Thursday, December 3, 2009

မုန်တိုင်းကိုဆန်၍ ပင်လယ်ကိုဖြတ်သောအခါ (၁၂)

ဖထီး မန်းအောင်ကြည်မှာ ကျနော်နှင့် တခန်းတည်း အတူကြပါသည်။ သူက စကားထွေထွေထူးထူး သိပ်မပြောပါ။ ဖထီး မန်းအောင်ကြည်မှာ အရပ်ပုပု၊ မေးရိုးခိုင်ခိုင် မျက်နှာလေးထောင့်စပ်စပ် အသက် ၄၀ နီးပါးခန့် ရှိသည်။

စိတ်နောက်ကျိဖွယ်ရာ ဤတညကိုလွန်မြောက်၍ နံနက်မိုးသောက်သို့ ရောက်ရှိလာပါသည်။ မနက်အလင်းတွင် ပင်လယ်ပြင်မြင်ကွင်းကြောင့် ကျနော်တို့အားလုံးမှာ စိတ်လက်ပေါ့ပါးသလို ရှိလာပါသည်။ ပင်လယ်လေ တဖြူးဖြူးတွင် လှိုင်းရိပ်လေးများ ဖြစ်ပေါ်နေသည်။ ကိုက် ၅၀ ခန့်ပျံနိုင်သည့် ငါးပျံများ၊ တလံလောက်ရှိသည့် ငါးမန်းများ။ အဝေးဆီသို့ လှမ်းမျှော်ကြည့်လိုက်ရာ ကမ်းမမြင်၊ လမ်းမမြင်သည့် မြင်ကွင်းနှင့်အတူ ကျနော်တို့ ရှေ့လျှောက်ရင်ဆိုင်ကြရဦးမည့် အခက်အခဲများကို မှန်းဆ၍ မရနိုင်ပါ။

နံနက်စာကို သင်္ဘောကုန်းပတ်ပေါ်တွင် တက်စားရပါသည်။ အမဲသားကို မဆလာနံ့သင်းသင်းနှင့် ပုံစံထမင်း ဖြစ်ပါသည်။ နေ့လည်တွင် လက်ဘက်ရည်နှင့် ဘီစကွတ် ၄ ချပ် တိုက်ပါသည်။ ထမင်းစားနှင့် လက်ဘက်ရည် တက်သောက်တိုင်း စစ်ယူနီဖောင်းနှင့် နှစ်ရစ်သမားက ဓာတ်ပုံကို ဘေးဘယ်ညာ တဖြတ်ဖြတ် ရိုက်ပါသည်။

သင်္ဘောသည် ဖေဖော်ဝါရီ ၁၂ ရက်နေ့ည တညလုံး၊ ၁၃ ရက် တနေ့လုံး တညလုံးမောင်းပြီးနောက် ၁၄ ရက် အကူး မနက် ၃ နာရီခန့်တွင် သင်္ဘောစက်ရှိန်လျော့၍ ရပ်လိုက်ပါသည်။ မနက်လင်းချိန်တွင် ကျွန်းကြီးတခုကို လှမ်းမြင်ရပါသည်။ မနက် စာထမင်းစားပြီးနောက် သင်္ဘောစက်ရှိန်ပြန်မြှင့်ပြီး ကျွန်းဘက်ဆီသို့ တရွေ့ရွေ့ မောင်းလာပါသည်။ ကျွန်းနှင့်ကိုက် ၁၀၀ နီးပါးလောက်အကွာတွင် သင်္ဘောစက်ရှိန်လျော့ပြီး စက်သံမြှင်းမြှင်းနှင့် ရပ်နေပါသည်။

ထိုအချိန်တွင် ကမ်းတက်ယာဉ်တစင်း ပြည်တော်ညွန့်သင်္ဘောနံဘေးသို့ ယှဉ်ပြီးကပ်လာပါသည်။ သင်္ဘောချင်း ကပ်မိပြီး ကြိုးချင်းချိတ်မိသောအခါ ကုန်းဘောင်ပျဉ်ချပ် ၂ ချပ်ကို ကမ်းတက်ယာဉ်ပေါ်သို့ ဆက်ပေးလိုက်ပါ သည်။ ကမ်းတက်ယာဉ်မှာ သင်္ဘောကြီးနှင့် ယှဉ်လိုက်လျှင် အတော်ကြီး နိမ့်နေသည့်အတွက် အထက်အောက် အတော်စောင်းနေပါသည်။ သင်္ဘောနှင့်ကမ်းတက်ယာဉ်ကို ထိုးပေးထားသည့် ကုန်ဘောင်ပျဉ် ၂ ချပ်မှာ အထက်အောက် အနိမ့်အမြင့် ဖြစ်နေပါသည်။ ကျနော်တို့ကို ဆင်းခိုင်းပါသည်။

ကမ်းတက်ယာဉ်ပေါ်သို့ဆင်းရာတွင် လှိုင်းအသင့်အတင့်ရှိသည့်အတွက် ကမ်းတက်ယာဉ်မှာ လှိုင်းဒဏ်ကြောင့် နိမ့်လိုက် မြင့်လိုက်ဖြစ်နေပါသည်။ ကျနော်တို့ ကမ်းတက်ယာဉ်သို့ဆင်းရာတွင် အတော်ခက်ခဲပြီး ရင်တုန်စရာ ဖြစ်နေပါသည်။ လူစုံသည်နှင့် ကမ်းတက်ယာဉ်သည် သင်္ဘောကြီးမှ ခွာခဲ့ပြီး ကမ်းခြေဘက်သို့ ရှေ့ရှုမောင်းလာပါသည်။ ကမ်းတက်ယာဉ်ပေါ်တွင် ပွိုင့် 5 စက်သေနတ်ကြီးတလက် တပ်ဆင်ထားသည်ကို တွေ့ရှိရသည်။ ကမ်းခြေသို့ ခဏလေး ရောက်ပါသည်။

ကမ်းသို့ တရွေ့ရွေ့ စက်ရှိန်လျှော့မောင်းလိုက်ပြီး ရေတပ်သားတယောက်က “ပေ ၂၀ ပါ ဗိုလ်မှူး၊ ၁၅ ပေ ပါ ဗိုလ်မှူး၊ ၁၃ ပေပါ ဗိုလ်မှူး” စသည်ဖြင့် ရေအတိမ်အနက်ကို သတင်းပို့နေသည်။ ပြီးနောက် ကမ်းတက်ယာဉ် ရပ်သွားသည်။ ကမ်းတက်ယာဉ် အဖုံးဖွင့်ချလိုက်ပြီး ကျနော်တို့ကို ဆင်းခိုင်းပါသည်။ ကျနော်တို့လည်း ရေထဲသို့ ဆင်းလိုက်ရာ ပေါင်ရင်းလောက် နက်ပါသည်။ ဘေးမှ ဖထီး မန်းအောင်ကြည်လက်တွဲပြီး ကမ်းပေါ်သို့ တက်လာကြသည်။ ကမ်းပေါ်တက်လာရင် မဆီမဆိုင် ကျနော့်ခေါင်းထဲသို့ အတွေးတခု ဝင်လာပါသည်။ Longestday ဇာတ်ကားထဲမှ နော်မန်ဒီကမ်းခြေသို့ မဟာမိတ်ရဲဘော်များ ကမ်းခြေတိုက်ပွဲကို မြင်ယောင်မိပါသည်။

ဒါပေမယ့် ကွာခြားလွန်းလှပါသည်။ အခု ကျနော်တို့ ကမ်းခြေတက်လာသည်မှာ ကျွန်းသိမ်းတိုက်ပွဲ မဟုတ်ပါ။ ကျွန်းပေါ်သို့ အကျဉ်းသားဘဝနှင့် တက်ရောက်လာခြင်းဖြစ်ပါသည်။ နော်မန်ဒီကမ်းတက်တိုက်ပွဲသည် ဂျာမန် ဖက်ဆစ်အာဏာရှင်တို့ လက်အောက်မှ လွတ်မြောက်ရေးအတွက် ကမ်းတက်ခြင်းဖြစ်ပြီး ယခု ကျနော်တို့ ကမ်းတက်လာခြင်းမှာ မဆလ စစ်အာဏာရှင်တို့၏ ဖိနှိပ်ညှဉ်းပန်းမှုအောက်မှ မလွတ်လပ်သည့်ဘဝနှင့် တက်ရောက်လာမှု ခြားနားခြင်းမက ခြားနားလွန်းလှပါသည်။

ကမ်းခြေပေါ်သို့ အကုန်ရောက်ပြီးနောက် သောင်ခံတခုပေါ်တွင် တန်းစီခိုင်းပြီး အရပ်မြင့်မြင့်နှင့် ဒုဗိုလ်မှူး အဆင့်တဦးက ဟိုဘက်လှည့်ခိုင်း၊ ဒီဘက်လှည့်ခိုင်း စိတ်ကူးတွေ့ရာ လျှောက်ပြောနေပါသည်။ အနှီ ဒု ဗိုလ်မှူးကြီးအဆင့်ရှိသူမှာ မဆလ တခေတ်တွင် ရှမ်းပြည်နယ် ကောင်စီဥက္ကဋ္ဌ လုပ်စားသွားသော ထွန်းရင်လော ဆိုသည့် ပုဂ္ဂိုလ်ဖြစ်ပါသည်။ ပြီးတော့မှ သူ့ပါးစပ်က ကပေါက်တိ ကပေါက်ချာနှင့် စကား စပြောပါသည်။

“ဗန်းမော်တင်အောင်ဆိုတာ ကျနော် နာမည်ပဲ ကြားဖူးပါတယ်။ လူမမြင်ဘူးလို့ ခဏရပ်ပြပါ”

ဆရာဗန်းမော်တင်အောင်က ရပ်ပြီး ပြန်ထိုင်လိုက်ပါသည်။ အနှီပုဂ္ဂိုလ်ကြီးက ဆက်ပြောပြန်ပါသည်။

“ဒီကျွန်းက ကိုကိုးကျွန်းလို့ ခေါ်ပါတယ်၊ ဗမာပြည်ပိုင်ပါတယ်။ ခင်ဗျားတို့လည်း ပိုင်ပါတယ်၊ ဒီမှာ ခင်ဗျားတို့ကို ကိုယ်ထူ ကိုယ်ထစနစ်နဲ့ထားမယ်၊ ဒီကျွန်းဖွံ့ဖြိုးရေးအတွက် ခင်ဗျားတို့လည်း တာဝန်ရှိတာပေါ့၊ ခင်ဗျားတို့ကို ရိက္ခာထုတ်ပေးမယ်၊ ကိုယ့်ဟာကိုယ်ချက်စားရမယ်။ ခင်ဗျားတို့ကို လွတ်လွတ်လပ်လပ် ထားမယ်၊ အစောင့်တွေ မရှိပါဘူး။ ခင်ဗျားတို့ပြေးမယ်ဆိုလည်း ပြေးနိုင်ပါတယ်၊ အေး … ဒါပေမယ့် ကျွန်းပတ်ပတ်လည်မှာတော့ ငမန်းတွေပဲ အစောင့်ရှိပါတယ်”

သူ့စကားကို ခနဲ့တဲ့တဲ့ ခပ်လှောင်လှောင်နှင့် အဆုံးသတ်လိုက်ပါသည်။

ပတ်ဝန်းကျင်မြင်ကွင်းတခုလုံးမှာ အဆန်းတကြယ်ကြီးသာ ဖြစ်နေပါသည်။ ဟိုအနောက်ဘက်ဆီတွင် ဆုံးစမထင်သော ပင်လယ်ပြာကြီး၊ ပြီးတော့ မိုးကောင်းကင်ပြာကြီးက ပင်လယ်ပြာကြီးနှင့် အနားသတ်ပြီး ပေါင်းစပ်နေသည်။ ပင်လယ်ကမ်းစပ် ဖြူဖွေးဖွေး သဲသောင်ပြင်သည် ခပ်ယောင်ယောင် ကွေးနေလျက် အုန်းပင်တို့သည် ပင်လယ်ဘက်သို့ ကိုင်းညွတ်နေကြသည့် အုန်းသီး၊ အုန်းခိုင်များကလည်း အနု အရင့် အခြောက် ပြွတ်ခဲနေပါသည်။

လေအနော့တွင် အုန်းခက်၊ အုန်းလက်များမှာ ဟန်ပန်မျိုးစုံဖြင့် ကနေကြသလို ဖြစ်နေသည်။ လေတဖြူးဖြူးတွင် လှိုင်းလေးများကလည်း မြူးလျက် ကမ်းခြေသို့ မရပ်မနား ပြေးဆော့ရိုက်ပုတ် ကစားနေကြသည်။ သဘာဝ၏ မြင်ကွင်းကတော့ လှချင်တိုင်းလှနေပါသည်။ ဒါပေမယ့် ကျနော်တို့၏ဘဝများကတော့ မလွတ်လပ်သည့် ဘဝ၊ ဤမျှ သာယာရှုမောဖွယ်ရာသော ဘသာဝအလှကို စိုးစိမျှ မခံစားနိုင်ပါ။

ကျနော်တို့တက်ရောက်ခဲ့သော ကမ်းခြေမှာ ကိုကိုးကျွန်း၏ အနောက်ဘက်ကမ်းခြေဖြစ်ပါသည်။ သောင်ပြင်ပေါ် ရောက်ခါစ လူစစ်ပြီး ရေတွက်သည့်အခါ တကျွန်းတွင် မပျော်ဘဲစံကြရတော့မည့် အကျဉ်းသားများမှာ ၂၃၃ ဦးဖြစ်ပါသည်။ မြန်မာပြည် အနယ်နယ် အရပ်ရပ်ရှိ မန္တလေး၊ မြင်းခြံ၊ ရွှေဘို၊ ပုသိမ်၊ မော်လမြိုင် နှင့် အင်းစိန်ထောင်များမှ ဖြစ်ကြပါသည်။

ကျနော်တို့ကို ၂ ယောက်တတွဲ ကျွန်းအတွင်းပိုင်းသို့ သွားခိုင်းပါသည်။ လမ်းတွင် တကသ ကိုသိန်းဆွေ (ဗိုလ်ကလေး) သည် လမ်းလျှောက်နေရင်းမှ တက်ပါသည်။ သူသည် ၁၉၆၈ ဧပြီလ အထွေထွေ ဖိနှိပ်မှုခံခဲ့ရ ကတည်းက တိုက်ထဲတွင် ၁၀ ကျော်နေခဲ့ရ၍ ကျန်းမာရေးအတော်ချို့ယွင်းနေပါသည်။

ကျနော်တို့နှင့်အတူပါလာသော ထောင်ဆရာဝန်မှာ ဒေါက်တာ ဖေစိန်ဖြစ်ပါသည်။ ဆရာဝန်က အပြေးကလေး လာပြီး ပြုစုပါသည်။ စိုးရိမ်စရာမရှိကြောင်း ပြောပါသည်။ ခဏအကြာ ကိုသိန်းဆွေ ပုံမှန်ပြန်ဖြစ်လာပြီး ဆက်လက်သွားလာနိုင်ပါသည်။ လယ်ထွန်စက်နောက်တွဲပေါ် တင်ပေးလိုက်ရသည်။

ရေစက်ကတော့ အတော့်ကို ဆုံတတ်ပါသည်။ ထောင်ဆရာဝန်အဖြစ် ကျနော်တို့ကို စောင့်ရှောက်ကုသပေးရ မည့်သူက တချိန်က တကသ တွင် ပါဝင်လှုပ်ရှားခဲ့သူ၊ ကျနော်တို့အထဲတွင် သူ့ရဲဘော်၊ သူ့မိတ်ဆွေ၊ တကသ ဗကသ ရဲဘော်တွေက တပုံတပင်။

ဒါပေမယ့် သူက သူ့အိနြေ္ဒနှင့်သူ နေနေရပါသည်။ ကျနော်တို့ကလည်း နားလည်ပါသည်။ သို့သော် သူ တတ်နိုင်သည့်ဘောင်ထဲကတော့ သူ့စေတနာကို အကောင်းဆုံးဖော်ပြသွားပါသည်။ တနှစ်ခွဲစာ ဆေးကို ကျနော်တို့ ဆရာ ကုသပေးလိုက်လိုက်တာ ၆ လတည်းနှင့် ကိစ္စပြတ်သွားပါသည်။ သူ့စေတနာသည်လည်း ချက်ချင်း အကျိုးပေးသွားပါသည်။ ၆ လခန့်သာကြာပြီး ပြည်မကြီးကို ပြန်ကြွသွားရပါသည်။

တကျွန်းတွင် မပျော်ဘဲစံကြရတော့မည့် နိုင်ငံရေးအကျဉ်းသား ၂၀၀ ကျော်မှာ မစို့မပို့ ကိုယ်ပိုင် အဝတ်အစားများကို လွယ်လျက် ဘယ်ဆီဘယ်ဝယ်မသိသော အရပ်ဒေသဆီသို့ တရွေ့ရွေ့ချီတက်လာရာ မိနစ် ၂၀ လောက်လျှောက်မိလျှင် သွပ်ဆူးကြိုး ၂ ထပ်ခတ်ထားပြီး စစ်သားတန်းလျားပုံစံ အဆောက်အဦ ၁၀ လုံးကျော်ကို လှမ်းမြင်ရပါသည်။ ထို စစ်တန်းလျားပုံစံ ဝင်းကြီးထဲသို့ဝင်လာခဲ့ရပြီး ထောင်မှူး၊ ထောင်ပိုင်များက တန်းလျားတခုချင်းစီတွင် နေရာချထားပါသည်။

ဆက်လက်ဖော်ပြပါမည်။

No comments: