နေခြည်ရဲ့အနမ်းကို
တောင့်တနေရှာတဲ့ ပန်းပွင့်တွေ
ညကြီးသန်းခေါင် မိခင်နဲ့ကွဲကွာသွားတဲ့
ငှက်ကလေးတွေ။
တမိုးကြီးချုပ်လို့ နွားတအုပ်နဲ့
မျက်စိလည်နေကြတဲ့
နွားကျောင်းသားတွေ။
“ဗီတာမင်ဒီ” နဲ့
စကားစမြည်ပြောဖို့
စောင့်နေကြတဲ့ အိပ်ရာဖျာအောက်က
ကဗျာတွေ။
လေညင်းနဲ့အတူ အလည်လာမယ့်
ဧည့်သည်ရဲ့ခြေသံကို
ရင်တလှပ်လှပ်ခုန်ပြီး
ညလုံးပေါက် ထိုင်စောင့်နေကြတဲ့
ပြတင်းတံခါးပေါက်တွေ။
အရုဏ်ကို ကိုယ်ဝန်ဆောင်ထားပြီး
မမွေးဖွားတဲ့ညဆိုတာ
ဘယ်တုန်းကရှိခဲ့ဖူးလို့လဲ။
ညဟာ စက်ဝိုင်းပေါ်
လမ်းလျှောက်နေတာ မဟုတ်ဘူး။
ကြောင်လိမ်လှေကားပေါ်
တထစ်ချင်း လှမ်းလှမ်းတက်နေတာ။
မောင်သင်းခိုင်
မဟေသီ၊ အမှတ်-၁၈ဝ၊ ဒီဇင်ဘာ၊ ၁၉၉၉။
No comments:
Post a Comment