“မင်းအမှုက ဘာမှကြီးတဲ့ကိစ္စမဟုတ်ပါဘူးကွာ၊ မေးစမ်းရင် ကောင်းကောင်းဖြေလိုက် လွတ်သွားမှာပဲ”
ကျနော်စိတ်ထဲက ပြုံးလိုက်ပါသည်။ ဒီအပြောမျိုး ရိုးနေပါပြီကွာ။
ခေါ်သွားသည့်လမ်းတလျှောက် ဖော်ရွေနွေးထွေးမှုကို ပြသပေမယ့် ငုံ့၊ ကျော်၊ ရပ်၊ သွား၊ ဘယ်ကွေ့၊ ညာကွေ့ ပြုဖွယ်ကိစ္စ များကတော့ မလစ်လပ်စေရပါ။ နောက်ဆုံး ရပ်သွားတော့ မျက်နှာစည်းထားသောအဝတ်ကို ဖြေလိုက်သည်။ သပ်ရပ်သော အခန်းကျယ်ကြီးတခုထဲ ရောက်နေသည်။ ကျနော်အဖမ်းခံခဲ့ရစဉ်က ကျနော့်မျက်နှာကို စိမ်းစိမ်းကြည့်ပြီး မျက်နှာကို စီးကရက်နှင့်ထိုးသူ၊ ရင်ညွန့်ကို စစ်ဖိနပ်ဦးနှင့်ဆောင့်ကန်သူ၊ မူးမူးနှင့် ကျနော့်မျက်နှာကို လက်သီးနှင့်စွတ်ထိုးသူ၊ မျက်မှန်တဝင်းဝင်းနှင့် လန်ဘားကြီးပါလား။ သူဘေးတွင် တပွင့်နှင့် ဗိုလ်မှူးအဆင့်ရှိသူတဦး၊ သူနှင့်တွဲထိုင်နေသည့် လန်ဘားကြီးက တိတ်ဆိတ်နေသော အခန်းထဲတွင် စကားစပြောသည်။
“မင်းတို့မဟုတ်တာတွေလုပ်လို့ ဒီကိုရောက်လာတာ။ အခုမင်းတို့ကို ကောင်းကောင်းမေးမယ်၊ မင်းတို့ဖြေမယ့်အဖြေပေါ်မှာ မင်းတို့ကို လွှတ်ရမလား၊ ဆက်ချုပ်ရမလား စဉ်းစားမယ်”
ပြီးတော့မှာ သူက သုံးရစ်နှင့် စစ်သားကိုခေါ်သွားလို့ ပြောလိုက်တယ်။ သုံးရစ်ကြီးက ကျနော်မျက်နှာကို အဝတ်နှင့်ပြန် စည်းပြီး ခေါ်ထုတ်သွားပါသည်။ တနေရာရောက်တော့ မျက်နှာအဝတ်ဖြေပေးလိုက်သည်။ အခန်းတခုထဲရောက်လာသည်။ အခန်းထဲက ပန်ကာတခုက တဝီဝီလည်နေသည်။ စာရေးစားပွဲတလုံး၊ ကုလားထိုင် ၂ လုံးကို စားပွဲတဖက်တချက်တွင် ချထားသည်။ ဗီရို ၂ ခုရှိသည်။ သော့ခတ်မထားပါ၊ ဖိုင်တွဲတွေရှိသည်၊ ဓာတ်ပုံတွေရှိသည်။ သုံးရစ်ကြီးက ကျနော့်ကိုပို့ထား ခဲ့ပြီး ပြန်ထွက်သွားသည်။ တံခါးကို အပြင်က သော့ခတ်မသွားပါ။ ဟစိလေးထားခဲ့သည်။
သူတို့ဘာလုပ်တာလဲ၊ ငါ့ကို အကဲစမ်းတာလား။
ကျနော်ထပြီး အခန်းထဲလျှောက်ကြည့်သည်။ ဗီရိုကို အသာလေးဆွဲဟကြည့်သည်။ ဆွဲဟလို့ရပါသည်။ ဘာမှအကျိုးထူး မည်မဟုတ်ပါ။ ကျနော်က အသာလေး ကုလားထိုင်တွင် ပြန်ထိုင်လိုက်သည်။ ဘဝတူလူတွေက ပြောတာကြားခဲ့ရသည်။ အဆောက်အဦတိုင်း၊ အခန်းတိုင်းမှာ မိုက်ကရိုဖုန်းတွေ မြှုပ်ထားသည်ဟု ပြောကြသည်။ ဟုတ်ရင်လည်း ဟုတ်နိုင်ပါသည်။ အဆောက်အဦတိုင်းမှာ မျက်နှာကျက်ရှိသည်။ ချောင်းကြည့်တာလည်းရှိသည်ဟု ကြားဖူးသည်။ တခန်းလုံးမှာ တိတ်ဆိတ်နေသည်။
ကျနော်တယောက်တည်း မျက်နှာကျက်က ပန်ကာလည်တာ တဝီဝီအသံသာ ကြားနေရသည်။ နာရီဝက်ကျော်လောက် ကြာမည်ထင်သည်။ ဒီတော့မှ လူတယောက်ဝင်လာသည်။ လူက ခပ်ဝဝ၊ လူကောင်ကြီးသည်၊ ဆံပင်တိုသည်၊ တိုက်ပုံ ပြာဖျော့ဖျော့ ဝတ်ထားသည်။ သူက မရယ်မပြုံး အတည်ပေါက်မျက်နှာမျိုး အေးစက်စက်နှင့် ရက်စက်မည့်အစားထဲက ဖြစ်သည်။
ကျနော်နှင့်မျက်နှာချင်းဆိုင်စားပွဲ၏ တဖက်ကုလားထိုင်တွင် ဝင်ထိုင်သည်။ နှုတ်ဆက်စကား ဘာညာ တခွန်းမှ မပြော။ သံပတ်ပေးထားသည့် ရုပ်မျိုး။ သူ့လွယ်အိတ်ထဲမှ ဖိုင်ကိုဆွဲထုတ်သည်။ ဖိုင်ကိုဖွင့် စာရွက်ထဲမှာ ကျနော့်ကို အရင့်အရင် သွားလေသူများအတိုင်း မေးပါသည်။ ကျနော်ကလည်း အရင့်အရင်ဖြေနေကျအတိုင်း ဖြေပါသည်။ လူဝကြီးက ကွက်လပ် များတွင်ဖြည့်သည်။ မေးသည်။ ရေးသည်။ အခြေအပေါ်စဉ်းစားပြီးတော့ ဆက်မေးသည်။ ခဏကြာတော့ သူက ဆေးလိပ် ထုတ်သောက်သည်။ ကျနော့်ကို ဆေးလိပ်သောက်တတ်သလား၊ ဆေးလိပ်သောက်မလား မမေး။ လောကဝတ်မရှိ။ ၃ နာရီနီးပါးစစ်ပြီး သူ့စာရွက်ဖိုင်တွေ ပြန်သိမ်းပြီး ထွက်သွားသည်။
“မင်း ဒီမှာထိုင်စောင့်နေ”
ဒါပဲပြောသွားသည်။ သူ ပြန်ထွက်သွားသည်။ တံခါးကို မပိတ်ပါ။ ဝင်လာတုန်းကအတိုင်းပဲဖြစ်သည်။ ခဏအကြာတွင် စစ်သားတယောက် ထမင်းလာကျွေးသည်။ ပန်းကန်ထဲတွင် ထမင်းဟင်းပုံလျက် ပဲဟင်းတခွက်နှင့်။ စားပြီးသောက်ပြီး နာရီ ဝက်လောက်အကြာတွင် မနက်က လူဝကြီးပြန်ဝင်လာသည်။ စာရွက်တရွက်နှင့် စာရွက်လွတ်တထပ်ပေးသွားသည်။ သူက …
“ဒီစာရွက်ထဲမှာ မေးခွန်းတွေပါတယ်၊ အဲဒါကိုကြည့်ပြီး မင်းကိုယ်တိုင်ရေးဖြေပါ”
ဒါပဲပြောပြီး သူပြန်ထွက်သွားသည်။ ကျနော်က သူပေးထားသော မေးခွန်းစာရွက်ကို ယူကြည့်သည်။ နံပါတ်တစ် မေးခွန်းက …
သင်လုပ်ဆောင်ခဲ့မှုအပေါ် သင့်တွင် အပြစ်ရှိ မရှိ
သင့်အား လွှတ်သင့် မလွှတ်သင့် ဓမ္မဓိဋ္ဌာန်ကျကျ ဖြေပါ။
နံပါတ်နှစ် မေးခွန်းက …
သင့်နှင့်တအိမ်တည်းနေခဲ့ကြသူများထဲတွင် မည်သူ့အား လွှတ်သင့် မသင့်၊ အဘယ်ကြောင့် လွှတ်သင့်သည်။ အဘယ့်ကြောင့် မလွှတ်သင့်သည်ကို ဓမ္မဓိဋ္ဌာန်ကျကျ ဖြေပါ။
“သြော် လက်စသတ်တော့ ဘဝတူတွေအချင်းချင်းကို သတင်းပေးလုပ်ခိုင်းပြီး သစ္စာဖောက်အလုပ် လုပ်ခိုင်နေပါရော့လား”
ကျနော့်အဖြေက တိုပါသည်၊ ရှင်းပါသည်။ ကျနော်သည် အပြစ်မရှိ။ လွှတ်သင့်သည်။ ကျနော်နှင့် အတူနေခဲ့ရသူ များမှာ ဘာမှအပြစ်မရှိပါ။ လွှတ်သင့်ပါသည်။
ညနေစောင်းတော့ လူဝကြီးပြန်လာသည်။ ကျနော်ရေးထားသောစာရွက်များ ပြန်သိမ်းသွားသည်။ ပြီးတော့ စစ်သား တယောက်လာခေါ်ထုတ်သွားသည်။ ထုံးစံအတိုင်း မျက်စေ့ပိတ်၊ ငုံ့၊ ကျော်၊ ရပ်၊ သွား ပြီးတော့ အိမ်တအိမ်ထဲရောက်သွား သည်။ မူလ ကိုကြီးအောင်၊ ဦးလေးထွန်းတို့ ထရန်ဗန်ဝမ်းတို့နှင့်နေခဲ့သည့် အိမ်လေးမဟုတ်တော့ပါ။ သူတို့နှင့်ပြန်မဆုံတော့ပါ။
ယခုရောက်လာသည့်အိမ်မှာ ကျနော်နှင့်ပါ သုံးယောက်စလုံးက အင်းတိုင်စစ်လက်နက်ပစ္စည်းတပ်မှ စစ်သားတွေ ဖြစ်သည်။ နာမည်မမှတ်မိတော့ပါ။ သူတို့ ကွန်မြူနစ်ပါတီနှင့်နွယ်သည့်ကိစ္စကြောင့် အဖမ်းခံရသည်ဟု ပြောသည်။ စစ်သားဆိုတော့ သတိထားဆက်ဆံရသည်။ လာမြှုပ်ပြီး လာနှိုက်ဖို့ လွှတ်တာလားမသိ။ ဒီစစ်သားတွေနှင့် တပတ်ကြာနေလိုက်ရသည်။ ယခု ကျနော်ရောက်နေသည့် အိမ်နှင့်ကပ်လျက်အိမ်က စာရေးဆရာ ဦးရဲလင်းအသံကြားရသည်။ ခိုးပြီး ခေါ်ပြော နှုတ်ဆက်သည်။
ဆက်လက်ဖော်ပြပါမယ်။
No comments:
Post a Comment