကြောင့် သံချေးတွေတက်ပြီး ဝါကျင့်ကျင့်၊ ညိုမဲမဲအရောင်ဖြစ်နေသည်။ အရှေ့ပင်လယ်ပြင် တမျှော်တခေါ် မျက်စေ့တဆုံးကို လှမ်းမျှော်ကြည့်လိုက်လျှင်လည်း ပင်လယ်ပြင်ကြီးမှာ သာယာသည့်အသွင် မဆောင်ဖြစ်နေသည်။
ပင်လယ်၏သဘောသည် ကြေးမုံကဲ့သို့ပင် ဖြစ်သည်။ ကောင်းကင်ပြင်တွင် တိမ်တွေကင်းစင်ပြီး နေသာလျှင် ကောင်းကင်ပြာကြီးမှာ သာယာပါသည်။ ဤကောင်းကင်ပြာ၏အရိပ်သည် အပြောကျယ်လှသော ပင်လယ်ပြင်ကြီးသို့ အရောင်ဟပ်သည့်အခါတွင် ပင်လယ်ပြင်ကျယ်ကြီးတခုလုံးမှာလည်း အပြာရော၊ မဲနယ်ပြင်ကြီးအသွင်ဆောင်လျက် အလွန်သာယာ လှပပါသည်။
ယခု မေလ ၂၀ ရက်နေ့ရောက်လာပြီမဟုတ်ပါလား။ မုတ်သုန် အရိပ်နိမိတ်၊ မုတ်သုန်၏အငွေ့အသက်တို့သည် ထင်ဟပ်လာပါပြီ။ တိမ်မဲညိုတို့သည် ကောင်းကွင်ပြင်တခွင်လုံး ဖုံးအုပ်၍နေပါသည်။ ပတ်ဝန်းကျင်မြင်ကွင်း တခုလုံးမှာလည်း မှောင်အိုက်အိုက် ဖြစ်နေသည်။ ကောင်းကင်ပြင်ရှိ တိမ်မဲညိုတို့၏အရောင်သည် ပင်လယ်ပြင်ကြီးကိုလာပြီး ထင်ဟပ်နေသည့်အတွက် ပင်လယ်ပြင်ကြီးမှာ ညိုမဲမှောင်၍ ခဲပုတ်ရောင်အသွင် ဆောင်နေပေသည်။
ရာသီဥတုနိယာမသည် သဘာဝပတ်ဝန်းကျင်ကို ပုံဆောင်ဖော်ပြလျက် မြင်ကွင်းတခုလုံးမှာ စိတ်လက်မကြည်မသာနှင့် အလိုမကျ စိတ်မသက်မသာ ဖြစ်နေသူလူကြီးတဦးနှင့် အလားသဏ္ဍာန် တူနေပါသည်။ ကျနော်လည်း ကောင်းကင်ပြင်နှင့် ပင်လယ်ကိုကြည့်ပြီး စိတ်လက်ရွှင်လန်းမှုမရှိပါ။ စိတ်လေးလံနေသည်။
ထိုအချိန်တွင် ဦးမြသန်းတင့်ရောက်လာပြီး ကျနော့်ဘေးနားသို့ လာထိုင်ပါသည်။ ကျနော့်အနေနှင့် လောကဝတ်အရ ခေါ်ပြောနှုတ်ဆက်ခြင်းလည်း မရှိ။ ကျနော် ဒီလိုပဲထိုင်ပြီး ပင်လယ်ပြင်ကို ငေးနေပါသည်။ ကျနော့်မျက်နှာသည်လည်း ကျနော့်အတွင်းစိတ်၏ လာရောက်ထင်ဟပ်မှုကြောင့် ရွှင်ပြသည့်အသွင်ကို မဆောင်နိုင်ပါ။
ဦးမြသန်းတင့်က ...
“ဒီအချိန်ဆိုရင် ပင်လယ်ပြင်ဟာ စိတ်မချရတော့ဘူး၊ ပင်လယ်ကို ဖြတ်လို့ မကောင်းဘူး”
ဦးမြသန်းတင့်စကားသည် ကျနော်ကို လှုပ်နှိုးလိုက်သကဲ့သို့ဖြစ်သွားပါသည်။ ကျနော် ဘာမှပြန်မပြောပါ။ ၂ ယောက်သား အတွေးကိုယ်စီနှင့် ရှိနေပါသည်။ သူလည်း ရှေ့ဘာမှဆက်ပြီး မပြော၊ ကျနော်လည်း ဘာမှပြန်မပြောပါ။ ကျနော်တို့ ၂ ဦး၏ ပတ်ဝန်းကျင်မှာ တိတ်ဆိတ်ငြိမ်သက်နေသည်။ ပြီးတော့မှ သူအရင် ပြန်ထသွားသည်။ ကျနော်လည်း စိတ်လက် မရွှင်မလန်းနှင့် ပြန်ပြီး ထလာပါသည်။
ဆက်လက်ဖော်ပြပါမည်။
No comments:
Post a Comment