Sunday, May 31, 2009

ကာတွန်းစောငို

ကာတွန်းစောငို ရဲ့လက်ရာများကို ပြန်လည်ဆန်းသစ်တာဖြစ်ပါတယ်။



စစ်အုပ်စု သက်တမ်းရှည်နေသရွေ့ - ၁၉


ကျနော်တို့ခေတ်မှာ ‘ဘွန်း’
ဒီခေတ်ကျတော့ ‘၄ဝ၁’
(၁)
နေရာက အင်းစိန်ထောင် အဆောင် ၎
အချိန်က ညနေစောင်းမှာ

အခန်းထဲမှာ လူ ၃ဝ ကျော်ခန့်ရှိတယ်။ ထမင်းစားပြီး တန်းပိတ် လူစစ်သွားတာလည်း ကြာလှပြီ။ တတောက်တောက်နဲ့ လမ်းလျှောက်နေမိတာ ဘယ်နှစ်ခေါက် ရှိမှန်းမသိ။ အသံတွေ တဖြည်းဖြည်း စဲသွားစ။ တချို့နီးစပ်ရာ ခုတင်ချင်း ‘တွတ်’ထိုးနေတာပဲ ကျန်တော့တယ်။ တချို့အိပ်ကြပြီ။
သေချာတာ တခုပဲရှိတယ်။ လှုပ်လှုပ်ရှားရှားလုပ်နေတာ ကျနော်တယောက်တည်း။ ကုလားဝါဒါ အေးသိန်း ရေချိုးကန်ဘေး သရက်ပင်ရိပ်က စောင့်ကြည့်နေတာ ကျနော်သိတယ်။ ကျနော့်ချိန်ဆချက် မပြီးပြတ်သေး။ လိုအပ်မယ့် အချက်အလက်တွေ ဖြည့်ဆည်းနေဆဲ။ ဘာပြောမယ်ဆိုတာက ရှင်းပြီးသား။ ထိထိမိမိ ဖြစ်သွားလိမ့်မယ်ဆိုတာလဲ စိတ်ချသွားခဲ့ပြီ။
ဘယ်လိုပြောမလဲဆိုတာကြတော့ တုံ့ဆနေမိတယ်။
ကျနော်က လူတယောက်ကို နင်ပဲ ငဆပြောရမှာ အားနာလေ့ရှိတယ်။ မပြောမဖြစ် ပြောရရင်လည်း အသံတုန် တတ်တယ်။ အသေးစိတ်အပိုင်းတွေကတော့ ရောက်ရားပဲပေါ့။ ပြောရဆိုရ ရင်ဆိုင်ရမှာက ဒီနေ့ (ကို--) ရဲ့ ပုံစံအတိုင်း ဖြစ်ချင်မှဖြစ်မယ်။ သူတို့ရည်ရွယ်ချက် သိပြီးသားဆိုတော့ သိပ်တိမ်းစောင်းစရာ မရှိ။
(၂)
နေ့ခင်းက အဖြစ်အပျက်ကို ပြန်စဉ်းစားနေမိတယ်။
နံက်စာ ထမင်းစားပြီးချိန်မှာ ကျနော်တို့အခန်း အစုလေးရဲ့ခေါင်းဆောင် (စိန်--) ကို ခေါ်ထုတ်သွားကြတယ်။ လာခေါ်ပုံက ဖော်ဖော်ရွေရွေ၊ စောင်အုပ်သွားပုံက သာသာကြည်ကြည်၊ အပြစ်တခုခုကြောင့် ခေါ်ထုတ်ပုံမျိုး မဟုတ်။
သိကြတဲ့အတိုင်း ကျွန်းပြန်တွေဆိုတော့ ထောင်မှူး ကျော်မင်း ဦးစီးတဲ့ ဝါဒါတွေက အလစ်မပေး တခြား လူခံအကျဉ်းသားတွေလည်း မှာထားပြီးသား။ “ဒီကောင်တွေအနား မကပ်ကြနဲ့၊ ဓာတ်လိုက်သွားမယ်၊ တွေ့တာနဲ့ တိုက်ထဲ ပို့ပစ်မယ်”ဆိုတဲ့ ကြိမ်းဝါးသံတွေ တကြားတည်း ကြားနေရတယ်။
သူတို့တတွေ ရေချိုးဆင်းဖို့ ကျနော်တို့အခန်းရှေ့ကဖြတ်သွားတဲ့အခါ ဝါဒါတွေ ရှေ့နောက်ပိတ်ပြီး ခေါ်သွားတာတွေ့ရတယ်။ ပြုံးဖြီးဖြီးမျက်နှာတွေကို တဖက်လွှဲထားကြရတယ်။
ကျနော်တို့ အခန်းတွေကိုတော့ ရေကန်နဲ့ မျက်နှာချင်းဆိုင်ဘက် သံတိုင်ပေါက်တွေက မကြည့်ဖို့ သတိပေးထားတယ်။ ဝါဒါတယောက်လည်း အနီးကပ် လာကြီးကြပ်လေ့ရှိတယ်။ (ရရိုးလား ကြည့်ဖြစ်အောင် ကြည့်ကြတယ်။) ဒါ့အပြင် အထက်ခန်း၊ ဘေးခန်းတွေနဲ့ စာအဆက်အသွယ်က မပြတ်။
(၃)
ကျနော်တို့ကို ကျွန်းကပြန်ပို့လိုက်တော့ ဆိပ်ကမ်းကနေ ဟီးနိုးကားကြီးတွေနဲ့ တင်ခေါ်လာပါတယ်။ ကျနော်တို့ လူ ၃ဝ ကျော်အသုတ်က ကျွန်းမှထွက်စဉ် နောက်ဆုံးသင်္ဘောပေါ်တင်ခဲ့ကြတဲ့ အသုတ်ဖြစ်ပြီး ဘူးထဲသွင်းတော့ ပထမဆုံးဖြစ်ခဲ့တယ်။
ဘူးထဲသွင်းပြီးတဲ့နောက် ပုံစံထိုင်မပေးကြလို့ ပုံစံပြခံကြရပါတယ်။ တဦးကို ဝါဒါ ၂ ယောက်ကျ ညှပ်၊ ချုပ်၊ ဆဲဆို ထိုးကြိတ်ကာ (မျက်နှာစောင် အုပ်လျက်) တံခါးတချပ်ကျော် ခေါ်သွင်းတာ ခံလိုက်ကြရတယ်။ တနေရာမှာ စု အထိုင်ခိုင်းထားတယ်။ ဘေးနားမှာလည်း ရဲဘော်တွေ တယောက်ပြီးတယောက် ရောက်လာသံကြားရတယ်။
ဘေးမှာတော့ ထောင်အာဏာပိုင်တွေနဲ့ ဝါဒါတွေက ဝိုင်းထားတယ်။ အနီးကပ် အယ်လ်ဇေးရှင်းခွေးကြီးတွေရဲ့ အီသံ ဟောင်သံတွေ ကြားနေရတယ်။ စိတ်မထင်ရင် မထင်သလို ခြေနဲ့ကန် လက်သီးနဲ့ဝင်ထိုး လုပ်တာလည်း ခံနေကြရတယ်။
အရိုက်ခံလိုက်ရလို့ နံရိုးကျိုးကာ တုံးလုံးကြီးလဲနေတဲ့ လေထီး ဗိုလ်အုန်းမောင်ရဲ့ ညည်းသံကို ကြားနေရတယ်။ ဘာမှလည်း မတတ်နိုင်၊ ဘာလုပ်ရမှန်းလည်း မသိတော့။
၁၅ မိနစ်လောက်ကြာ အောင်နှိပ်စက်ပြီးမှ လူတဦးချင်း နာမည်ခေါ်ပါတယ်။ အခေါ်ခံရသူက လက်ထောင်ပြရပြီး နောက် သူ့ကို ခေါ်သွားသံကြားရတယ်။ ကျနော့်နာမည် ခေါ်သံကြားလို့ လက်ထောင်ပြလိုက်တယ်။ ထုံးစံအတိုင်း ကြမ်းကြမ်းတမ်းတမ်း ခေါ်လာပြီး အခန်းတခန်းထဲကို စောင်ခွာပေးလိုက်ကာ ထိုးသွင်းလိုက်တယ်။
မိုးမလင်း မှောင်မိုက်ဆဲအချိန်ဖြစ်ပေမယ့် ဖျော့တော့တော့ ဖန်သီးရောင်ကြောင့် အခန်းထဲ ဘယ်သူမှမရှိကြောင်း သိလိုက်ရတယ်။ ခဏနေတော့ ခြေသံတွေကြားရပြီး သော့ဖွင့်လိုက်ကာ နောက်ထပ်တယောက် ဒလိမ့်ခေါက်ကွေး ရောက်လာပါတယ်။ ကျနော့်ကိုမြင်တာနဲ့ ကျွမ်းနှစ်ပတ်လောက်ထိုးပြီး ကျနော့်ဆီ ပြေးလာတယ်။
“ဝမ်းသာလိုက်တာ” တဲ့။ ဘာဖြစ်လို့လဲဆိုတော့ “ခင်ဗျားနဲ့အတူ နေရမှာမို့ပေါ့” တဲ့။ ကျနော်တို့နှစ်ယောက်က အဲဒီလောက်ချစ်ကြတဲ့ ရဲဘော်တွေ။ သူကတော့ ရဲဘော် အောင်ဘော်ပါ။
နောက်တော့ သူ့အဖွဲ့ကိုယ့်အဖွဲ့ သူ့ပါတီကိုယ့်ပါတီကလူတွေ တယောက်ပြီးတယောက် ရောက်လာကာ လူပြည့်သွားပါတော့တယ်။ လူပြည့်တာနဲ့ အဆောင်မှူး ကျော်မင်းနဲ့ ဝါဒါတသိုက်ရောက်လာပြီး ထောင် စည်းကမ်းတွေ လက်ချာရိုက်ပါတော့တယ်။
သူတို့ ပြန်ထွက်သွားမှ ကိုအောင်ဘော်က “ဒီကောင့် အဆောင်နေရတာ ချောင်မယ့်ပုံ မရှိဘူး။ ကျနော်တို့ကို အထိုင်ခိုင်းထားပြီး သူတို့က ဝိုင်းထားချိန်မှာ ဝါဒါတွေက တယောက်ပြီးတယောက် ဝင်ရိုက်နေတာ ကျနော်က မြင်နေရတယ်။ ကျနော့်ကို အုပ်ထားတဲ့စောင်က အပေါက်ကြီးနဲ့ဗျ။ ဗိုလ်အုန်းမောင်ကို ရိုက်ချလိုက်တာလည်း မြင်ရတယ်။ တချက်တချက် “မလုပ်နဲ့ မလုပ်နဲ့ လက်လွန်ကုန်မယ်”လို့ အရာရှိပိုင်းက အော်သံတွေ ကြားရတယ် မဟုတ်လား?။ အဲဒါက သင်္ကြန်တွင်း မပက်ကြနဲ့ မပက်ကြနဲ့လို့အော်တဲ့ လူကြီးတွေရဲ့အသံမျိုး။
တကယ်က သူတို့ လက်ညှိုးထိုးပြတဲ့သူတွေကို ဝင်ရိုက်ကြရတာပဲ။ စစ်ယူနီဖောင်းနဲ့ အကောင်တွေလည်းပါတယ်။ ခုနတုန်းက ထောင်မှူးဆိုရင် “ဟေ့ တော်ပြီ၊ တော်ပြီ ရပ်လိုက်တော့” လို့ အော်ပြီးတာနဲ့ သူ ကိုယ်တိုင် ဝင်ပြီးကန်ခဲ့တဲ့ ကောင်ပဲ။ ကျနော်တို့အပေါ် မီးမောင်းကြီးတွေ ဝိုင်းထိုးထားတော့ ရှင်းရှင်းကြီး မြင်နေရတယ်”
(စကားချပ်- အထက်အညာထောင်တွေကနေ ကျွန်းအပို့ခံရတဲ့သူတွေဟာ အင်းစိန်ထောင်က ထောင်မှူး ထောင်ပိုင် ဝါဒါတွေနဲ့ မဆက်ဆံခဲ့ကြရဘူးပါ။ MI ကိုင်တဲ့ တွဲဖက်ထောင်ကနေ တိုက်ရိုက် သင်္ဘောပေါ် တက်ခဲ့ကြရလို့ပါ)
သူက ပြောရင်းပြောရင်းက ကျိတ်မနိုင်ခဲမရ ဖြစ်နေပုံရပါတယ်။ ဗိုလ်အုန်းမောင် အရိုက်ခံရလို့ ညည်းညူနေစဉ်မှာ ကျနော်တို့ တခုခု ထလုပ်သင့်တယ်၊ အနိမ့်ဆုံး‘ကြွေးကြော်သံ’ တိုင်သင့်တယ်။ ခုတော့ ကျနော်တို့ ညံ့ရာကျသွားပြီလို့ ပြောပါတယ်။
“AB ဒီစမ်းသပ်မှုမှာ ကျနော်တို့ တာဝန်မကျေလိုက်ဘူး။ ထားလိုက်တော့ … နောက်ပွဲကြီးပွဲကောင်းတွေ လာနိုင်ပါသေးတယ်”လို့ ကျနော်က ပြန်ပြောမိပါတယ်။
ဘာပဲဖြစ်ဖြစ် ဒီခေတ်နဲ့စာရင်တော့ တော်သေးတယ်လို့ ဆိုရပါမယ်။ တယောက် တကုတင် အိပ်ကြရတယ်။ လူစစ်တဲ့အခါ ထောင်မှူးစကားပြောတဲ့အခါ ပုံစံ ထိုင်မပေးရ။ မျက်စိနောက်အောင်လုပ်မနေရင် ရတယ်။ သူတို့မြင်သာတဲ့နေရာမှာ ရပ်ချင်ရပ်။ ထိုင်ချင်ထိုင်နေရတယ်။ အိမ်သာထဲက လူကလည်း “ဒီမှာ တယောက်ရှိတယ်” လို့ ဖြည့်ပြောလိုက်ရင် ပြီးတယ်။
သို့သော် ထောင်ဆိုတာ ထောင်ပဲလေ။ တခါ စစ်ဘီလူးတွေ အာဏာသိမ်းထားတဲ့ကာလပဲမို့ ဆုပေးတာ မရှိ။ ဒဏ်ပေးတာပဲ ရှိပါတယ်။ နေ့စဉ်လို ဘဝမမေ့အောင် ဆဲလိုက် ဆိုလိုက် အပြစ်ကျူးလွန်တယ်ထင်ရင် သတိပေးတာ ရေချိုးပိတ်တာ တိုက်ထဲပို့တာ … စသည်တွေကြောင့် နေချင်စရာ မကောင်းလှပါ။
ရေချိုးရတာက တပတ်တခါ အဝတ်လျှော်တာအပါ နာရီဝက်ပဲ ခွင့်ပြုတယ်။ ကျွန်းမှာ ရေချိုးရတာနဲ့တော့ ကွာပါဘိ။ တယောက် စည်းကမ်းချိုးဖောက်တာတွေ့ရင် တခန်းလုံး တလမှ ၂ လအထိ ရေချိုးပိတ်တတ်တာက ရှိသေး။
တာဝန်ခံဝါဒါက တလလို့ ကြေညာသွားပြီးမှ ထောင်မှူးလာတဲ့အခါ ကြိမ်းရင်းမောင်းရင်းက ၂ လ ဖြစ်သွားတာလည်း ကြုံခဲ့ရတယ်။ ဒီတော့ တချို့လူညစ်ပတ်တွေ ကိုယ်ပေါ် အကောင်ကြီးကြီး ဝဝဖီးဖီး သန်းကြေးမတွေ ကပ်ငြိလာပါတော့တယ်။ ဒါပေမယ့် ဘယ်သူ့ ကြောင့် ဘယ်အဖွဲ့ကြောင့်လို့ မငြူစူကြ။ တခန်းလုံးဒဏ်ခံရပေမယ့် အပြန်အလှန် နားလည်မှုနဲ့ ပြဿနာ မလုပ်ခဲ့ကြ။
ကာလတခုဖြတ်ကျော်ပြီးကြတဲ့နောက် တရက်မှာတော့ တခန်းလုံး လူကုန် အပြင်ထုတ်ပါတယ်။ ကျနော်တို့ အဆောင်ရဲ့ ရှေ့အဖီထဲမှာ ထိုင်ကြရပါတယ်။ ယခင် ထမင်းစားခန်းပါ။ ထိုင်ခုံရှည် စားပွဲရှည်တွေရှိတယ်။ အားလုံးထိုင်နေစဉ် MI နဲ့ ထောင်မှူးအပါ အမှုထမ်းတချို့ရောက်လာပြီး စာရွက်တွေ ခဲတံတွေ ထုတ်ပေးပါတယ်။ စာမေးပွဲ အဖြေခိုင်းတာပါ။ မေးခွန်း ၁၁ ခု ဖြေရပါတယ်။ မှတ်မိသလောက် …
ဗမာပြည် ကွန်မြူနစ်ပါတီအပေါ် အမြင်၊ ၄၈ လက်နက်ကိုင်တိုက်ပွဲအပေါ် သဘောထား၊ ဖြုတ် ထုတ် သတ် ကိစ္စ၊ နောက် အလံနီပါတီ၊ ဦးနုရဲ့ပါလီမန် ဒီမိုကရေစီပါတီ၊ မလညပ ပမညတ တို့နဲ့ပတ်သက်တဲ့ သဘောထားများ။
နောက်ဆုံးမေးခွန်းတွေမှာတော့ တော်လှန်ရေးကောင်စီ၊ မဆလ၊ အညမည သဘောတရား၊ တော်လှန်ရေးကောင်စီရဲ့ နိုင်ငံခြားရေးဝါဒအပေါ် သဘောထားများ စသည် ပါ ပါတယ်။
“အင်း … စာမေးပွဲ ဖြေရမှာကြောက်လို့ နိုင်ငံရေးလုပ်ပါတယ်၊ ဖြေလိုက်ရတဲ့ စာမေးပွဲပြီးတယ်ကို မရှိဘူး” … ဒါက AB (ကိုအောင်ဘော်)ရဲ့ အောက်ကလိအာ အသံ … ကျန်တဲ့သူတွေက ပြုံးလိုက်ကြပြီး MI တင်လှတို့ နှုတ်ခမ်းစူနေပါတယ်။ (တကယ်က ကိုအောင်ဘော်ဟာ စာကြိုးစားပြီး စာတော်သူ ကျောင်းသားတယောက်ပါ။ စာမေးပွဲကြောက်သူ မဟုတ်)
ဆက်လက်ဖော်ပြပါမယ်။

Friday, May 29, 2009

ဒီပဲယင်းက ညွှန်ပြခဲ့တဲ့လမ်း


အခြေအနေတခုခု ထူးပြီဆိုရင် ပြည်တွင်းမှာရော၊ ပြည်ပမှာပါ အရေးပေါ်ကော်မတီတွေ အဖွဲ့အစည်းတွေ ခါတော်မီ တိုက်ပွဲခေါင်းဆောင်တွေ ပေါ်လာတတ်ကြတယ်။ ပန်းတိုင်းပွင့်ခွင့်ရှိတာကို မငြင်းလိုပါ။ ဒါပေမယ့် …



မေ ၃ဝ မှာ အစိုးရကလုပ်တဲ့ ကမ္ဘာကျော် အကြမ်းဖက်မှုကြီးတခု မြန်မာပြည်မှာဖြစ်ပွားခဲ့တာ အားလုံးသိကြ ပြီးပါပြီ။ ကျနော်တို့အမြင်က


ဒီပဲယင်းကိစ္စဟာ သာမန်ရုန်းရင်းဆန်ခတ်မှု မဟုတ်ပါ၊ အသေအချာ စီစဉ်ပြင်ဆင်ပြီးဆောင်ရွက်တဲ့ ရာဇဝတ်မှု၊ လူသတ်မှု ဖြစ်ပါတယ်။


ကျနော်တို့ ရထားတဲ့သတင်းတွေအတိုင်း အနီးစပ်ဆုံးမှန်ခဲ့တယ်ဆိုရင် လူအစုလိုက်၊ အပြုံလိုက်သတ်မှု၊ အလောင်းတွေ ဖျောက်ဖျက်မှုဖြစ်တာကြောင့် ၁၉၆၂ ခုနှစ်၊ ကျောင်းသားသမဂ္ဂဖောက်ခွဲခံရတဲ့ကိစ္စလိုပဲ သမိုင်းမှာ ရှင်းရမယ့် ကိစ္စမျိုးဖြစ်တယ်။


နအဖ ဟာ ပြည်သူလူထုချင်း ပဋိပက္ခဖြစ်နေကြတဲ့ အခြေအနေမျိုးလို ဖန်တီးပြီး ဒိုင်လူကြီးယောင်ဆောင်နေ တယ်။ ဒါပေမယ့် မအောင်မြင်ဘူး၊ ဘယ်သူမှ မယုံဘူး။


ဗိုလ်ချုပ်သန်းရွှေဟာ NLD ကို သည်ပုံစံမျိုးနဲ့ ရှင်းချင်တာကြာပြီ၊ သူ့ကိုယ်သူ ပိုတွက်နေတယ်ဆိုတဲ့ အချက် အလက်တွေလည်း ကျနော်တို့ ရထားတာ ကြာပြီ၊ အခုချိန်မှာတော့ လုပ်လို့ရပြီ၊ အဲ့သည်လို ယူဆသွားပုံပေါ်တယ်။


အောက်ခြေက တိုင်းမှူးတွေနဲ့ ထောက်လှမ်းရေးတွေကလည်း အထက်ကိုလိမ်ပြီး သတင်းပို့တယ်။ သူတို့ တိုင်း တွေမှာ ဒေါ်စုကို လူတွေအများကြီး ထောက်ခံတယ်ဆိုရင် သူတို့ သိက္ခာကျတယ်လို့ ယူဆတယ်။ ဒါကြောင့် မြို့တိုင်းမှာ မမြင်ဘူးလို့သွားကြည့်တဲ့လူ ၃ဝဝ၊ ၄ဝဝ လောက်ပဲ ရှိတယ်လို့ တင်ပြတယ်။


ဒါပေမယ့် မိုးကုတ်တို့၊ မုံရွာတို့မှာ ကြုံခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည် ထောက်ခံရေး လှုပ်ရှားမှုကြီးကိုကြည့်ပြီး နအဖဟာ သွေးပျက်သွားပုံပေါ်တယ်။ အဲဒီ မနာလို ဝန်တိုစိတ်တွေကနေတဆင့်၊ အခုလို ရုပ်ပျက် ဆင်းပျက် နှိမ်နင်းမှုကြီးပေါ်လာရတယ်။


နောက်ပြီး တိုင်းမှူးတိုင်းက NLD ကို အလုအယက် ချေမှုန်းပြပြီး ဗိုလ်သန်းရွှေ လူယုံ၊ လက်ရုံးလုပ်ချင်နေကြ တယ်။ နောက်ပြီး NLD က အကြမ်းဖက်တယ်လို့၊ သူတို့က ဦးအောင် အော်ခဲ့တယ်၊ သူတို့က အဲ့သည်လို ကြေညာကတည်းက တခုခုဖြစ်တော့မှာပဲလို့ ကျနော်တို့ သံသယရှိခဲ့တယ်၊ ကြိုကာထားတာဖြစ်မယ်လို့ ယူဆခဲ့ကြတယ်။


ထင်တဲ့အတိုင်း နောက်တနေ့မှာ အခုလို ယုတ်မာတဲ့အကြံအစည်ကြီး ပေါ်လာတယ်။

အကျိုးဆက်အဖြစ် ဦးတင်ဦးရော၊ ဒေါ်စုပါ ဒဏ်ရာကိုယ်စီရသွားကြတယ်။ NLD ဦးဆောင်မှုနဲ့ ယန္တရား အားလုံးလည်း ရပ်သွားတယ်၊ CRPP ပါ ရပ်သလောက် ဖြစ်သွားတယ်။


အခု နအဖ က တပြည်လုံးက သူ့လူတွေကို တပ်လှန့်ထားတယ်။ စစ်တပ်မိသားစုဝင်တွေကို သတိနဲ့ သွား လာကြဖို့ ညွှန်ကြားထားတယ်။ ရန်ကုန်မှာ လုံခြုံရေးတွေ အများကြီး တင်းကျပ်ထားတယ်။


အခုအခြေအနေတွေက ၈၈၈၈ အကြိုကာလက အခြေအနေတွေနဲ့ ခပ်ဆင်ဆင် တူနေတယ်။ ဖြစ်နိုင် မဖြစ်နိုင် ကျနော်တို့ တွက်ချက်ကြည့်ကြရအောင်။


၈၈၈၈ အရေးတော်ပုံကြီးဖြစ်ဖို့ အောက်ပါ အချက်အချို့က တွန်းအားဖြစ်စေခဲ့တယ်။


၁၉၈၇ မှာ မြန်မာပြည် LDC နိုင်ငံဖြစ်သွားတယ်။ မဆလ အစိုးရက ငွေစက္ကူတွေကို တရားမဝင် ကြေငြာလိုက်လို့ လူတွေအားလုံး မကျေမနပ် ဖြစ်ခဲ့ကြတယ်။ ဗိုလ်အောင်ကြီးရဲ့ ၄၂ မျက်နှာ စာတမ်းထွက်လာတော့ လူတွေက စိတ်ဝင်စားလာကြတယ်။ ဇာဂနာရဲ့ မဆလ ဆန့်ကျင်ရေးပျက်လုံးတွေ လူကြိုက်များလာတယ်။ နိုင်ငံရေး နိုးကြားလာကြတယ် ဆိုပါတော့။


အဲ့သည်အချိန်က ဆန်တပြည်ကို ၁၅ ကျပ်ကနေ ၂၅ ကျပ်ဖြစ်သွားတယ်။ အခြား ကုန်ပစ္စည်းတွေလည်း အထွေထွေဈေးတက်လာခဲ့တယ်။ ၈၈ မတ်လ ၁၃ ရက်နေ့မှာ ကြို့ကုန်း အရေးအခင်း ဖြစ်တယ်။ မဆလ က သတင်းလိမ်ပြီး ကြေငြာလို့ နောက်တ နေ့မှာ ပိုဆိုးလာတယ်။ အရေးအခင်းက မိန်းထဲကို ကူးသွားတယ်။ မဆလ က စုံစမ်းရေးကော်မရှင်ဖွဲ့ ပေးလိုက်ရတယ်။

တံတားနီ အရေးအခင်းဖြစ်တယ်၊ လူတွေ အများ ကြီးသေတယ်၊ အချုပ်ကားထဲမှာ ထပ်ပြီး ၄ဝ ကျော်သေ သွားတယ်၊ မဆလ က ဘယ်သူမှ မသေဘူးလို့ ထပ်လိမ်တယ်။ အဲ့သည်မှာ ပိုပြီးဆိုးလာတယ်။ ၈၈၈၈ အကြိုကာလတွေနဲ့ သည်ကနေ့အခြေအနေတချို့ တိုက်ဆိုင်မှုရှိနေတာကိုလည်း ကျနော်တို့ တွေ့ရတယ်။


နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးတွေက ၈၈ အခြေအနေတွေထက် အများကြီး ပိုဆိုးတာကိုတွေ့ရတယ်။ ဘဏ် အကျပ်အတည်းတွေ ဖြစ်နေတယ်။ ငွေကြေး မတည်မငြိမ် ဖြစ်နေတယ်။ နအဖ ဟာ ပြည်တွင်းမှာရော ပြည်ပမှာပါ ၈၈ တုန်းက မဆလ ထက် ရန်သူ ပိုများနေတယ်။


ဒါပေမယ့် ကျနော်တို့မှာ အခုလူထုခေါင်းဆောင် ထင်ထင်ရှားရှား ရှိတယ်။ ၉ဝ ခုနှစ်ရွေးကောက်ပွဲ ရလဒ်ရှိတယ်။ နိုင်ငံတကာဖိအားလည်း ပိုများလာတယ်၊ နိုင်ငံတကာ အဖွဲ့အစည်းတွေက တချိန်လုံး စောင့်ကြည့်နေတယ်။ ဖိနှိပ်ထားတဲ့ကြားက ဒေါ်စုကို လူထုထောက်ခံကြောင်း ပိုမို ထင်ရှားလာတယ်။


ကျောင်းသား၊ ရဟန်း၊ သီလရှင်၊ စစ်ပြန် စသဖြင့် အလွှာအသီးသီးက စစ်အုပ်စုဆန့်ကျင်ရေးလှုပ်ရှားမှုတွေ၊ တကိုယ်တော်နဲ့ အစုလိုက်အပြုံလိုက် ဆန္ဒပြတာတွေ ခပ်စိပ်စိပ်ဖြစ်လာတာကို လူထုက သတိပြုမိလာတယ်။


ဒီပဲယင်းကိစ္စကို လိမ်ညာပြီး သတင်းထုတ်ပြန်ခဲ့တယ်။ အဲ့သည်အကျိုးဆက်အဖြစ် မုံရွာကို အဓိကရုဏ်း ကူးစက် သွားခဲ့တယ်။ ဒီပဲယင်းကိစ္စဟာ ကြို့ကုန်းအရေးအခင်းနဲ့ ခပ်ဆင်ဆင် ဖြစ်လာတယ်။


ဗိုလ်သန်းရွှေဟာ စိတ်လောနေပြီး စိုးနိုင်နဲ့တင် မလုံလောက်ဘူးထင်လို့ စိုးဝင်းကို ထုတ်သုံးခဲ့တယ်။ အဲ့သည်မှာ စိုးဝင်းဟာ ဒုတိယ စိန်လွင် ဖြစ်လာတယ်။


ဖြစ်ရပ်တွေဟာ သံတူကြောင်းကွဲတွေဆိုပေမယ့် သမိုင်းတွေဟာ ထပ်တူထပ်မျှ ဖြစ်လိမ့်မယ်လို့ ကျနော်တို့ မမျှော်လင့်နိုင်ပါ။ ၈၈၈၈ က အတိုင်း အစီစဉ်တကျဖြစ်လိမ့်မယ်လို့ ဆိုလိုနေတာ မဟုတ်ပါ၊ အဓိက ဆိုလိုနေတာက၊ မြန်မာပြည်ရဲ့အခြေအနေဟာ တစထက်တစ၊ ရင့်မှည့်လာနေတယ်ဆိုတာ ပိုပြီး သေချာလာတယ်။


သည်အခြေအနေတွေကို ကျနော်တို့က အကျိုးရှိရှိ အသုံးချတတ်ဖို့ လိုပါတယ်။ လူတိုင်းက လူထုတိုက်ပွဲ ဖြစ်လာမလားလို့ မျှော်လင့်ကြတယ်။ ဒါပေမယ့် အဲ့သည်လုပ်ငန်းကို အင်တိုက်အားတိုက် လုပ်ကြသူ သိပ်နည်းတယ်။


သည်ကနေ့ဖြစ်ရပ်တွေနဲ့ပတ်သက်ပြီး ကျနော်တို့တွေကြားထဲမှာ ရှုပ်နေတာတချို့ ရှင်းသွားတဲ့အတွက်တော့ ဝမ်းသာတယ်။ ဒါကတော့ အရှုံးထဲက အမြတ်ပဲ။ ကိုယ့်အချင်းချင်းပြောရင် မယုံချင်ကြဘူး၊ ရန်သူက ပြဋ္ဌာန်းပေး လိုက်တော့မှ လက်ခံသွားကြတယ်။


နောက်ပြီး ကျနော်တို့ လူတွေက ဒိုင်ယာလော့တစ္ဆေ လိုတာထက်ပိုပြီး ခြောက်နေကြတယ်။ သည်နေ့လုပ်ရမယ့်အလုပ်တွေထက် နက်ဖြန်မှလုပ်ရမယ့်အလုပ်တွေက ပိုပြီး အရေးကြီးနေကြတယ်၊ Day one ကိစ္စတွေထက် Day two ကိစ္စတွေကိုပဲ ပိုပြီးအာရုံစိုက်နေကြတယ်။


ဒီပဲယင်းကိစ္စလည်းဖြစ်ရော လူတိုင်းက တွေ့ဆုံဆွေးနွေးရေးလမ်းတော့ ပိတ်သလောက်ဖြစ်သွားပြီ။ သည်တိုင်းတော့ သွားလို့မရတော့ဘူးလို့ အလုအယက်ပြောကြတယ်။


ကိုင်း … ကောင်းပြီ ဒါဆိုရင်ဘာလုပ်ကြမလဲဆိုတော့ အဖွဲ့အစည်းတော်တော်များများမှာ ဒိုင်ယာလော့ မဖြစ်ရင် ဘာလုပ်မယ်ဆိုတဲ့ Program မည်မည်ရရ ဘယ်သူ့ဆီမှာမှ မရှိဘူး။ အချို့မှာတော့ရှိတယ်။ ဒါပေမယ့် အလုပ်ဖြစ်အောင် သိပ်လုပ်မထားကြဘူး၊ ကျနော်တို့ အဲ့ဒါ တွေကို ပြင်ကြရလိမ့်မယ်၊ တွေ့ဆုံဆွေးနွေးရေး လမ်းဟာ အပြီးသတ်ပိတ်သွားပြီလို့တော့ မပြောနိုင်သေးတာ အမှန်ပါ။


ဒါပေမယ့် အချို့လူတွေ စိတ်ကူးယဉ်နေသလို ရန်သူထဲမှာလည်း သည်လမ်းက ထွက်ချင်နေတဲ့လူတွေ ရှိနေ တယ်ဆိုတာ မဟုတ်မှန်းကတော့ သေချာသွားပါပြီ။ ဗိုလ်ချုပ်အောင်ဆန်း ဘိလပ်သွားတုန်းက ‘ရရင် ရ မရရင် ချ’ ဆိုတဲ့ Alternative Program ရှိတယ်။ ကျနော်တို့လည်း ဒါမျိုး ရှိကို ရှိရမယ်၊ ဒါမျိုး မရှိရင် ရှုံးလိမ့်မယ်။


သည်နေ့အချိန်မှာကို ကျနော်တို့ အင်အားစုတွေက လူထုကိုပေးတဲ့ Message တွေက ရှင်းရမယ်။ ဝေ့လည် ကြောင်ပတ်လုပ်လို့ မရဘူး။ မစွန့်ပယ်ပေမယ့် ဒိုင်ယာလော့ ကို မှိန်ထားရမယ်။ လူထုကို Awareness ရအောင် လုပ်ရမယ်။


အခွင့်အရေးရရင် လှုံ့ဆော်ရမယ်၊ နောက်ပြီး ကျနော်တို့ Movement ရဲ့ အာဏာပိုင်တွေက၊ ကုလသမဂ္ဂကိုပါ မေးခွန်းထုတ်ရလိမ့်မယ်၊ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းလိုက် လွှတ်လိုက်၊ နိုင်ငံရေးအကျဉ်းသမားအချို့ကို ဖမ်း လိုက် လွှတ်လိုက်၊ ကုလသမဂ္ဂအတွင်းရေးမှူး ကိုယ်စားလှယ်တွေ သွားလည်လိုက် ပြန်လာလိုက်၊ နိုင်ငံတကာ အစိုးရတွေက စစ်အုပ်စုကို Credit ပေးလိုက်၊ Pressure ပေးလိုက်၊ သည် ကစားပွဲကြီးဟာ ဘယ်တော့ဆုံးတော့မှာလဲလို့ ပြတ်ပြတ်သားသား မေးရလိမ့်မယ်။ အခုပဲ (၁၃)နှစ် ရှိနေပြီ။


သည်နေ့ အခြေအနေအပေါ် တော်တော်များများက စိုးရိမ်ပူပန်ကြပါတယ်။ ရန်သူဟာ သူ့လည်ပင်းကိုသူ ကြိုး ကွင်းစွပ်နေတယ်လို့ သုံးသပ်သူတွေတောင် ရှိကြပါတယ်။ ရန်သူ တကယ် အခြေအနေဆိုးနေတယ်လို့ ယူဆရင်တောင် ကျနော်တို့ သတိထားရမှာတွေရှိလာတယ်။


ဘာဖြစ်လို့လည်းဆိုတော့ ကျနော်တို့ အတွေ့အကြုံအရ သူဆိုးရင် ကိုယ့်ဆီမှာလည်း တခုမဟုတ်တခု ကြံဖန်ပြီး ဆိုးလာတတ်တယ်။ ပယောဂတွေလည်း ဝင်လာတတ်တယ်။ ဒါကို ကျနော်တို့ သတိရှိရမယ်။


နောက်တခု အခြေအနေတခုခု ထူးပြီဆိုရင် ပြည်တွင်းမှာရော၊ ပြည်ပမှာပါ အရေးပေါ်ကော်မတီတွေ အဖွဲ့ အစည်းတွေ ခါတော်မီ တိုက်ပွဲခေါင်းဆောင်တွေ ပေါ်လာတတ်ကြတယ်။ ပန်းတိုင်းပွင့်ခွင့်ရှိတာကို မငြင်းလိုပါ။ ဒါပေမယ့် ကျနော့်အမြင်က ရှိပြီးသားအင်အားစုတွေကိုပဲ၊ ခိုင်မာသထက် ခိုင်မာအောင် အားရှိသထက် အားရှိအောင်ပဲ ပိုလုပ်ကြစေချင်တယ်။


နောက်ပြီး အရေးပေါ်လာမှ ခါးတောင်းကျိုက်ချင်တဲ့ စိတ်ဓာတ်မျိုးထက် လှုပ်ရှားမှုကြီးတခုလုံးအတွက် Full Time လုပ်ကြပါလို့ အချို့လူတွေကို မေတ္တာရပ်ခံရလိမ့်မယ်။


ရန်သူက သည်လိုလုပ်ရင် သူနာမည်ပျက်မယ်ဆိုတာကို သိပါတယ်။ သည်လောက် မ,အပါဘူး။ ဒိုင်ယာလော့ ဝင်ရင် သူ စပြီးရှုံးတော့မယ်ဆိုတာကို သဘောပေါက်ပါတယ်။ အဲ့သည်တော့ အရှုံး မခံဘူး၊ နာမည်အပျက်ပဲ ခံမယ်။ သူ့အတွက် နာမည်ပျက်တာ မဆန်းတော့ဘူး။ သည့်ထက်လည်း ပျက်စရာ မရှိတော့ဘူးလို့ထင်တယ်။


ဒါကြောင့် သူ အခုရွေးတဲ့လမ်းကို ကျားကုတ်ကျားခဲ ကာကွယ်လိမ့်မယ်။ ကျနော်တို့ကလည်း ဥစ္စာရင်လို ဥစ္စာရင်ခဲ တိုက်ကြရလိမ့်မယ်။ နည်းနည်းလေးမှ လျှော့လိုက်လို့ မရဘူး။ သည်တခါ သူ အသာစီးရသွားရင် ဘယ်လောက် ထပ်ကြာသွားမယ်ဆိုတာ မပြောနိုင်ဘူး။ ကျနော်တို့လူတွေ အခုထက် အများကြီး ပိုပြီး အလုပ်လုပ်ကြဖို့ လိုပါတယ်။


ပိုပြီးရှင်းအောင် အကြံပေးရမယ်ဆိုရင်တော့ ရန်သူအပေါ်မှာ စိတ်ကူးမယဉ်ပါနဲ့၊ ကိုယ့်တိုက်နိုင်စွမ်းအားကသာ အောင်ပွဲဆီကို အရောက်ခေါ်သွားနိုင်တယ်ဆိုတာကို မုချယုံကြည်ကြပါ။ အလုပ်တွေပိုပြီး လုပ်ကြပါ။ လမ်းမှန်ရင် ပန်းတိုင် တွေ့ပါလိမ့်မယ်။ ။



လူ့ဘောင်သစ် ဂျာနယ်

အတွဲ ၈၊ အမှတ် ၁

အောက်တိုဘာလ ၂၀၀၃ ခုနှစ် - မှ



Thursday, May 28, 2009

အခြေအနေကတောင်းဆိုနေတဲ့ မြေအောက်လှုပ်ရှားမှု

ရဲဘော် ဖိုးသံချောင်း


“ခလုတ်ထိမှ အမိ တ,တယ်” ဆိုတာ လူတိုင်းပါ။ သူမှ ဒီလိုဖြစ်တယ်၊ ကိုယ်မှ ဒီလိုဖြစ်တယ် ဆိုတာမျိုး မဟုတ်ပါဘူး။ လူ့ဘဝမှာ ဖြစ်နိုင်ခြေအားလုံးအတွက် ပြင်ဆင်ပြီးသားဖြစ်ဖို့ဆိုတာ မလွယ်ပါဘူး။ ဒါပေမယ့် စဉ်းစားရသရွေ့ကိုတော့ စဉ်းစားပြင်ဆင်ထားရပါမယ်။


ဒေါ်အောင်ဆန်းစုကြည်ကို မတရားရုံးတင် အကျဉ်းချဖို့ နအဖက ကြိုးစားလာတော့ တချို့က အင်းစိန်ထောင်ကို ချီတက်ကြပြီး တချို့ကတော့ အလစ်အငိုက် ပိုစတာကပ်တာတွေ၊ စာရွက်ကြဲတာတွေလုပ်ကြတာ တွေ့ရပါတယ်။ တိုက်ပွဲသဏ္ဍာန် အမျိုးအမည်များတာမို့ ဝမ်းသာရပါတယ်။


ဒါပေမယ့် တဆက်တည်းတွေ့လာရတာက ဒါလောက်နဲ့ မလုံလောက်၊ လုံးဝ မလုံလောက်ဆိုတာပဲဖြစ်ပါတယ်။ ဒါဖြင့်ရင် တိုက်ပွဲအမျိုးမျိုး ပေါ်ပေါက်အောင်သဏ္ဍာန်ကို ဘယ်လိုဖော်ထုတ်မလဲ။


ကိုယ့်အတွက် အထိအခိုက်အနည်းဆုံးဖြစ်အောင် ဘယ်လိုလုပ်မလဲ။ ရေရှည်သယ်ဆောင်သွားဖို့ ဘာနဲ့လုပ်မလဲ။ လက်တွေ့လုပ်မယ့်လူဟာ လက်တွေ့စဉ်းစားရပါမယ်။


ဒီလိုနဲ့ အခုတော့ မြေအောက်လုပ်ငန်းအဆောက်အအုံတွေ၊ ကွန်ယက်တွေလိုအပ်ကြောင်း သဘောပေါက် နားလည်လာတဲ့သူတွေ များသတက် များလာပါတယ်။ ဒါပေမယ့် တည်ဆောက်ကြ၊ လုပ်ကိုင်ကြတာတွေ တော်တော်များများဟာ စစ်ရောက်မှမြှားချွန် ဆိုတာမျိုးဖြစ်နေပါတယ်။


တချို့ကတော့လည်း မြေအောက်ဆိုတာ ဘယ်လိုလုပ်ရသလဲလို့ အခုမှ စူးစမ်း၊ မေးမြန်း၊ လေ့လာတာတွေ လုပ်ကြပါတယ်။ ဘာပဲပြောပြော မလုပ်တာနဲ့စာရင် နောက်ကျတာကတော်သေးတယ်လို့ပဲ ဆိုကြပါစို့။ ဘာဖြစ်လို့မြေအောက်လုပ်ကြတာလဲဆိုတာကို သဘောမပေါက်ကြလို့ နောက်ကျကြတာလို့ ဆိုချင်ပါတယ်။


မြေအောက်လုပ်တယ်ဆိုတာ လွယ်လွယ်ပြောရရင် မြေပေါ်မှာလုပ်မရလို့ပဲဖြစ်ပါတယ်။


မတရားဖိနှိပ်မှုပြင်းထန်လှတဲ့ အုပ်စိုးသူတွေရဲ့လက်အောက်မှာနေရတဲ့ အဖိနှိပ်ခံတို့က မိမိတို့ရဲ့ ထွက်ရပ်လမ်း ကိုရှာကြရာမှာ မြေအောက်လုပ်ငန်းဟာ မဖြစ်မနေလုပ်ရတဲ့ လုပ်ငန်းတခုဖြစ်လာပါတယ်။


ပြည်သူတရပ်လုံး ဒီမိုကရေစီအခွင့်အရေးတွေ အပြည့်အဝခံစားခွင့်ရရင် ဘယ်သူမှမြေအောက်လုပ်မနေပါဘူး။

လုပ်မယ်ဆိုရင်လည်း ပတ်ဝန်းကျင်က ခွင့်မပြုပါဘူး။ ပေါ်ပေါ်ထင်ထင်၊ လွတ်လွတ်လပ်လပ်လုပ်လို့ရတဲ့ ကိစ္စတရပ်ကိုဘယ်သူကမှ အသက်အန္တရာယ်စွန့်စားပြီး လျှို့ဝှက်သဲဖို လုပ်မနေပါဘူး။


ဒီတော့သမိုင်းမှာ မြေအောက်လုပ်ငန်းကို ဖက်ဆစ်နာဇီတွေလက်အောက်၊ ကိုလိုနီအုပ်စိုးသူတွေ လက်အောက် မှာလုပ်ကြတာရှိသလို နအဖလိုဖိနှိပ်တဲ့ အာဏာရှင်တွေအောက်မှာလည်း လုပ်ကြပါတယ်။


ဒီနေရာမှာ မြေအောက်လုပ်ငန်းဆိုတာ မတရားဖိနှိပ်တဲ့ အစိုးရတရပ်ကို ဆန့်ကျင့်ဖို့အတွက် အဲဒီ အစိုးရ မသိအောင် ဖွဲ့စည်းလှုပ်ရှားတာမျိုးကို ဆိုလိုတာဖြစ်ပါတယ်။


ဒါဟာ မူးယစ်ဆေးဝါးလုပ်ငန်းလို၊ မာဖီးယားဂိုဏ်းလို၊ မှောင်ခိုစီးပွားရေးလုပ်ငန်းတွေလိုဟာတွေကို ဆိုလိုတာ မဟုတ်ဘူးဆိုတာကို ဦးစွာ ရှင်းအောင်ပြောထားဖို့လိုပါတယ်။


အခုပြောနေတဲ့မြေအောက်လုပ်ငန်းဆိုတာဟာ နိုင်ငံရေးပြဿနာကအစပြုပြီး နိုင်ငံရေး ဦးတည်ချက်တခုအတွက် လှုပ်ရှားတဲ့ လုပ်ငန်းဖြစ်ပါတယ်။ အစိုးရခွင့်မပြုတဲ့လုပ်ငန်းတိုင်းကို မဆိုလိုပါဘူး။


မြေအောက်လုပ်ငန်းဆိုတာ သူ့ချည်းလှုပ်ရှားရတာ၊ လက်နက်ကိုင်တိုက်ပွဲနဲ့ တွဲဖက်လှုပ်ရှားရတာ၊ လူထုအုံကြွမှု နဲ့တွဲဖက်ရတာ စသဖြင့် အနေအထားကိုလိုက်လို့ သူ့ရဲ့အခန်းကဏ္ဍတွေက ကွဲပြားပါတယ်။


ဒါကိုတနည်းပြန်ပြောရရင် မြေအောက်လုပ်ငန်းဟာ တိုက်ပွဲသဏ္ဍာန်ပေါင်းစုံကို အထောက်အကူပေးနိုင်တယ် ဆိုတာဖြစ်ပါတယ်။


ဒါပေမယ့် မြေအောက်လုပ်ငန်းအားလုံးဟာ လူထုကိုအခြေခံပြီး လူထုရဲ့ထောက်ခံအားပေးမှုကို အားပြုလုပ်ကိုင်ရတာဖြစ်ပါတယ်။ နောက်ပြီး မြေအောက်လုပ်ငန်းဟာ တိုင်းပြည်ရဲ့နိုင်ငံရေးဇာတ်ခုံပေါ်မှာ တခါတလေမှာ အရံအခန်း၊ တခါတလေမှာ အဓိကအခန်းရယ်လို့လည်း အခြေအနေအရ ကွဲပြားပါသေးတယ်။


အထက်မှာပြောခဲ့သလိုပဲ မြေအောက်လုပ်ငန်းလုပ်တယ်ဆိုတာ အဖိနှိပ်ခံပြည်သူတွေက မိမိတို့ရဲ့ရည်မှန်းချက်ကို လွတ်လပ်စွာအကောင်အထည်ဖော်ခွင့်မရတဲ့အတွက် သယ်ဆောင်တဲ့နည်းနာတခုဖြစ်ပါတယ်။


ဒါနဲ့ပြောင်းပြန် အုပ်စိုးသူ၊ အာဏာရနေသူတွေက မြေအောက်လိုလုပ်တယ်ဆိုရင်တော့ ဒါဟာ ခိုးကြောင်ခိုးဝှက်၊ ကလိမ်ကကျစ်လုပ်တာသာဖြစ်တယ်ဆိုတာ ပြောထားဖို့လိုပါတယ်။ သူများနိုင်ငံအပေါ်သူလျှိုလုပ်တာ၊ ထောက်လှမ်းရေးလုပ်တာကိုလည်း မြေအောက်လုပ်ငန်းလို့ မဆိုနိုင်ပါဘူး။


တကယ်တော့ ဗမာပြည် ပြည်သူတွေဟာမြေအောက်လုပ်ငန်းအတွေ့အကြုံ အင်မတန်ကြွယ်ဝတယ်လို့ ပြောရင်ရပါတယ်။


တနိုင်ငံလုံး သူ့ကျွန်ဘဝရောက်တယ်ဆိုတာနဲ့ အင်္ဂလိပ်ကိုလိုနီတွေကို ပြန်ချဖို့ပြင်ဆင်ကြတဲ့ မင်းညီမင်းသား များနဲ့ လူထုတွေ၊ ဆရာတော်သံဃာတော်တွေရဲ့ လှုပ်ရှားမှုတွေက စတွက်လိုက်ရင် ဗမာပြည်ရဲ့ မြေအောက်လုပ်ငန်းသမိုင်းဟာ နှစ်ပေါင်း ၁၂ဝ ကျော်ပါပြီ။


ဒီလိုမြေအောက်လှုပ်ရှားမှုတွေကနေ ဗမာ့ထွက်ရပ်ဂိုဏ်း၊ ဗမာပြည်ကွန်မြူနစ်ပါတီ၊ ရဲဘော်သုံးကျိပ် စတာတွေ ပေါ်ထွက်လာပြီး လွတ်လပ်ရေးတိုက်ပွဲကိုသယ်ဆောင်ခဲ့ကြပါတယ်။ ထောင်ထဲကနေ မြေအောက်လုပ်ငန်းလုပ်သူတွေကတဆင့် လွတ်လပ်ရေး တိုက်ပွဲကိုခေါင်းဆောင်ကြပါတယ်။


လွတ်လပ်ရေးနောက်ပိုင်းမှာလည်း မြေအောက်လှုပ်ရှားမှုတွေတောက်လျှောက် တည်ရှိခဲ့ပြီး မြို့ပေါ်လူထုအုံကြွမှုကြီးတွေ အမြောက်အမြားကို ဖော်ထုတ်ခဲ့ကြပါတယ်။


တခြားနိုင်ငံတွေမှာလည်း အလားတူသာဓကတွေ အများကြီးရှိပါတယ်။ ပြောမကုန်ပါ။

ဒါကြောင့် ဗမာပြည်ရဲ့ ၁၉၄၈ ခုနှစ်နောက်ပိုင်း အုပ်စိုးသူလူတန်းစား၊ အထူးသဖြင့်ဆိုရှယ်လစ်ပါတီနဲ့ သူတို့နဲ့နွှယ်နေတဲ့ စစ်အုပ်စုဟာ မြေအောက်လုပ်ငန်းကို အကြီးအကျယ် ကြောက်ရွံ့ရွံ့မုန်းကြပါတယ်။


ဒီလိုနဲ့ပဲ သူတို့ဟာ ပြည်သူတွေကိုဖိနှိပ်ဖို့၊ ခြောက်လှန့်ဖို့၊ အထူးသဖြင့် မြေအောက်လုပ်ငန်းတွေကို ရှာဖွေ ဖျက်ဆီးဖို့အတွက် ပြည်တွင်းပြည်ပမှာ နာမည်ဆိုးနဲ့ကျော်ကြားလှတဲ့ ထောက်လှမ်းရေးယန္တရားကြီးတခုကို တည်ဆောက်ထိန်းသိမ်းခဲ့ကြပါတယ်။


ဒါပေမယ့် အခုတော့ အဲဒီထောက်လှမ်းရေးဆိုတာကြီးပဲ အစိပ်စိပ်အမြွာမြွာပြိုကွဲဖျက်သိမ်းခံခဲ့ရပြီး မြေအောက်လုပ်ငန်းတွေကတော့ ဆက်လက်တည်ရှိနေ၊ ထပ်မံပေါက်ဖွားနေပါတယ်။


ဒါက ဖော်ပြနေတာက စစ်အုပ်စုရဲ့ထောက်လှမ်းရေးယန္တရားဟာ တပွဲချင်းမှာ ပြည်သူ့အင်အားစုတွေအပေါ်မှာ အနိုင်ရတာတွေရှိပေမယ့် တရားတခုလုံးအနေနဲ့တော့ အဆုံးမှာ သူတို့ပဲ အရှုံးနဲ့ဇာတ်သိမ်းရတယ်ဆိုတာ ဖြစ်ပါတယ်။


ဒါပေမယ့် အုပ်စိုးသူအာဏာရှင်များဟာ မြေအောက်လုပ်ငန်းတွေတည်ရှိနေသရွေ့သူတို့အတွက် အန္တရာယ်ကြီး လှတာမို့ ဖြိုခွဲဖို့အတွက် ထောက်လှမ်းရေးလို အဖွဲ့အစည်းတွေ ဆက်ထူထောင်နေဦးမှာပဲဖြစ်ပါတယ်။ တိုးချဲ့နေ၊ အားဖြည့်နေဦးမှာလည်း ဖြစ်ပါတယ်။


နအဖအစိုးရဟာ အခုလို ဒေါ်အောင်ဆန်းစုကြည်ကို အမှုဆင်ရုံးတင်လိုက်ခြင်းအားဖြင့် သူတို့ရှေ့ဆက်လျှောက်မယ့်လမ်း၊ ရှေ့ဆက်ကျင့်သုံးမယ့်လမ်းစဉ်တို့ကို ဖော်ပြလိုက်တာဖြစ်တယ်ဆိုရင် မမှားပါဘူး။


အဓိပ္ပာယ်က ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲတွေရဲ့ နောက်မှာလည်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အဓိက ဦးတည်ရန်သူအဖြစ် သဘောထား၊ ၁၉၉ဝ ခုနှစ်က လက်ကျန် အင်အားစုတွေကို မသေမရှင်ထား၊ တက်ကြွသူတွေကို ထောင်ထဲ၊ ဒါမှမဟုတ် ပြည်ပ၊ ဒါမှမဟုတ် တောထဲကို မောင်းပို့ ဆိုတဲ့ ပေါ်လစီကို ဆက်လက်ကျင့်သုံးသွားမယ်ဆိုတာပါပဲ။


ဗမာပြည်ရဲ့ ရှေ့အလားအလာဟာ အလင်းရောင် မမြင်ရတာမဟုတ်ပါဘူး။


ဒါပေမယ့် စိတ်ကူးယဉ်လို့မရတာတော့ အမှန်ပါပဲ။ လူသားစားကျားကို တဖြည်းဖြည်းချင်းနဲ့ ဟင်းသီးဟင်းရွက်ပဲ စားလာအောင် လေ့ကျင့်ပေးသွားမယ်ဆိုတာမျိုး မတွေးသင့်ပါဘူး။


ရေရှည်တိုက်ပွဲအတွက် စနစ်တကျ ပြင်ဆင်ရပါမယ်။ အဲဒီလိုပြင်ဆင်ရာမှာ အချို့သောတက်ကြွသူတွေက မြေအောက်လုပ်ငန်းအတွက် သီးသန့်ပြင်ဆင်တာကိုလည်း အာရုံထားလုပ်ရပါမယ်။


အပျော်တမ်းဆံမှု၊ တပွဲတိုးဆံမှုတွေကိုဆန့်ကျင်ပြီး ရေရှည်အတွက် အမြင့်ဆုံးစွန့်လွှတ်မှုကိုပါ ပိုင်းဖြတ်ပြီး စနစ်တကျ လုပ်ရပါမယ်။ ယူဂျီလုပ်တယ်ဆိုတာ အချိန်အားရှိလို့ အပျော်ကစားတာ မဟုတ်ပါဘူး။

သဘောတရားတခုကို လက်တည့်စမ်းတာ မဟုတ်ပါဘူး။ ဖြစ်ကတတ်ဆန်း၊ တော်ရိလျော်ရိလုပ်လို့ မဖြစ်ပါဘူး။ စစ်တိုက်သလိုပဲ အသက်ပေါင်း၊ ဘဝပေါင်းများစွာကို အရင်းအနှီးပြုပြီး လုပ်ကိုင်ရတာဖြစ်တယ်ဆိုတာ သဘောပေါက်ဖို့ဟာ အလွန်အရေးကြီးပါတယ်။


နေရာတကာ၊ အလွှာပေါင်းစုံ၊ လူတန်းစားပေါင်းစုံ၊ လုပ်ငန်းပေါင်းစုံထဲမှာ မြေအောက်ကွန်ယက်တွေဖြန့်ကျက် တည်ဆောက်ရပါမယ်။ ဒီလိုနဲ့ နအဖ စစ်အာဏာရှင်တွေကို ဆန့်ကျင်တဲ့ ဘယ်လိုလှုပ်ရှားမှုမျိုးကိုမဆို နည်းမျိုးပေါင်းစုံနဲ့ တွဲဖက်ပေါင်းစပ်ကာ အောင်ပွဲဆီ အတူတက်လှမ်းနိုင်ပါမယ်။


Wednesday, May 27, 2009

ရဲရဲလုပ်ကြပါစို့

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ


သုတေသနနှင့်လေ့လာရေးဌာန


ဝေဖန်သုံးသပ်ချက် အမှတ်စဉ် (၆/၂၀၀၉)


ရဲရဲလုပ်ကြပါစို့


(၂၀၀၉ ခုနှစ်၊ မေလ ၂၇ ရက် )


ပုဒ်မ ၁၀(က)၊ ပုဒ်မ ၁၀(ခ) တို့နှင့်ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခြင်း မဟုတ်။


ပုဒ်မ ၁၀(က) ကို ပုဒ်မ ၁၀(ခ) သို့၊ ပုဒ်မ ၁၀(ခ) ကို ပုဒ်မ ၁၀(က)သို့ လိုသလို ကုလားဖန်ထိုးနိုင် ကြောင်းနှင့် မထင်ရင်မထင်သလို [ပုဒ်မ ၁၀(က) အရ] ဆက်လက်ဖမ်းဆီးချုပ်နှောင်ထားနိုင်သလို [ပုဒ်မ ၁၀(ခ)] အရလည်း ဆက်လက်၍ တားဆီးထားနိုင်ကြောင်း(နအဖ) စစ်အစိုးရက သတင်းတပ်ဖွဲ့မှူး ရဲမှူးချုပ်မြင့်သိန်း ကို သုံးပြီး ခြိမ်းခြောက်လိုက်ခြင်းသာဖြစ်သည်။


ဒေါ်အောင်ဆန်းစုကြည်ကို နောက်ထပ် (၆) လ ဆက်လက်ဖမ်းဆီးထားနိုင်သေးသလို၊ နောက်ထပ်(၅) နှစ်သက်တမ်း (တည်ဆဲဥပဒေအရ) ထပ်တိုးနိုင်ကြောင်းပြောလိုက်ခြင်းဖြစ်သည်။


ထို့အပြင် “ယက်တော” ခိုးဝင်လာမှုဖြင့် ဆက်စပ်ခြိမ်းခြောက်ထား သေးသည်။


(နအဖ)စစ်အစိုးရ၏ တည်ဆဲဥပဒေဆိုသည်မှာ မတရားဖိနှိပ်အနိုင်ကျင့်ထားသည့် အမိန့်ဥပဒေများသာ ဖြစ်သည်။


သို့အတွက် အင်းစိန်ထောင်တရားရုံးအတွင်း ရင်ဆိုင်နေသည့်နည်းလမ်းမျှဖြင့် မလုံလောက်နိုင်ပါ။


ပြည်သူလူထု၏စာနာထောက်ခံမှုအင်အားဖြင့်ဝန်းရံဖေးကူလာနိုင်မှသာလျှင် (နအဖ)စစ်အစိုးရ၏ မတရား အနိုင်ကျင့်ဖိနှိပ်မှုကို ရင်ဆိုင်နိုင်ပါလိမ့်မည်။


သို့ပါ၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူလူထုထံ တချိန်တခါကတင်ပြခဲ့ဖူးသည့် “မတရားသည့် အမိန့်အာဏာဟူသမျှ တာဝန်အရ ဖီဆန်ကြ”ဟူသည့် လမ်းအတိုင်းလိုက်မှဖြစ်တော့မည်။


ယင်းသို့မဟုတ်လျှင် စင့်နှီးတုန်းပေါ် လည်စင်းပေးရသည့် သိုးငယ်များပမာဖြစ်လိမ့်မည်။


ဒေါ်အောင်ဆန်းစုကြည်က ရဲရဲလုပ်ဖို့ပြောထားပြီးဖြစ်သည်။


သို့အတွက် အင်အားစု အားလုံးက ရဲရဲလုပ်ကြရမည်။


ပြည်သူလူထုပါဝင်လာအောင် စည်းရုံးကြရမည်။


Friday, May 15, 2009

နိုင်ငံရေးသမားနှင့် စာရေးဆရာ

(၁)


နိုင်ငံရေးသမားနှင့် စာရေးဆရာကို မနှိုင်းယှဉ်မီ နိုင်ငံရေးသမားဆိုတာဘာလဲ၊ စာရေးဆရာဆိုတာ ဘာလဲကို ရှင်းပြဖို့ လိုပေလိမ့်မည်။


နိုင်ငံရေးဆိုတာဘာလဲ။


နိုင်ငံရေးဆိုသည်မှာ စီးပွားရေးတောင်းဆိုချက်ကို လူထုအင်အားဖြင့် လှုပ်ရှားမှုပြုခြင်းပင် ဖြစ်သည်။


စာပေဆိုတာဘာလဲ။


စာပေဆိုသည်မှာ လူ့ဘ၀အကြောင်းအရာကို စာဖတ်သူ ရသပေါ်အောင် ဖွဲ့နွဲ့ထားသော အရေးအသားဖြစ်သည်။


နိုင်ငံရေးဆောင်ရွက်သူသည် နိုင်ငံရေးသမားဖြစ်သည်။ စာပေရေးသားသူသည် စာရေးဆရာ ဖြစ်သည်။ ဤသို့ အကြမ်းဖျင်းသိရသည်။ သည့်ထက် တင်းပြည့်ကျပ်ပြည့် အဓိပ္ပာယ်ဖြင့်ဆိုရလျှင် နိုင်ငံရေးကို မိမိဘ၀၌ မြှုပ်နှံကာ နိုင်ငံရေးတစ်ခုတည်းကိုသာ ဆောင်ရွက်သူကို နိုင်ငံရေးသမားဟု ခေါ်သင့်ပေသည်။ စာပေကို မိမိဘ၀၌ မြှုပ်နှံကာ စာပေတစ်ခုတည်းကိုသာ ရေးသားသူကို စာရေး ဆရာဟု ခေါ်သင့်ပေသည်။


ယင်းအဓိပ္ပာယ်ဖွင့်ဆိုချက်အတိုင်း အတိအကျ သတ်မှတ်ရန်မဟုတ်ပေ။ နိုင်ငံရေး သက်သက်၊ စာပေသက်သက် ဆောင်ရွက်သူများရှိသလို ရောနှောဆောင်ရွက်ကြသူများလည်း ရှိပေ သည်။ လောက၌ သတ်သတ်ဟူ၍ မရှိနိုင်ပေ။ သို့သော် ယင်းအင်အား အများဆုံးရှိသူကို တိုင်းတာ၍ ခေါ်ဝေါ်မှတ်ယူကြခြင်းသာလျှင် ဖြစ်ပေသည်။


ဤနေရာ၌ နိုင်ငံရေးသမားသက်သက်၊ စာရေးဆရာသက်သက်ဟူ၍ နှိုင်းယှဉ်လိုခြင်း မဟုတ်ဘဲ နိုင်ငံရေးသမားနှင့် စာရေးဆရာလုပ်ငန်း နှစ်ရပ်ကိုသာ နှိုင်းယှဉ်လိုခြင်းဖြစ်၍ ရှေ့ဆက် ကြပေအံ့။


(၂)


နိုင်ငံရေးနှင့် စာပေ မည်သည့်နေရာ၌ တူကြသလဲ။


နိုင်ငံရေးသည် စီးပွားရေးတောင်းဆိုချက်နှင့် သက်ဆိုင်သလို စာပေသည် လူ့ဘ၀နှင့် သက်ဆိုင်သည်။ ဟော...တူကြပေပြီ။


စီးပွားရေးဆိုသည်မှာ စားဝတ်နေရေးပင် မဟုတ်လော။ လူ့ဘ၀ဆိုသည်မှာလည်း စားဝတ် နေရေးပင်မဟုတ်လော။


နိုင်ငံရေးဝေါဟာရအားဖြင့် သိပ္ပံကျကျ စီးပွားရေးဟုခေါ်ကြသည်။ စာအုပ် သံပါပါ၊ တက္ကသိုလ်ဟန်ပါပါဖြင့် ခေါ်လျှင် ဘောဂဗေဒဟုလည်း တနည်းခေါ်နိုင်သေးသည်။ လူ့ဘ၀ဟု စာဆန်ဆန်ခေါ်လျှင်လည်း ရသည်။ ကဗျာဆရာတို့က ဘ၀ဟု လှလှကလေး ခေါ်ကြပေသည်။


စီးပွားရေးနှင့် လူ့ဘ၀ အနှစ်သာရချင်း အတူတူပင် မဟုတ်ပေလော။


စီးပွားရေးအကြောင်းပြောလျှင် လူ့ဘ၀ပါရမည်။ လူ့ဘ၀အကြောင်းပြောလျှင် လူတွေ၏ စီးပွားရေး ပါရမည်။ မပါ၍မဖြစ်။ လူ့ဘ၀သည် စီးပွားရေးတောင်းဆိုချက်ဖြင့် လှုပ်ရှားနေသော ဘ၀ ဖြစ်သည်။ ငြိမ်သက်နေသော ဘ၀မဟုတ်ပေ။ လူ့ဘ၀၏ အသက်သည်ပင်လျှင် စီးပွားရေးတောင်းဆို ချက် ဖြစ်ပေသည်။ စီးပွားရေးတောင်းဆိုချက်မရှိလျှင် လူ့ဘ၀သည် သေနေခြင်းပင်။


လူ့ဘ၀သည် မည်သို့ရှိသလဲ။ လူ့ဘ၀သည် လူတန်းစားများဖြင့် ပိုင်းခြားစိတ်ဖြာလျက် ရှိပေသည်။ စီးပွားရေးတောင်းဆိုချက်သည် လူတန်းစားက တောင်းဆိုသော စီးပွားရေးတောင်းဆိုချက် သာလျှင် ဖြစ်ပေသည်။ နိုင်ငံရေးသည်ပင်လျှင် လူတန်းစားနိုင်ငံရေး ဖြစ်ပေသည်။ လူတန်းစားမှ ကင်းသော နိုင်ငံရေးဟူသည် မရှိနိုင်ပေ။


(၃)


နိုင်ငံရေးသည် စီးပွားရေးတောင်းဆိုချက်၊ စာပေသည် လူ့ဘ၀ကိုရေးသားခြင်း။


စီးပွားရေးကို မည်သို့တောင်းဆိုသလဲ၊ လူထုအင်အားဖြင့် လှုပ်ရှားကာတောင်းဆိုသည်။ ဟော... နိုင်ငံရေး၌ လူထုအင်အားကို တွေ့ရှိရပေပြီ။


လူ့ဘ၀ကို မည်သို့ရေးသားသလဲ၊ စာဖတ်သူရသပေါ်အောင် ဖွဲ့နွဲ့သည်။ ဟော... စာပေ၌ စာဖတ်သူကို တွေ့ ရှိရပေပြီ။

နိုင်ငံရေး၌ လူထုအင်အား၊ စာပေ၌ စာဖတ်သူ အတူတူပင်ဖြစ်သည်။ စကားလုံးအခေါ် ကွဲ သော်လည်း အနှစ်သာရအားဖြင့် အတူတူပင်ဖြစ်ပေသည်။ စာဖတ်သူ၊ စာဖတ်ပရိသတ်သည် လူထု ဖြစ်သည်။ တနည်း အသေးစိတ် အတိအကျဆိုရလျှင် စာဖတ်သူသည် လူထုအစိတ်အပိုင်းတစ်ရပ် ဖြစ်ပေသည်။


နိုင်ငံရေးသမားသည် လူထုမပါဘဲ မရပ်တည်နိုင်၊ စာရေးဆရာသည် စာဖတ်သူမပါဘဲ မရပ် တည်နိုင်။ နိုင်ငံရေးသမားနှင့် စာရေးနှစ်ဦးစလုံး လူထု၌ အမြစ်တွယ်လျှက်ရှိသည်။


လူထု၌ အခြေမစိုက်သော နိုင်ငံရေးသည် ကျဆုံးမည်ဖြစ်၍ စာဖတ်သူလူထု၌ အခြေမစိုက် သော စာပေသည်လည်း တိမ်ကောရမည်သာ ဖြစ်ပေသည်မဟုတ်လော။


(၄)


စာရေးဆရာ၏လုပ်ငန်း အဘယ်နည်း။


စာရေးဆရာသည် အနုပညာလုပ်ငန်းကို ဆောင်ရွက်သည်။ သူသည် လူ့ဘ၀ကို ထိတွေ့ ခံစား ရှုမြင်သုံးသပ်၍ အလှပညာဖြင့် ဖွဲ့နွဲ့သည်။ သူ၏ အတတ်ပညာသည်ကား သူ၏ စာဖတ် ပရိသတ် (၀ါ) လူထုစိတ်၌ စွဲလမ်းကပ်ငြိအောင်၊ နှစ်သက်ယုံကြည်အောင်၊ ရသခံစားအောင် ရေးသားရသော အတတ်ပညာဖြစ်သည်။ စာဖတ်ပရိသတ်က သူ၏စာပေကို နှစ်သက်ခံစားခြင်း ရှိသလောက် သူ၏ စာပေအင်အားသည် ကြီးမားလာပေသည်။ သူ၏အနုပညာသည် အောင်မြင် သည်ဟု ဆိုရပေမည်။


နိုင်ငံရေးသမား၏ လုပ်ငန်းကား အဘယ်နည်း။


နိုင်ငံရေးသမားသည် လူထုလှုပ်ရှားမှုလုပ်ငန်းကို ဆောင်ရွက်သည်။ သူသည် လူတန်းစား တို့ဖြင့် ပြွမ်းသော လူ့ဘ၀ကို တိုးဝှေ့လေ့လာဝေဖန်ကာ နိုင်ငံရေး ဘောဂဗေဒပညာ၊ နိုင်ငံရေး အဘိဓမ္မာတို့ဖြင့် ဆောင်ရွက်သည်။ နိုင်ငံရေးအာဏာရအောင် အားထုတ်သည်။ သူ၏တစ်နည်းဆိုရ သော သူ့ပါတီ၏ နိုင်ငံရေးဝါဒ၊ လမ်းစဉ်များကို လူထုက လက်ခံနှစ်သက်၊ ယုံကြည်တက်ကြွလာ အောင် ပြောဟောလှုပ်ရှား ဆောင်ရွက်ရသည်။ သူ၏အတတ်ပညာကား သူ့နိုင်ငံရေးပါတီ၏ ၀ါဒ၊ လမ်းစဉ်ကို လူထုက နှစ်သက်လက်ခံ၊ ယုံကြည်တက်ကြွလာအောင် ပြုလုပ်သော အတတ်ပညာ ဖြစ်သည်။ လူထုက ယင်းနိုင်ငံရေးဝါဒ၊ လမ်းစဉ်ကို နှစ်သက်လက်ခံခြင်းရှိသလောက် သူ၏ နိုင်ငံရေး အင်အားသည် ကြီးမားလာပေသည်။ သူ၏နောက်ပါ၌ လူထုရှိမှ အောင်မြင်သည်ဟု ဆိုရပေမည်။


နိုင်ငံရေးသမားသည် လူထုနှင့်ညှိနှိုင်း၍ နိုင်ငံရေးလှုပ်ရှားမှုကို ဆောင်ရွက်ရသည်။ စာရေး ဆရာသည်လည်း စာဖတ်ပရိသတ်(လူထုအစိတ်ပိုင်းတစ်ရပ်)နှင့် ညှိနှိုင်း၍ ရေးသားရသည်။ လူထု၏ ဆန္ဒနှင့် ညှိ၍ မဆောင်ရွက်လျှင် ယင်းနိုင်ငံရေးသမားသည် ကျဆုံးသလို စာဖတ်ပရိသတ်၏ ဆန္ဒနှင့် ညှိ၍မရေးသားသော စာရေးဆရာသည်လည်း ကျဆုံးရမည်ဖြစ်ပေသည်။


နိုင်ငံရေးသမားတို့မည်သည် လူထု၏ရှေ့မှ ကျော်တက်နေ၍လည်းမရ၊ နောက်ကျန်ရစ်နေ ၍လည်းမရ၊ လူထုနှင့်တစ်သားတည်း တစ်ပြေးတည်း နေရပေမည်။ လူထု၏ဆန္ဒအရသာလျှင် နိုင်ငံရေးသမားက လူထုကိုယ်စား စေပါးဆောင်ရွက်ခြင်းဖြစ်ပေသည်။ နိုင်ငံရေးသမားက သက်သက်၊ လူထုကသက်သက် မဟုတ်ရပေ။ စာရေးဆရာသည်လည်း ထို့အတူပင်ဖြစ်သည်။ စာရေးဆရာသည် လူထု၏ခံစားမှုကို ထင်ဟပ်ဖော်ပြရပေမည်။ သူ၏စာပေသည် လူထုခံစားမှု ဝေဒနာကို ထင်ဟပ်ရပေမည်။ စာရေးသူ၏ခံစားမှုနှင့် စာဖတ်ပရိသတ်၏ ခံစားမှုသည် ကိုက်ညီရပေ မည်။ စာရေးဆရာသည် ရောမမြို့ကြီး မီးလောင်နေစဉ် တယောထိုးပြရန် မဟုတ်ပေ။


နိုင်ငံရေးသမားသည် လူထုကိုချဉ်းကပ်ရာ၌ လမ်းမှန်ကမ်းမှန်ဖြင့်သာ ဖြောင့်မတ် တည်ကြည်စွာ ချဉ်းကပ်ရပေမည်။ လူထုအား လိမ်လည်လှည့်ဖျား၍ မချဉ်းကပ်ရပေ။ စာရေးဆရာ သည်လည်း ထို့အတူပင်။ စာရေးဆရာသည် စာဖတ်ပရိသတ်၏ အကြိုက်ကို အလိုလိုက်ကာ စိတ်ကူးယဉ်စာပေ၊ ဘ၀ထွက်ပြေးမှုစာပေတို့ဖြင့် မှိန်းယစ်အောင် ရေးသားရမည်မဟုတ်ပေ။


နိုင်ငံရေးသမားသည် အခြေအနေမှန်ကို လူထုအား တင်ပြရပေမည်။ စာရေးဆရာသည် လည်း တကယ်ဖြစ်ပျက်နေသောခေတ်ကို သရုပ်ဖော်ရပေမည်။


နိုင်ငံရေးသမားအား အဆုံးဖြတ်ပေးရာသည်လည်းကောင်း၊ စာရေးဆရာအား အဆုံးအဖြတ်ပေးရာသည်လည်းကောင်း လူထုပင်ဖြစ်သည်။


(၅)


ပြည်သူ့အကျိုးဆောင် နိုင်ငံရေးသမား၏ ရည်မှန်းချက်သည် ထာဝစဉ် ငြိမ်းချမ်းရေးပင် ဖြစ်သည်။ ငြိမ်းချမ်းမှ ပျော်ရွှင်မည်၊ တိုးတက်မည်၊ သာယာမည်။ ပြည်သူ့အကျိုးဆောင် စာရေးဆရာ ၏ ရည်မှန်းချက်သည်လည်း ငြိမ်းချမ်းရေးပင်ဖြစ်သည်။ အနုပညာသည် ငြိမ်ချမ်းမှ အစွမ်းကုန် အလှဆုံး ပွင့်ဖူးနိုင်ပေမည်။


နိုင်ငံရေးသမားသည် နိုင်ငံရေးလုပ်စားလျှင် (၀ါ) ကိုယ်ကျိုးရှာလာလျှင် ပျက်စီးလေတော့ သည်။ စာရေးဆရာသည်လည်း ငွေကြေးအတွက်လိုက်ကာ စာရေးလာလျှင် မှိန်လာတော့သည်။


နိုင်ငံရေးသမားသည် အာဏာရယူရေးအတွက် နည်းအမျိုးမျိုးဖြင့် ဆောင်ရွက်သူဖြစ်ရာ သေလျှင်မြေကြီး၊ ရှင်လျှင်ရွှေထီး လုပ်တတ်သည်။ ရက်စက်သည်။ စာရေးဆရာက နူးညံ့သိမ်မွေ့ သည်။ ဝေဒနာခံစားမှု၌ ထက်မြက်သည်။ ဆွတ်ပျံ့သည်။ တစ်စုံတရာကို စိစစ်ဝေဖန်တွေးခေါ်ပြီးမှ လက်ခံတတ်သည်။ နိုင်ငံရေးသမားသည် မှားလျှင်ပြင်မည်ဟူသော သဘောထားနှင့် တိုးလုပ်တတ် သည်။ စာရေးဆရာကား အမှားနည်းရန် ကြိုးစားသည်။ သစ္စာတရားကို ရှာဖွေသည်။ အဖြူပေါ် အမည်းတင်၍ ကမ္ပည်းထိုးရသူဖြစ်ရာ သတိကြီးစွာထားသည်။


ထို့ကြောင့် တစ်ခါတရံ နိုင်ငံရေးသမားနှင့် စာရေးဆရာသည် မသင့်မတင့် ဖြစ်တတ်သည်။ ပဋိပက္ခဖြစ်တတ်သည်။


သို့ဖြစ်ရာ နိုင်ငံရေးသမားနှင့် စာရေးဆရာသည် တူသည်။ မတူ။


xxxxx

ဒဂုန်တာရာ

စာပြီးနှစ် ၁၉၆၈
“စာလုံး၊ ဆေးစက်၊ စောင်းကြိုးနှင့် ကတ္တီပါကားလိပ်” မှ
အတွေးအမြင် အမှတ် (၂၀၆)၊ ၂၀၀၉ မေလ

သိမ်ဖျဉ်းသေးနုတ်ပြီး ဆိုးညစ်သော လုပ်ဆောင်မှု

(၂၀၀၉ ခုနှစ်၊ မေလ ၁၅ ရက်)


အခြေအနေကား အိမ်ချုပ်ချထားသည့် အနေအထားမှ အင်းစိန်ထောင်သို့ပို့ပြီး ထောင်ချပစ်မည့် အခြေအနေသို့ ရောက်ရှိလာခဲ့ပါပြီ။ ထို့အပြင် (နအဖ) စစ်အစိုးရ၏ အကြမ်းဖက်ဖိနှိပ်မှုနှင့် ဆိုးညစ်မှု များမှာ ကမ်းကုန်အောင် ပွင့်ကျခဲ့ပြီလည်းဖြစ်ပါသည်။


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွန်ခဲ့သည့် ဧပြီလ (၂၈/၂၉) ရက်များတွင် အစည်းအဝေး ပြုလုပ်ခဲ့သည်။


ယင်းအစည်းဝေးပွဲကို (နအဖ) စစ်အစိုးရဘက်က နှောင့်ယှက်မှုမရှိ ခဲ့။ ယင်းသို့ နှောင့်ယှက်မှုမရှိခြင်းမှာ (နအဖ) စစ်အစိုးရက သဘောထားကြီးလွန်းလှ၍မဟုတ်။ ဒီတစ်ခါ အစည်းဝေးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၂ ခြမ်းကွဲလိမ့်မည် ဟူသော အပိုင်တွက် ကိန်းနှင့် လွှတ်ပေးလိုက်ခြင်းသာဖြစ်သည်။ စေတနာဆိုးဖြင့် “ဟ” ပေးလိုက်ခြင်းသာဖြစ်သည်။


သို့သော်လည်း ထိုအစည်းဝေးတွင် (နအဖ) စစ်အစိုးရဆင်ထားသည့် အကွက်၊ တွက်ထား သည့် တွက်ကိန်းအတိုင်း ဖြစ်မလာခဲ့။ (နအဖ) စစ်အစိုးရ ဆင်ထား/တွက်ထားသလို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကွဲပြဲမသွားဘဲ ပျော့ပြောင်း၍ အမြော်အမြင်ရှိသော “ရွှေဂုံတိုင်ကြေညာချက်” ထွက်လာခဲ့ပါသည်။


မေလနှောင်းပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်ကို အိမ်ချုပ်ချထားရာမှ လွှတ်ပေးရတော့ မည်။ လွှတ်မပေး၍မရတော့။ (နအဖ) စစ်အစိုးရက လွှတ်မပေးချင်။ တိုင်းပြည်နှင့် ပြည်သူ့အကျိုးကို ရှေ့ရှုထားသည့် ရွှေဂုံတိုင်ကြေညာချက်ကလည်း ထွက်လာပြီ။ မကြာခင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လည်း ပြန်လွတ်လာတော့မည်။ သို့ဖြင့် ၂၀၀၉ ခုနှစ်၊ မေလသည် ထိုသို့သော မျှော်လင့်ချက်များဖြင့် ဝင်းပနေတော့သည်။


“ရွှေဂုံတိုင်ကြေညာချက်” ကို စွဲကိုင်ပြီး ဒေါ်အောင်ဆန်းစုကြည်က လူထုကို စည်းရုံး လှုပ်ရှားလာခဲ့သော် (နအဖ) စစ်အစိုးရ၏ ဖွဲစည်းပုံအခြေခံဥပဒေ (၂၀၀၈) သည်လည်းကောင်း၊ (၂၀၁၀) ရွေးကောက်ပွဲ အိပ်မက်သည်လည်းကောင်း ကြီးမားသော စိန်ခေါ်မှုနှင့်ရင်ဆိုင်ရတော့မည်။ ယင်းအချက်သည် (နအဖ)စစ်အစိုးရအတွက် ထိတ်လန့်တုန်လှုပ်ဖွယ်ရာ ကိစ္စကြီးဖြစ်သည်။


ယင်းသို့သော အခြေအနေတွင် ခိုးကြောင်ခိုးဝှက် ရေကူးဝင်လာသည့် “ယက်တော” သည် ရေနစ်တော့မည့် (နအဖ) စစ်အစိုးရအတွက် “ကောက်ရိုးတမျှင်” ဖြစ်ခဲ့ပုံရသည် သို့တည်းမဟုတ် “ယက်တော” နှင့် (နအဖ) စစ်အစိုးရတို့ လက်ဝါးချင်းရိုက် အကွက်ဆင်ခဲ့ပုံလည်း ဖြစ်နိုင်စရာ ရှိသည်။


တကယ်တော့ (နအဖ) စစ်အစိုးရ အကြောက်ရွံ့ဆုံးကိစ္စမှာ “ရွှေဂုံတိုင်ကြေညာချက်” နှင့် လွတ်မြောက်လာမည့် ဒေါ်အောင်ဆန်းစုကြည်တို့ ပေါင်းစပ်သွားပြီး ပြည်သူလူထုကြီး နိုးကြားထကြွ လာကာ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) နှင့် (၂၀၁၀) ရွေးကောက်ပွဲ ထိပါးခံရမည့် ကိစ္စသာဖြစ် သည်။ ဗိုလ်သန်းရွှေက အထိပါးမခံနိုင်ဟု မတ်လ (၂၇) ရက်နေ့က ဗြောင်ပြောထားပြီးလည်း ဖြစ် သည်။


သို့အတွက် ယခုကဲ့သို့ မတရားသဖြင့် (ပုဒ်မ ၂၂ အရ) စွဲချက်တင်လိုက်ခြင်းဖြစ်သည်။


ထိုသို့ မတရားသဖြင့် စွဲချက်တင်လိုက်သဖြင့် အခြေအနေက ပိုပြီးတင်းမာရှုပ်ထွေးလာ သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တိုင်းပြည်နှင့်လူထုအကျိုး ရှေ့ရှုပြီး သင့်မြတ်ပြေလည်ရေး လက်ကို ကမ်းလှမ်းခဲ့သည်။ သို့သော်လည်း (နအဖ) စစ်အစိုးရက အာဏာကိုဖက်တွယ်ပြီး အညှိုး အာဃာတဖြင့် ကျောခိုင်းပစ်ပယ်ခဲ့ပြန်ပြီ။


သို့ပါ၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့အပေါ် ထားရှိသည့် ပြည်သူလူထု၏ ထောက်ခံမှု၊ စာနာထောက်ထားမှုများကို ခိုင်မာညီညွတ်သော အင်အားအဖြစ် ပြောင်းပြီး (နအဖ) စစ်အစိုးရ၏ ဖိနှိပ်မှုမှန်သမျှကို ပြတ်ပြတ်သားသား ဆန့်ကျင်ကြရန်မှတပါး အခြားနည်းလမ်းမရှိတော့ပါ။