တကယ်တော့ ငါ့ ခေတ်ဟာ အမှောင်ခေတ်ကြီးပါ
ရိုးရိုးမှန်မှန်ပြောလို့ မဖြစ်ဘူး
မျက်မှောင်မကြုတ်တတ်တဲ့ လူဟာ
ခေတ်ရဲ့ဒုက္ခတွေကို မခံစားတတ်လို့ပဲ
ရီမောနေတဲ့လူဟာလည်း ကြောက်စရာကောင်းတဲ့
ခေတ်ရေစီးရဲ့ ဝါးမျိုမလိုတက်လာတဲ့အသံကို
မကြားသေးသူသာပဲ ဖြစ်တယ်။
ကွယ် … ၊ ဘယ်လိုခေတ်ဆိုးကြီးပါလိမ့်
သစ်ပင်တွေရဲ့ သဘာဝအလှအကြောင်း
စကားပြောတယ်ဆိုတာ
လူ့လောကကြီးကို လျစ်လျူပြု ရက်စက်ရာ ရောက်ပါတယ်
မတရားတဲ့ အဖြစ်သနစ်တွေကို နှုတ်ပိတ်ရေငုံနေခြင်းလည်း ဖြစ်ပါတယ်။
လမ်းကို ဖြတ်သွားတဲ့အခါ အေးအေးဆေးဆေး
လမ်းလျှောက်သူဟာ
ဒုက္ခရောက်နေတဲ့ မိတ်ဆွေတွေနဲ့ ကင်းကွာနေတဲ့သူပဲ ဖြစ်တယ်။
ငါ့အနေနဲ့တော့ အလုပ်လက်ရှိ စားနိုင်သောက်နိုင် မှန်ပါတယ်။
သို့ပေမယ့် ဒါက ကံကောင်းလို့ကွ၊ ငါ တကယ်ပြောတာ
ငါ ကြားရသလောက်ဟာ ငါ လုပ်တာနဲ့ တန်ကို မတန်ဘူး
ကံအကြောင်းတရားပဲ (ကံဆိုးတဲ့ အလှည့်မှာတော့ ငါလည်း ငတ်မှာပဲ)။
ငါ ပညာရှိတဦး ဖြစ်ချင်ပါတယ်
ကျမ်းဂန်ဟောင်းကြီးတွေက ပညာရှိခြင်းဟူသည်မှာ
ဒီလိုဆိုတယ်
ပင်ပင်ပန်းပန်း ဘယ်တော့မှ မလုပ်နဲ့၊ ရှောင်နေ၊ အေးအေးဆေးဆေးနေ
ဘယ်သူ့ကိုမှ ကြောက်စရာအကောင်ကြီးလို့ ထည့်မတွေးနဲ့
အကြမ်းဖက်မှု မပြုနဲ့
သူက ဆိုးပေမယ့်၊ မှားပေမယ့် ကိုယ်က ကောင်းတာမှန်တာနဲ့ တုန့်ပြန်
စိတ်အလိုဆန္ဒကို ချုပ်တည်းပါ၊ မေ့ထားစမ်းပါ
ပညာအကြောင်းပဲ အာရုံစူးစိုက်ပါ
ငါ ဒါတွေ တခုမှ မလုပ်နိုင်ဘူး
တကယ်တော့ ငါဟာ အမှောင်ခေတ်ကြီးထဲမှာ နေရတာကိုး။
(၂)
ကစဥ့်ကရဲ ခေတ်ပျက်ထဲမှာ မြို့တော်ကြီးကို ငါရောက်လာတယ်
လူတွေအကုန် အငတ်ငတ် အပြတ်ပြတ် ဖြစ်နေကြတယ်
လူတွေ ဆူပူအုံကြွတော့ ငါလူအုပ်ကြီးနဲ့ ရောပါသွားတယ်
ငါလည်း သူတို့နဲ့အတူ ဆူပူတော်လှန်တာပဲ
ဒီလိုနဲ့ပဲ အချိန်တွေ ကုန်ခဲ့တာပေါ့ကွာ
ငါတို့လုပ်နိုင်တာ ဒါပဲ ရှိတော့တာကိုး။
ထမင်းစားလည်း ဘေးပတ်လည်မှာ အလောင်းတွေ ပြန့်ပြန့်ကြဲလို့
အိပ်နေရင်လည်း အိပ်မက်ထဲမှာ သတ်တာဖြတ်တာတွေပဲ မြင်တယ်
ချစ်သူနဲ့ ချစ်တဲ့အခါလည်း ဥပေက္ခာစိတ်နဲ့ တဝက်ပဲ ချစ်နိုင်ခဲ့တယ်။
သဘာဝလောကကြီး တခုလုံးကို ငါ စိတ်တိုနေမိတယ်
ဒီလိုနဲ့ပဲ အချိန်တွေ ကုန်ခဲ့တာပေါ့ကွာ
ငါတို့လုပ်နိုင်တာ ဒါပဲ ရှိတော့တာကိုး။
ငါတို့ခေတ်မှာ ဘယ်လမ်းကို ဆုံးအောင်လိုက်လိုက်
နွံဗွက်အိုင်ကြီးတွေက ပိတ်ဆီးပြီး ရောက်လာသူကို မျိုပစ်တာပဲ
စကားပြောရင်လည်း အသတ်ခံရမှာ ကြောက်နေရတယ်
ငါ မဖြစ်စလောက်ပဲ လုပ်နိုင် တတ်နိုင်တယ်
ဒါပေမယ့် ငါ မရှိခဲ့ရင်
ငါတို့ခေတ် အစိုးရဟာ ခုလောက် ပြုတ်အကျမြန်မှာ မဟုတ်ဘူး
ငါကတော့ ပြုတ်ကျစေမယ့် ရည်မှန်းချက်နဲ့ လုပ်ခဲ့ပါတယ်
ဒီလိုနဲ့ပဲ အချိန်တွေ ကုန်ခဲ့တာပေါ့ကွာ
ငါတို့လုပ်နိုင်တာ ဒါပဲ ရှိတော့တာကိုး။
လူဆိုတာ အားပျော့ပါတယ်
ပန်းတိုင်က ဟိုး … အဝေးကြီးမှာ ရှိတယ်လေ
မြင်သာပေမယ့် ငါတို့အဖို့ ရောက်အောင်သွားဖို့
ခက်လှပါတော့တယ်
ဒီလိုနဲ့ပဲ အချိန်တွေ ကုန်ခဲ့တာပေါ့ကွာ
ငါတို့လုပ်နိုင်တာ ဒါပဲ ရှိတော့တာကိုး။
(၃)
မင်းတို့ကတော့ လွတ်ပြီလေ၊ ကျွတ်ပြီလေ
တို့ကို ဖုံးလွှမ်းနှစ်မြုပ်ခဲ့တဲ့ ဥဒကတောဝါ ကနေပြီး
မင်းတို့ လွတ်လာပြီပေါ့။
မင်း တွေးကြည့်လေ
တို့ ပျော့ညံ့ မှားယွင်း ချို့တဲ့အားနည်းတဲ့ အကြောင်းရယ်
အဲဒီလို ဖြစ်စေခဲ့တဲ့ မှောင်ကျနေတဲ့ တို့ခေတ်ကြီး အကြောင်းရယ်
မင်း ပြောတဲ့အခါတိုင်း တို့ဟာ ဖိနပ်သစ်တွေ အလဲလဲ စီးဖို့ထက်
တိုင်းပြည် အခြေအနေကို ပြောင်းလဲအောင်ပဲ
အဖိနှိပ်ခံ လူတန်းစားတွေ လွတ်မြောက်ရေးအတွက် ရုန်းကန်ရင်း
စိတ်ပျက်လက်ပျက်နဲ့ မတရားမှုတွေချည်းသာ တွေ့ရှိ
အရှုံးပေးခဲ့ရတယ်ဆိုတာ မမေ့နဲ့လေ။
ခါးသီး ရွံမုန်းစရာတွေချည်း တွေ့ပြီး
တို့ တနေ့ထက် တနေ့ ငိုပြီး
မျက်မှောင်ကြုတ်နေခဲ့ရတယ်
တို့ခေတ်ကို အသေးစိတ် သိနေမြင်နေရတာကိုး
မတရားမှုကို ဒေါသဖြစ်လွန်းလို့မို့
စကားပြောရင်တောင် ထန်ပြင်းမာကြော ရိုင်းစိုင်းနေတယ်။
အိုကွာ၊ တို့ကိုယ်တိုင်ကတော့ အကြင်နာတရား မပွားနိုင်တော့ဘူးလေ
အကြင်နာတရား အခြေခံတဲ့ လောကသစ်ကြီးကို
တည်ဆောက်လိုတဲ့ ဆန္ဒကတော့
တို့ရင်ထဲမှာ အပြည့်အသိပ်ပါပဲ။
ဒီတော့ မင်းတို့ခေတ်မှာမှ လူသားအချင်းချင်း
ကြင်နာတရားထားလို့ ဖြစ်နိုင်တယ်ဆိုတာ
စဉ်းစားမိလေတိုင်း
တို့ကို ထန်ပြင်း ရိုင်းစိုင်းသူတွေလို့
မပြောတော့ဘူး၊ မယူဆတော့ဘူး မဟုတ်လားကွယ်။
ဗားတော့ဗရက်
တင်မောင်အေး (ဘာသာပြန်)
၁၉၇ဝ၊ ဇူလိုင်။ (ပထမအကြိမ်)
No comments:
Post a Comment