Saturday, November 28, 2009

ကျောင်းသား ထောင် တော်လှန်ရေးသမား (၁၉)

ကျနော်တို့ စ ရောက်ရောက်ခြင်း ပထမဆုံးလုပ်ကြရတာ အလုပ်ဆိုင်းဖွဲ့ အသက်ကြီးတဲ့လူတွေ၊ အသက်ကြီးတွေက တချို့ ၆ဝ နီးပါး ပါတယ်။ ကျန်းမာရေးမကောင်းတဲ့လူတွေ၊ ထောင်ထဲမှာအနှစ်နှစ် ဒဏ်တွေခံလာခဲ့တဲ့လူတွေ၊ သူတို့ကို ပလပ်ပြီးတော့ ကျန်းမာရေးကောင်းတဲ့လူတွေ ဒါမှမဟုတ် ကျန်းမာရေး အသင့်အတင့်ရှိတဲ့လူတွေ ကိုယ်နဲ့တန်ရာ အလုပ်တွေ ကိုယ်ဝင်လုပ်ကြရတယ်။

ဖွဲ့လိုက်တာကတော့ အဓိကအားဖြင့် ရေခတ်တဲ့အဆိုင်း၊ ထင်းခုတ်ထွက်တဲ့အဆိုင်း၊ စိုက်ပျိုးရေးလုပ်တဲ့အဆိုင်း၊ မီးဖို ထမင်းချက်တဲ့အဆိုင်း၊ မီးဖိုထမင်းချက်တယ်ဆိုပေမယ့် လူရာနဲ့ချီပြီးတော့ ချက်ရတဲ့အတွက် မသက်သာလှဘူး။ ပါသွားတဲ့ အထဲမှာ အခုနပြောသလို ကျောင်းသားလူငယ်တွေက အများကြီးဆိုတော့ အလုပ်ကြမ်းမလုပ်ဖူးသူ၊ အလုပ်ကြမ်း မလုပ်တတ်တဲ့လူက အများကြီး။ ကျနော် အပါအဝင်။

အဲတော့ … ဟိုကျမှ အကုန်ပြန်သင်ရတာ။ ရေတောင်လုံးလုံး မထမ်းတတ်သူ။ အဲဒါက ရေထမ်းတယ်ဆိုလို့ရှိရင် မန္တလေးအခေါ် တပြကျော်သေး၊ တပြခွဲလောက် ရှိတယ်။ အဲဒီလောက်အဝေးကို လမ်းမှာ ကမူကြီးတခု ကျော်တက်ရသေးတယ်။ အဲလိုထမ်းရတာ။ အဲတော့ အတော်ကို မသက်သာတဲ့အလုပ်ပဲ။ အစမှာတော့။ ပုခုံးပေါက်တာ ပြဲတာလောက်ကတော့ ပြောမနေမနဲ့။ ရေပုံးဟာ ရေတွေ ဖိတ်လည်း ဖိတ်၊ နောက်တခါ ဟိုရွဲ့ ဒီရွဲ့နဲ့။

ပေါက်ပြားပေါက်တယ်ဆိုရင်လည်းပဲ မပေါက်တတ်လို့၊ ထင်းခွဲတယ်ဆိုရင်လည်း မခွဲတတ်လို့။ စခွဲတုန်းက ပုံကျအောင် မခွဲတတ်ဘူး။ ခွဲခြမ်းရရှိရုံနဲ့ မရသေးဘူးလေ။ နောက်တော့ လွှသွေးရတာ ဖြစ်လာဦးမယ်။ ဓားသွေးရတာ ဖြစ်လာဦးမယ်။ ဒါတွေကလည်း ဘာမှမလုပ်ဘူးတဲ့လူတွေအတွက် အတော့်ကို ကာလတခု ဖြတ်သန်းပြီး အတော့်ကို လေ့ကျင့်ရသေးတဲ့ ကိစ္စတွေပါ။

အဲဒီအထဲမှာလေ့ကျင့်ရတဲ့ နောက်တခုက ပင်လယ်အစားအစာ၊ ကျနော်တို့တတွေကို ထောင်ကကျွေးတာက အစားအသောက်တွေလည်း သံဗူး၊ ဟင်းသီးဟင်းရွက်တွေလည်း သံဗူးပဲ။ ကျန်တာက ပဲ၊ ငါးပိ။ အစားအသောက်အတွက် အသားက တပတ်ကို ၂ ခါ ပေးတယ်။ အဲဒီလိုပေးတဲ့ဟာ ဘယ်လိုမှ အာဟာရနဲ့မပြည့်စုံလို့ ကျနော်တို့တွေ ရေချိုးထွက်တဲ့အခါ ပင်လယ်အစားအသောက်ကို ရှာကြတယ်။ ခရုကောက်တယ်။ ယောက်သွားခွာတယ်… အစရှိသဖြင့်ပေါ့။

ပင်လယ်အစားအသောက်ဆိုတာက ကျနော်တို့လည်း အဲကျမှသိတာ။ စားကျင့်မရှိတဲ့သူ စားတဲ့အခါကျတော့ အသားဝါရောဂါဖြစ်တာ။ အဲဒီဒဏ်ကို ထောင်ထဲကပါလာတဲ့ဒဏ်နဲ့ ပေါင်းလိုက်တဲ့အခါကျတော့ အတော်ဆိုးတာကိုး။ နောင်မှာ ကျနော်ထပ်ပြောပါမယ်။ ရဲနီတယောက် အလံနီပါတီကပုဂ္ဂိုလ်တယောက်ဆို ဆုံးကိုသွားတာ။ အသားဝါရောဂါနဲ့။

အဲတော့ … ကျနော်တို့တတွေရဲ့ခေါင်းထဲမှာ ဘယ်လိုပေါ်လာလဲဆိုတော့ ပြောပြဦးမယ်။ ထောင်စကားမှာ ‘ထောင့်အပြင် တန်းမရှိ’ ဆိုတဲ့ စကားရှိတယ်။ တန်းဆိုတဲ့ဟာ ထောင်ထဲမှာ တိုက်ပိတ်အောင်လို့ သံကြိုးနဲ့ တန်းဆွဲပြီး ချီထားတာကို ပြောတာ။ အဓိပ္ပာယ်က “ထောင့်အပြင် တန်းမရှိပါဘူးကွ” ဆိုတာ “သန်းခေါင်ထက် ညဥ့်မနက်ပါဘူး” ဆိုတာ ထောင်ထဲ ရောက်မှတော့ “သန်းခေါင်ထက် ညဥ့်မနက်ပါဘူး၊ ဘာမှ ကြောက်ပါဘူး” ဆိုတဲ့စကားအတိုင်း ဒါ ရိုးရိုးထောင်သား ပြောတဲ့စကားပါ။

အဲ … ကျနော်တို့ကျတော့ ထောင်လည်းမက တိုက်လည်းမက တန်းလည်းမက၊ ကျွန်းတောင်ရောက်နေပြီ။ နောက်ပြီးကျတော့ ကျနော်တို့မှာ ထောင်ဒဏ် ဘယ်နှစ်နှစ် ချလိုက်တယ်ဆိုတဲ့ သတ်မှတ်ချက်လည်း မရှိဘူး။ နောက်ပြီး အခု အာဏာပိုင်တွေ ပြောပုံဆိုပုံအရဆိုရင် ကျနော်တို့ဟာ အကန့်အသတ်မရှိဘဲ ဒီထောင်မှာ နေရတော့မှာ။ အဲတော့ ကျနော်တို့ခေါင်းထဲမှာ သေမထူး နေမထူးဆိုတဲ့စိတ်နဲ့ နည်းနည်းကွာတော့တာ။ ဒါက ကျနော်တို့ခေါင်းထဲက။

ထောင်အာဏာပိုင်တွေဘက်ကကျတော့လည်း သူတို့မှာပြဿနာက ဘယ်လိုဖြစ်လာလဲဆိုတော့ ကျနော်တို့ကို အလုပ် ကြမ်းခိုင်းချင်လို့ တနည်းအားဖြင့် နံနှိမ်ချင်လို့ ကျွန်းကိုပို့လိုက်တာ။ နောက်တခုက အဆက်အသွယ် ဖြတ်ချင်လို့။ ပြည်မက လူထုနဲ့ အဆက်အသွယ်ဖြတ်ချင်လို့။ ကျနော်တို့ ဘာတွေလုပ်တယ်ဆိုတဲ့သတင်း ပြည်မကမကြားအောင် ကျွန်းကိုပို့လိုက်တာ။

ဒါပေမယ့် ဖြစ်တာက ကျွန်းမှာ သတ်လို့တော့ မဖြစ်ဘူး။ ကျနော်တို့ကို လောလောဆယ်ပေါ့၊ ဘာလို့ဆို ကျနော်တို့က တောထဲက ဖမ်းလာတဲ့လူတွေ မဟုတ်ဘူး။ တောထဲကဖမ်းတဲ့လူကတော့ ထွက်ပြေးလို့ဆိုပြီးတော့ တောထဲမှာတင် ပစ်သတ်လိုက်တယ်။ အဲလိုပဲ သတ်နေတာပဲလေ။တလျှောက်လုံး။ မြို့ဆိုတော့ အိမ်ကမိဘတွေ မျက်စိအောက်က ဖမ်းတာလေ။ သတ်ပစ်လည်း မဖြစ်ဘူး။

အဲဒီမှာထားတော့ သူက ထုတ်လုပ်ရေး လုပ်ခိုင်းတယ်။ ထုတ်လုပ်ရေးလုပ်တယ်ဆိုတော့ ကိရိယာ တံဆာပလာတွေ ပေးရတယ်။ တူ၊ လွှ၊ ဆောက်၊ ပေါက်ပြား၊ ဓား၊ အဲဒါတွေ ပေးရတယ်။ အဲဒါတွေပေးရတော့ ဒါတွေက ကျနော်တို့လက်ထဲမှာ လက်နက်လို ဖြစ်လာတယ်။ ဝါဒါတွေကျတော့ သေနတ်ကိုင်ခွင့် မရှိဘူး။ ဘာလို့လဲဆိုတော့ ကျနော်တို့ကို အပြင်ထုတ်ရမှာ။ အပြင်ထုတ် အလုပ်လုပ်ခိုင်းရမှာ။ ကျနော်တို့ လူ ၂၀ လောက်ကို ဝါဒါတယောက်က ‘အစောင့်’ ဆိုပြီး လိုက်ရတယ်။ ဒါမှမဟုတ် ၂ ယောက် လိုက်ရတယ်။ ကျနော်တို့လက်ထဲမှာ တူတွေ၊ လွှတွေ၊ ဓားတွေနဲ့။

အဲ … ဝါဒါတွေလက်ထဲမှာတော့ သေနတ်ပေးမိရင် ကျနော်တို့လုလိုက်လို့ရှိရင် ဒုက္ခပဲ။ အဲတော့ ဝါဒါလည်း သေနတ်ကိုင်ခွင့် မရှိဘူး။ သူတို့ထုံးစံအတိုင်း ဝါဒါတွေကိုင်နေကျ တုတ်ကလေးတချောင်းပဲ ရှိတယ်။ အဲဒီ တုတ်ကလေးကတော့ ထည့်ပြောမနေနဲ့၊ ကျနော်တို့ လက်ထဲမှာ ဓားတွေ ဆောက်တွေ အကုန်ရှိနေတယ်။ ပေါက်ပြားတွေရော။ ဝါဒါတွေကလည်း ကျနော်တို့ကို ကြောက်တယ်။

အဲဒါအပြင် သူတို့လဲ ကျနော်တို့နဲ့အတူတူပဲ ထောင်ကျနေတာပဲ။ အိမ်ကမိဘ သားချင်းနဲ့ခွဲ၊ ဒီရောက်လာကြတာ။ နေရတဲ့ နေရာပဲမတူတာ။ စားရတာကလည်း ကျနော်တို့နဲ့ ဘာမှမကွာဘူး။ အဲ … သူတို့က စိတ်ဓာတ်လည်း ကျတယ်။ စိတ်လည်း မပါဘူး။ ကျနော်တို့ထဲက ထင်းခုတ်တယ်၊ တောင်ယာလုပ်တယ်ဆိုရင် လူအုပ်နဲ့ သွားတယ်။ ဟိုမှာ မီးမွှေးတယ်၊ ကြံဖန် ချက်ပြုတ်စားတယ်။ နောက်တခါ ဟင်းရှာသွားဆို တောထဲကို ဝင်သွားတယ်။ လက်ထဲမှာ ဓားပါသွားတယ်။ ဝါဒါနောက်က မလိုက်ရဲဘူး။

အဲတော့ ပြည်မထောင်တွေမှာကျတော့ ထောင်ထဲမှာ သူတို့မသိလို့ရှိရင် အပြစ်ကျူးလွန်တယ်ဆိုပြီး ကြံဖန်ပြီး တိုက်ပိတ်နေရတယ်။ ကိုကိုးကျွန်းမှာ တိုက်ပိတ်လို့ မရဘူး။ တိုက်ပိတ်ရင် သူတို့ ထမင်းချက်ကျွေးရမှာ။ အဲလိုသာ ချက်ကျွေးမယ်ဆိုရင် အကုန်လုံးက တိုက်ထဲဝင်ကြမှာ။ ဒါဆို ‘ကိုယ်ထူကိုယ်ထ’ဆိုတဲ့ ပေါ်လစီတခု ဟာ အဓိပ္ပာယ် မရှိတော့ဘူး၊ ဘာမှလုပ်လို့ မရတော့ဘူး။ ဆိုတော့ တိုက်ပိတ်လို့လဲမဖြစ်ဘူး။ တိုက်ပိတ်ရအောင် လည်း သူတို့မှာ အင်အား မရှိဘူး။ သူတို့အင်အားသုံးလိုက်ရင်လည်း ကျနော်တို့မှာ တုတ်တွေ ဓားတွေနဲ့ ပြဿနာတွေ ကြီးတော့မှာ။

အဲတော့ အခုဖြစ်လာတာက ဘာမှမကြာဘူး ကျနော်တို့ကို အလုပ်ဆိုင်းအဖြစ် ထုတ်လိုက်တာနဲ့တပြိုင်နက် ဝါဒါတွေဟာ ကျနော်တို့ကို ကြောက်တဲ့လူတွေ ဖြစ်သွားတယ်။ “သွားမလုပ်နဲ့ သူတို့က သေမထူး နေမထူးတွေ၊ ဘာမှကြောက်တဲ့လူတွေ မဟုတ်ဘူး။ ငါတို့မှာ သားမယားတွေ ငဲ့ရဦးမှာ” အဲဒီလိုဖြစ်လာတယ်။ အဲတော့ ကျနော်တို့တွေ အလုပ်ကြမ်း လုပ်လာရတာလဲရှိတော့ ဟို… ကြာတော့ ဒေါသလည်းဖြစ်၊ စိတ်ကလည်း တိုကြတယ်။

အဲတော့ ထင်းလုပ်တဲ့ ထင်းတုံးလေးတွေ သယ်လာတယ်။ ထမ်းပြီး သယ်လာတယ်။ ထမ်းပြီးတော့ မီးဖိုချောင်ထဲ ပို့ရမှာ။ မီးဖိုချောင်ထဲပို့ဖို့ဆိုရင် ဟို … ကျနော်တို့ ထင်းလုပ်တဲ့နေရာ ဥပမာ … မီးဖိုချောင်နဲ့နီးတဲ့ဘက်က ထင်းတွေကို သယ်လာတယ်။ အဲဒီကနေ ဟိုးဖက် တံခါးပေါက်ကို ပြန်သွား။ အဲဒီကနေဝင်ပြီးတော့ ထောင်တလျှောက်လုံး ပြန်လျှောက်လာရတယ်။ နောက်ထပ် မီတာနှစ်ရာကျော်လောက် ထပ်လျှောက်နေရဦး မှာ ထင်းတုံးကြီးထမ်းပြီးတော့။

အဲတော့ ဘယ်သူမှ မထမ်းချင်တော့ဘူး။ ကျနော်တို့ထင်းတုံးတွေကို၊ ထင်းတုံးတွေ ဒါမှမဟုတ် ခွဲခြမ်းတွေကို သံဆူးကြိုး အပြင်ဘက်ကနေ အထဲကိုရောက်အောင် ပစ်ချတယ်။ ဒါမှမဟုတ် အောက်ကနေ အတင်း ထိုးသွင်းတယ်။ အဲဒီတော့ ကြာတော့ သံဆူးကြိုးတွေ ပြတ်ကုန်တာပေါ့။ တခါတလေကျတော့ ကျနော်တို့က ခွဲခြမ်းတွေကို တမင်ကို သံဆူးကြိုးပေါ် ပစ်ချတာကို သူတို့ မမြင်ဘူး။ သံဆူးကြိုးတွေ ပြတ်ကုန်ရော၊ ပြတ်ကုန်တော့ သူတို့လည်း ပြင်မနေချင်ဘူး။

ဆက်လက်ဖော်ပြပါမယ်။

No comments: