အကိုင်းအဆစ်တို့ကြားတွင် မျက်ခနဲ မျက်ခနဲ နာကျင်သော ဝေဒနာကို ခံစားခဲ့သည်က ကြာပြီ။ နေပူရှိန်ကလည်း တဟပ်ဟပ်ထနေသည်။ ကွင်းပြင်သည် တံလှပ်ရောင်ဖြင့် တညီးညီး။
သဲတို့မှလက်သော အရောင်တို့က နေရောင်နှယ်ပင် သူ့အရွက်များကိုညှိုးရော်စေသည်။ အရွက်တို့သည် ဖုန်ခိုးထုကြားထဲ ဖွေးဖွေးဥနေ၏။
ရေဘယ်မှာလဲ။
ရေငတ်ခြင်းကို တလျှောက်လုံး ခံစားခဲ့ရသည်။ သူ့အမြစ်များသည် ရေရှိရာသို့ရောက်အောင် ထိုးဖောက်မသွားနိုင်။ နွယ်တို့ထဲမှာ သိုမှီးထားသော ရေဓာတ်တို့သည်လည်း အပူရှိန် အပူငွေ့တို့ကြောင့် ခြောက်သွေ့ခဲ့ပြီထင်သည်။
ရွက်ညွန့်တို့ ခြောက်သွေ့ခဲ့သည်က ကြာပါပြီ။ သည်လိုနှင့် အဆုံးသတ်ရတော့မှာလား။ ရေဓာတ်ကို မရရှိဘဲ သူ့အနားမှာတော့ ရှားစောင်းပင်များစွာသည် မားမားမတ်မတ်ရပ်လျှက် အပွင့်ဖြူဖြူတွေတောင် ပွင့်နေကြသေးသည်။ လသာလျှင် ရှားစောင်းပင်မတ်မတ်တို့သည် ဆူးတို့ထိုးထိုးထောင်ထောင်ထလျှက် လှပဲလှသေးတော့။ ဆူးတွေ ဆူးတွေ။
ကြိမ်နွယ်ပင်တွေကလည်း ဆူးတွေနှင့် သူ့ပင်စည်ကို ကလူကျီစယ်သည့်နှယ် လာလာပတ်တတ်သည်။ သူကတော့ ကြိမ်နွယ်ပင်၏ ဆူးများကို ရှောင်ဖို့ကြိုးစားဆဲ။ ရေငတ်လှပြီ။ ရေငတ်လှပြီ။
သည်နေရာက ရွှေ့လို့ရလျှင် ချောင်းကလေးတစင်းရှိရာသို့ ရွှေ့လို့သွားချင်သည်။ ပန်းကလေးတွေကလည်း ပွင့်ချင်သေး သည်။ ဖြူဖြူလေးလား၊ ဝါဝါလေးလား။ ရေမရှိမှတော့ ပန်းကလေးတပွင့် ပွင့်ဖို့မပြောနှင့် ရွက်ညွန့်လေးတွေတောင် ညှိုးခြောက်ကုန်ခဲ့ပြီ။
မျက်ခနဲ မျက်ခနဲ ဝေဒနာတွေက နေ့နေ့ ညည ခံစားနေရမြဲ။
ကြည့်လိုက်ပါဦး။
တံလှပ်ရောင် တညီးညီး သဲပြင်။
မြက်ပင် မြက်ဖုတ်ကလေးပင် စိတ်ရွှင်လန်းဖွယ် မမြင်ရ။ မိုးဦးကျရင်တော့ ပြန်နုသစ် လန်းဆန်းလာလိမ့်မည် ထင်သည်။ ခုတော့ အပူကြီးလှသည်။
မိုးဆိုတာကလည်း တခြိမ်းခြိမ်း ခြိမ်းရုံခြိမ်းပြီး ထွက်ပြေးသွားတတ်သည်မို့ တောင့်တမနေချင်တော့။
အပင်တပင်အဖြစ် မမွေးဖွားခဲ့ဘဲ သတ္တဝါတကောင်အဖြစ်မွေးဖွားလာခဲ့လျှင် ကောင်းမည်ထင်သည်။ ပြေးလို့ လွှားလို့၊ သွားလို့လာလို့ ရနိုင်ပါသေးသည်။
ခုတော့ …
အပင်ဘဝနှင့် မွေးဖွားလာသည့်ဘဝကိုဘဲ စိတ်နာကြည်းနေမိသည်။ ပြီးတော့ ရေသောက်မြစ်တိုတိုလေးက ဘယ်နေရာကို မှ လှမ်းလို့မမှီနိုင်။
ဆူးတွေ။
သူ့ဘေးက အပင်တိုင်းကတော့ ဆူးတွေနှင့် ရင်ကော့လျှက် အပူဒဏ်ကို မားမားမတ်မတ် အံတုနေကြသည်။
သူလည်း ဆူးပင်တပင်ဖြစ်ရင် ကောင်းမှာပဲ။
ထိုးထိုးထောင်ထောင်ဆူးတို့သည် စွမ်းရည်၏အမှတ်အသားလို့ သူ ထင်ချင်လာသည်။
နေပူကွင်းပြင်နှင့် တောရိုင်းဆူးပင်များကြားတွင် သတ္တဝါကလေးတွေကလည်း သူ၏ စိမ်းဆဲ သစ်ရွက်တို့ကို လာဆိတ်ဆွဲ စားသောက်တတ်ကြသော်လည်း ဆူးပင်တွေကိုတော့ ဝေးဝေးက ရှောင်ကြရှားကြသည်။ အထူးသဖြင့် ရှားစောင်းပြဿဒ် တွေကို သွားပြီး မစမ်းသပ်ရဲကြ။ သူ့အရွက်တွေကိုတော့ ဆိတ်ခြွေလည်း စားသည်။ မွချေလို့ ပစ်တတ်ကြသေးသည်။
ဆူးပင်တွေကမှ ကိုယ်ထဲမှာ ရေဓာတ်အပြည့်သိုမှီးပြီး ကြံ့ကြံ့ခံနိုင်ကြသည်။
‘ငါ့မှာလည်း ဆူးသာရှိလျှင်တော့လား’ သူ တွေးမိသွားပြန်သည်။ နံနက်နေခြည်သည် လင်းကျလာသည်နှင့် အတူပင် အပူဓာတ်၊ အနွေးဓာတ်တို့ကို သယ်လာသည်။
လေကလည်း နွေးလျှက်။
ငှက်လေးတွေ တေးသီသံကိုပင် မကြားရ။
တောတန်းတခုလုံး တေးသီသံကိုပင် မကြားရ။
တောတန်းတခုလုံးခြောက်သွေ့ပြီး လေပွေထဲမှ ဖုန်ခိုးတို့ဖြင့် မှိုင်းမှုန်နေသည်။
ဖုန်ခိုးတွေ အထပ်ထပ်ကပ်၍လားမသိ၊ သူ့တကိုယ်လုံး ယားယံနာကျင်နေသည်။ ကြိမ်နွယ် ဆူးပင်ကလည်း တချိန်လုံး ဆူးများဖြင့် တို့ထိကစားနေခဲ့သည်။
ဆူးခြစ်ရာတို့ထဲသို့ ဖုန်များဝင်လျှင် တဖျန်းဖျန်းနှင့် နေရထိုင်ရခက်သည်။ ပုရွက်ဆိတ်တို့ကလည်း သူ့သစ်ရည်တို့ကို ချိုမြသည်ထင်၍လား မသိ။ ဆူးခြစ်ရာလေးများကို လာလာ ကိုက်ဖဲ့သည်။
အသိုက်အအုံဖွဲ့ကာ မျိုးဆက်တွေ ပွားလာကြဦးမှာလား။
ပုရွက်နီနီများကိုကြည့်ပြီး ထိတ်လန့်သွားရသည်။ ပုရွက်နီများသည် ပင်စည်တလျှောက်တန်းစီလျှက် ဆူးခြစ်ဒဏ်ရာ ကလေးများမှ သူ့အသားစကလေးများကို ကိုက်ဖဲ့လက်ဆင့်ကမ်းနေကြသည်။
သည်လောက်အပူဒဏ်ထဲမှာ သူကြာကြာ ကြံ့ကြံ့ခံနိုင်ပါ့မလား။
တကိုယ်လုံး သွေ့ခြောက်တော့မည် ထင်သည်။
ရှိသမျှရေငွေ့ဓာတ်တွေ ခန်းလုပြီ။
ပန်းကလေးတွေ ပွင့်ခွင့်ဆိုတာကလည်း မဖြစ်နိုင်တော့။
အပွင့် ပွင့်ခွင့်ကြုံမှ အသီးသီးလာနိုင်မည်သာ။ အသီးမှတဆင့် သူ့မျိုးဆက်တွေ တဖြည်းဖြည်း။
ဤနေရာ ဤပတ်ဝန်းကျင်တွင် အပွင့်မှအသီး၊ အသီးမှအပင်ဖြစ်လာခဲ့ရသော သူ့ဘဝကိုပင် သူမေ့လျော့၍နေသည်။
ခုကြိမ်နွယ်ပင်ကလည်း တချိန်လုံး တိုးတိုက်၍နေသည်။ မိုးရေတွေရလျှင်လည်း ကြိမ်နွယ်ပင်ကပဲ ဝါးမျိုသွားလေမလား။
သူအားငယ်လာ၏။
ဘေးဘီကိုငဲ့စောင်းကြည့်လျှင် ဆူးထောင်ထောင် မာန်ကြွားကြွား အပင်များချည်း။ တကယ်တော့ သူ့မျိုးစေ့ကို ငှက်တို့ နေရာမှား၍ သည်နေရာသို့ ကိုက်ချီလာခဲ့လေသလား။ မျိုးတူအပင်များ ဘယ်မှာလဲ။
သူ့ကိုယ်သူ သည်နေရာလေးမှာ တန်ဖိုးမဲ့နေသလို ခံစားလာရသည်။ ရေဓာတ်ကိုလည်း သိုမှီးနိုင်စွမ်း မရှိ။ ဆူးလည်း မရှိ။
ညဥ့်ဦးက မိုးချုန်းသံများကို ကြားခဲ့ရသေးသည်။ အဝေးတွင် လျှပ်ရောင်တို့ ကွန့်မြူးသည်ကိုပင် မြင်ခဲ့ရသေးသည်။ မိုးငွေ့ မိုးနံ့တော့မူ မရရှိခဲ့။ ဝေးလွန်းနေသည်ထင်ရဲ့။ သဲမုန်တိုင်းများသာ ညဥ့်ယံထဲတွင် ဝှေ့ယမ်းနေသည်။ ကြိမ်နွယ်များ လေနှင့်အတူ လှုပ်ရှားမှုကြောင့် ဆူးများက သူ့အသားထဲထိ ထိုးစိုက်နာကျင်စေသည်။
မိုးစက်များကိုလည်း မမျှော်လင့်ချင်တော့။
အသက်ရှုကြပ်လာသည်။ လေပူကြီးကလည်း တရှိန်ရှိန်ဟပ်လိုက်သေးသည်။
သူ့ခန္ဓွာကိုယ်မှ အခွံတွေ အလွှာလိုက်ကွာကျပြီး သူ သေရတော့မည် ထင်သည်။
အပူငွေ့ထဲက လူးလွန့်ရုန်းကန်လိုက်တော့ ကြိမ်နွယ်ပင်၏ ဆူးတို့က အသားထဲထိ နစ်မြုပ်သွားပြန်သည်။
တညနေတွင် လေကငြိမ်နေဆဲ။
အကိုင်းအဆစ်တို့ထဲက မြိုးမြိုးမြက်မြက် နာကျင်နေသည့်ဝေဒနာ တိုးလာသည်။
ထိုအရာလေးများသည် သူ့ဘဝတွင် အသစ်တဖန် ပြန်လည်ရှင်သန်ဖွံ့ဖြိုးစေမည့် အစို့အညှောက်ကလေးများလား။ သည် လိုဆိုလျှင် ပန်းတို့လည်း ပွင့်ခွင့်ရတော့မှာပေါ့။
သည်လောက် အပူတောကြီးထဲမှာ အစို့အညှောက်တွေ ပြည့်လို့လာပြီဆိုတော့ အပူကိုအံတုနိုင်ပြီဟု ယုံစားမိသွားပြီ။
မျှော်လင့်ဆဲ ထိုအရာလေးများသည် အရွက်အညွန့်ကလေးများအဖြစ် ဆက်မဖွံ့ဖြိုးလာတော့။ စူးရှရှကိုင်းချွန် နုနုလေး များမှသည် ရင့်မာကြမ်းရှသော ဆူးများအဖြစ် သူ့တကိုယ်လုံး ဖုံးလွှမ်းသွားခဲ့သည်။
ခင်မြဇင်
စာပေဂျာနယ်
အတွဲ(၃)၊ အမှတ်(၁)၊ ၁၉၉၅၊ စက်တင်ဘာ။
သရုပ်ဖော်- မင်းကျော်ခိုင်
No comments:
Post a Comment