အဲဒီကနေ တဆက်တည်း ဟိုး … နောက်မှာ အခန်းတခန်းရှိသေးတယ်။ အဲဒီအခန်းမှာ ဘယ်သူတွေပါသေးလဲဆိုတာ စုံစမ်းကြည့်ရတယ်။ အဲ စုံစမ်းကြည့်တော့ သူများပြောပြတာအရ သိရတာတော့ လေထီးဗိုလ်အုန်းမောင် ပါတယ်။ ဗမာပြည် ကွန်မြူနစ်ပါတီက ဗဟိုကော်မတီ ဆရာ ရာဂျန် ပါတယ်။ ဒါ … နာမည်ကြီးပုဂ္ဂိုလ်တွေ။ လေထီး ဗိုလ်အုန်းမောင်ဆိုရင် ဒါက ကိုကိုးကျွန်းကို ဒုတိယအကြိမ်။ သူက လိပ်ကျွန်းကိုလည်း ရောက်ဖူးတော့ တတိယကျွန်း လို့ ပြောလို့ရတယ်။ နောက်တခါ ကျောင်းသားခေါင်းဆောင်ထဲက ခရမ်း ကိုစိန်ဝင်း၊ တကသက ကိုလှကြည်၊ နောက် … ရန်ကုန်ခရိုင် ကျောင်းသားများ သမဂ္ဂ ကိုဉာဏ်ဝင်းလည်း ပါလာတယ်လို့ ကြားရတယ်။
တခါ ကျနော်က ဟို … ကိုယ့် ‘လူထုသတင်းစာ’ အသိုင်းအဝိုင်းထဲက ဘယ်သူတွေများ ပါသေးလဲလို့ မေးကြည့်တော့ … ကျနော်နဲ့ ညီလို အကိုလို တလျှောက်လုံး နေလာခဲ့တဲ့ လူထုစိန်ဝင်းလည်း ပါတယ်။ နောက်တခါ လူထုမှာ ရန်ကုန်က သတင်းထောက်လုပ်တဲ့ ကိုတင်မောင်လေး၊ နောက် … ဦးဖေရှိန်။ ဦးဖေရှိန်က ရန်ကုန်သတင်းထောက်လည်း လုပ်တယ်။ လူထုသတင်းထောက်လည်း လုပ်တယ်။ သူတို့လည်း ပါတယ်လို့ ကြားရတယ်။
ဒါနဲ့ အခန်းချင်းခြားထားတဲ့ အဲဒီသင်္ဘောဝမ်းထဲကနေ နံရံကိုသွားကပ်၊ သူများတွေလုပ်သလိုပေါ့၊ မတ်စေ့ပေါက်ကလေး လောက်ရှိတဲ့ အပေါက်ကလေးကနေပြီးတော့ အခေါ်ခိုင်းရတယ်။ ဦးစိန်ဝင်း ခေါ်ပေးပါ… ဦးတင်မောင်လေး ခေါ်ပေးပါ… ဦးဖေရှိန် ခေါ်ပေးပါ … စသည်ဖြင့် ခေါ်ပြီးတော့ ကျနော်ပါလာပြီဆိုတဲ့အကြောင်းပြောတော့ သူတို့ကလည်း ဝမ်းသာလိုက် တာ။ ကျနော်က အရင်ထောင်ထဲရောက်သွားတာ။ သူတို့ကနောက်မှ ထောင်ထဲရောကြတာ။ သူတို့က ၆၇ တရုတ်-ဗမာ အရေးအခင်းပြီးတော့ အစိုးရက သိမ်းဖမ်းတဲ့အခါကျမှ ပါလာကြတာ။ အဲဒီတော့ သူတို့ကလည်း ကျနော်ပါလာပြီးတော့ ဝမ်းသာတာ၊ ဝမ်းသာ ဝမ်းနည်းပေါ့လေ။ ဝမ်းသာတယ်လို့တော့ ပြောရတာ ခက်တော့ခက်တယ်။
အဲဒီလိုနဲ့ မနက် မိုးမလင်းတလင်းလောက်မှာပဲ သင်္ဘော စထွက်လာတယ်။ ဒီသင်္ဘောတစီးလုံးဟာ ကျနော်တို့ ကိုကိုးကျွန်း လိုက်ပို့ဖို့ တမင်ဆွဲခေါ်လာတဲ့သင်္ဘော ဖြစ်တယ်။ ဒါကြောင်မို့ ဒီသင်္ဘောမှာ သင်္ဘောဝမ်းထဲမှာဆိုရင် ထောင်ကျတွေ ချည်းပဲ။ နိုင်ငံရေးအကျဉ်းသားတွေချည်းပဲ။ သင်္ဘောဝမ်းပေါ်မှာဆိုရင် စစ်သားတွေ ပါတယ်။ နောက်ပြီးတော့ ထောင်အမှု ထမ်းတွေ ပါတယ်။ အရာရှိတွေ ပါတယ်။ ထောင်အရာရှိတွေ ပါတယ်။ ကျနော်တို့ကို လိုက်ပို့ဖို့သက်သက် တခေါက်ဆွဲတဲ့ သင်္ဘောပဲ။ အဲဒီတော့ ကျနော်တို့ အညာဒေသကလာတဲ့ ဘဝတူတွေကို ဒီရောက်နှင့်ပြီးသား အောက်ပြည်အောက်ရွာက ရခိုင်ပြည်နယ် … အစရှိတဲ့ မြိတ်ဘက်က၊ တနင်္သာရီက ပုဂ္ဂိုလ်တွေက လှိုက်လှိုက်လှဲလှဲပဲ ကြိုကြတယ်။ ဒါပေမယ့် စကားတော့ များများမပြောနိုင်ကြပါဘူး။ အားလုံးက ရှေ့ဘာဖြစ်မလဲ။ ဘာလုပ်ကြမလဲ အဲဒါကိုပဲ စဉ်းစားနေကြတာ။ သင်္ဘောပေါ်မှာ အဲဒီလိုနဲ့ အခြေအနေက တင်းတင်းမာမာဆိုတာမျိုးကြီး။
ကြာလာတဲ့အခါကျတော့ ကျနော်တို့ မန္တလေးဘက်ကလာတဲ့ ရဲဘော်တွေ၊ ကျနော်တို့တတွေက အဲဒီမှာ သီချင်းတွေ ကောက်ဆိုကြတယ်။ ဆိုတဲ့သီချင်းတွေက တော်လှန်ရေးသီချင်းတွေ၊ ကျောင်းသားသီချင်းတွေ ကောက်ဆိုကြတယ်။ အဲဒီ လိုဆိုတော့ ကျနော်တို့လူလည်း မနည်းပါဘူး။ အဲဒီလိုဆိုလိုက်တဲ့အခါကျတော့ ကျန်တဲ့သူတွေလည်း အားတက်လာကြ တယ်။ အဲဒီနောက် မကြာခင်ပဲ ဟိုဘက်အခန်းကလည်း၊ နောက်ဘက်ခန်းကလည်း သီချင်းဆိုသံ (အင်တာနေရှင်နယ် သီချင်း ဆိုတဲ့အသံ) ပေါ်ထွက်လာတယ်။
ဆိပ်ကမ်းကခွာပြီးတော့ နာရီဝက်လောက်ရှိတော့မှ ထင်တယ် … သူတို့ သင်္ဘောဝမ်းပေါက်ဘေးက အပေါက်ကလေးတွေ၊ အပေါက်ဝိုင်းကလေးတွေ ဖွင့်ပေးတယ်။ အဲဒီအပေါက်ဝိုင်းကလေးတွေက ခေါင်းထုတ်ကြည့်လိုက်တော့ ကျနော်တို့ လေကောင်း လေသန့်ကလေးတွေ ရတာပေါဗျာ။ အဲဒီကျတော့ ဟိုး … ခပ်လှမ်းလှမ်းမှာ ရွှေတိဂုံဘုရားကြီး ဝေဝေဝါးဝါးနဲ့ တဖြည်းဖြည်း ကျန်ရစ်တာကို ကျနော်တို့တွေ့ကြရတယ်။ ကျနော်တို့ ရန်ကုန်မြို့ကနေ ခွာလာကြပြီ။
လမ်းမှာ ကျနော်တို့ တညအိပ်တယ်။ ထမင်ကျွေးတော့ သင်္ဘောကုန်းပတ်ပေါ် တက်စားရတယ်။ ထောင်ကျွေးသလိုပါပဲ၊ ပုံစံနဲ့ကျွေးတာပါ။ ကျနော်တို့ တန်းစီ၊ ကြမ်းပြင်ပေါ်မှာပဲ ပန်းကန်းပြားချစားကြရတာ။
အဲဒီလိုနဲ့ တညအိပ်ပြီး နောက်တနေ့ နေ့လည် ၁၁ နာရီလောက်မှာဖြစ်မယ်ထင်တယ်။ ကျနော်တို့ သင်္ဘောဝမ်းထဲမှာနေပေ မယ့် ကုန်းကို မြင်ရပြီ။ ကုန်းမြေမြင်ရတဲ့ အော်သံတွေ ကြားရတယ်။ ဒါနဲ့ ကျနော်တို့လည်း ခုနက သင်္ဘောဘေးက အပေါက်ဝိုင်းလေးဆီပြေးပြီး သွားကြည့်ကြတယ်။ စုဝေး။ အဲလိုကြည့်လိုက်တဲ့အခါမှာ ဟိုး … ခပ်လှမ်းလှမ်းမှာ ဖြူလွလွ သဲသောင်ပြင်၊ အုန်းပင်တန်းလေးတွေ၊ နောက် … သွပ်မိုးအိမ် မဲမဲလေးတွေ လှမ်းတွေ့ရတယ်။ သာတောင့်သာယာပါပဲ။ အဲလိုငေးပြီးလို့ ကျနော်တို့ ဘယ်သူမှ စကားလည်း မပြောကြဘူး။ ရှေ့မှာ ဘာဖြစ်မလဲ။ အဲဒါကိုပဲ ကျနော်တို့ စဉ်းစားနေ ကြတာ။
အဲလို ငေးကြည့်နေရင်းကနေပြီးတော့ သင်္ဘောကျောက်ချတဲ့အသံ ကြားလာတယ်။ အဲဒီတော့ ကျနော်တို့ သင်္ဘောကနေ လှမ်းကြည့်နေတုန်းမှာ သင်္ဘောကြီးက ရပ်လိုက်ရော။ အဲဒီတော့ ဟိုဘက်က ဆိပ်ကမ်းနဲ့ သင်္ဘောက မီတာ ၁၀၀ လောက် ဝေးသေးတယ်လို့ ထင်တယ်။ အဲလိုအချိန်မှာ ကမ်းတက်ယာဉ်တစင်းက ကျနော်တို့ကို ကမ်းဘက်အထိ လိုက်ပို့တယ်။ ကမ်းတက်ယာဉ်ဆိုပေမယ့် ကမ်းဘက်ပို့တယ်ဆိုပေမယ့် တကယ်တမ်းက (ရေမရှိတဲ့နေရာနဲ့က) မီတာ ၅၀ လောက် လိုသေးတယ် ထင်တယ်။ ၅၀-၆၀-၇၀ အဲလောက်များ လိုမယ်။ အတော်လိုသေးတယ်။ အဲလို လိုတဲ့နေရာမှာရပ်တော့ ကျနော်တို့ အဲဒီကနေ ဆင်းရတာ။
လှိုင်းတွေကလည်း လှိုင်းကြီးလာတာမဟုတ်ပေမယ့် ကမ်းပေါ်တက်တဲ့အခါကျတော့ လှိုင်းတွေက အလိပ်လိပ်ဖြစ်နေပြီ။ နောက်တခါက အောက်က ကျောက်တုံးတွေကလည်း အမျိုးမျိုး။ ကျနော်တို့မှာ ပစ္စည်းတွေကလည်း တိုးလို့တွဲလဲနဲ့။ အို … လဲတဲ့သူက လဲ၊ ပစ္စည်းတွေ လိုက်ဖမ်းရတဲ့လူက ဖမ်းရ၊ တချို့က ကိုယ့်ရာဘာဖိနပ်ကို လိုက်ပြန်ဖမ်းရ။ အဲဒီလိုပဲ အတော့်ကို ကသိကအောက်နိုင်တဲ့ကိစ္စ။
နောက် … ကျနော်တို့ အဲဒီသဲသောင်ပြင်ပေါ်ရောက်တော့ သဲသောင်ပြင်မှာ အားလုံးထိုင်ပြီး စောင့်နေရတယ်။ ခဏနေ တော့မှ အားလုံး တန်းစီခိုင်းတယ်။ တန်းစီခိုင်းပြီး နည်းနည်းလေး လမ်းလျှောက်ခိုင်းတယ်။ နည်းနည်းလေး လမ်းလျှောက် ခိုင်းပြီးတော့ သဲသောင်ပြင်တခုမှာပဲ ထပ်ပြီးတော့ ထိုင်ခိုင်းတယ်။ အဲဒီဘေးနားမှာ ကုန်းအမြင့်လေး ရှိတယ်။ နည်းနည်း လေး မြင့်တာပါ။ အဲဒီတော့ နေကလည်း ပူလိုက်တာ ခြစ်ခြစ်တောက်။ သဲကလည်း ပူလိုက်တာ။
အဲဒီမှာ ကျနော်တို့ထိုင်နေတုန်း ထောင်က အထူးအရာရှိ ဒု-ဗိုလ်မှူးကြီး ထွန်းရင်လော ( သူက နောင်ကျတော့ မဆလ ဗဟိုကော်မတီလည်း ဖြစ်သေးတယ် ထင်တယ်) ကျနော်တို့ကို မိန့်ခွန်းခြွေတာပဲ။ သူခြွေတဲ့မိန့်ခွန်းရဲ့ အဓိကအချက် ကတော့ … ကျွန်းပေါ်မှာ သူတို့တတွေ ‘ကိုယ်ထူကိုယ်ထ’ ဆိုတဲ့ ကိုယ်စားဖို့သောက်ဖို့၊ ကိုယ်နေထိုင်ဖို့ ကိုယ့်ဟာကိုယ် လုပ်ရမယ်ဆိုတဲ့ ပေါ်လစီကို ပြောတာပဲ။ သူတို့က လိုအပ်တဲ့ ပစ္စည်းကိရိယာ တန်ဆာပလာ ပေးမယ်။ ကျနော်တို့က ကိုယ့် ဟာကိုယ် ထမင်းဖြစ်အောင် လုပ်စားကြ၊ အဲဒီသဘောပဲ။ ဒါ ကိုကိုးကျွန်းဖြစ်တယ်။ ပေးတာယူ၊ ကျွေးတာစား၊ စကားမများ နဲ့။ ဒါ ကိုကိုးကျွန်းဖြစ်တယ်။ ထွက်ပြေးရင် ပြေးကြည့်။ ပတ်ပတ်လည်မှာ ငါးမန်းတွေချည်းပဲ။ ဒါ ကိုကိုးကျွန်းဖြစ်တယ်။ အကုန်လုံး ခြိမ်းခြောက်စကားပဲ။ သူက စကားပြောတာတော့ ဝဲတဲဝဲတဲနဲ့။ ဒါပေမယ့် ခြိမ်းခြောက်တဲ့နေရာမှာတော့ အင်မတန် ပီတယ်။
ဆက်လက်ဖော်ပြပါမယ်။
No comments:
Post a Comment