Sunday, May 31, 2009

စစ်အုပ်စု သက်တမ်းရှည်နေသရွေ့ - ၁၉


ကျနော်တို့ခေတ်မှာ ‘ဘွန်း’
ဒီခေတ်ကျတော့ ‘၄ဝ၁’
(၁)
နေရာက အင်းစိန်ထောင် အဆောင် ၎
အချိန်က ညနေစောင်းမှာ

အခန်းထဲမှာ လူ ၃ဝ ကျော်ခန့်ရှိတယ်။ ထမင်းစားပြီး တန်းပိတ် လူစစ်သွားတာလည်း ကြာလှပြီ။ တတောက်တောက်နဲ့ လမ်းလျှောက်နေမိတာ ဘယ်နှစ်ခေါက် ရှိမှန်းမသိ။ အသံတွေ တဖြည်းဖြည်း စဲသွားစ။ တချို့နီးစပ်ရာ ခုတင်ချင်း ‘တွတ်’ထိုးနေတာပဲ ကျန်တော့တယ်။ တချို့အိပ်ကြပြီ။
သေချာတာ တခုပဲရှိတယ်။ လှုပ်လှုပ်ရှားရှားလုပ်နေတာ ကျနော်တယောက်တည်း။ ကုလားဝါဒါ အေးသိန်း ရေချိုးကန်ဘေး သရက်ပင်ရိပ်က စောင့်ကြည့်နေတာ ကျနော်သိတယ်။ ကျနော့်ချိန်ဆချက် မပြီးပြတ်သေး။ လိုအပ်မယ့် အချက်အလက်တွေ ဖြည့်ဆည်းနေဆဲ။ ဘာပြောမယ်ဆိုတာက ရှင်းပြီးသား။ ထိထိမိမိ ဖြစ်သွားလိမ့်မယ်ဆိုတာလဲ စိတ်ချသွားခဲ့ပြီ။
ဘယ်လိုပြောမလဲဆိုတာကြတော့ တုံ့ဆနေမိတယ်။
ကျနော်က လူတယောက်ကို နင်ပဲ ငဆပြောရမှာ အားနာလေ့ရှိတယ်။ မပြောမဖြစ် ပြောရရင်လည်း အသံတုန် တတ်တယ်။ အသေးစိတ်အပိုင်းတွေကတော့ ရောက်ရားပဲပေါ့။ ပြောရဆိုရ ရင်ဆိုင်ရမှာက ဒီနေ့ (ကို--) ရဲ့ ပုံစံအတိုင်း ဖြစ်ချင်မှဖြစ်မယ်။ သူတို့ရည်ရွယ်ချက် သိပြီးသားဆိုတော့ သိပ်တိမ်းစောင်းစရာ မရှိ။
(၂)
နေ့ခင်းက အဖြစ်အပျက်ကို ပြန်စဉ်းစားနေမိတယ်။
နံက်စာ ထမင်းစားပြီးချိန်မှာ ကျနော်တို့အခန်း အစုလေးရဲ့ခေါင်းဆောင် (စိန်--) ကို ခေါ်ထုတ်သွားကြတယ်။ လာခေါ်ပုံက ဖော်ဖော်ရွေရွေ၊ စောင်အုပ်သွားပုံက သာသာကြည်ကြည်၊ အပြစ်တခုခုကြောင့် ခေါ်ထုတ်ပုံမျိုး မဟုတ်။
သိကြတဲ့အတိုင်း ကျွန်းပြန်တွေဆိုတော့ ထောင်မှူး ကျော်မင်း ဦးစီးတဲ့ ဝါဒါတွေက အလစ်မပေး တခြား လူခံအကျဉ်းသားတွေလည်း မှာထားပြီးသား။ “ဒီကောင်တွေအနား မကပ်ကြနဲ့၊ ဓာတ်လိုက်သွားမယ်၊ တွေ့တာနဲ့ တိုက်ထဲ ပို့ပစ်မယ်”ဆိုတဲ့ ကြိမ်းဝါးသံတွေ တကြားတည်း ကြားနေရတယ်။
သူတို့တတွေ ရေချိုးဆင်းဖို့ ကျနော်တို့အခန်းရှေ့ကဖြတ်သွားတဲ့အခါ ဝါဒါတွေ ရှေ့နောက်ပိတ်ပြီး ခေါ်သွားတာတွေ့ရတယ်။ ပြုံးဖြီးဖြီးမျက်နှာတွေကို တဖက်လွှဲထားကြရတယ်။
ကျနော်တို့ အခန်းတွေကိုတော့ ရေကန်နဲ့ မျက်နှာချင်းဆိုင်ဘက် သံတိုင်ပေါက်တွေက မကြည့်ဖို့ သတိပေးထားတယ်။ ဝါဒါတယောက်လည်း အနီးကပ် လာကြီးကြပ်လေ့ရှိတယ်။ (ရရိုးလား ကြည့်ဖြစ်အောင် ကြည့်ကြတယ်။) ဒါ့အပြင် အထက်ခန်း၊ ဘေးခန်းတွေနဲ့ စာအဆက်အသွယ်က မပြတ်။
(၃)
ကျနော်တို့ကို ကျွန်းကပြန်ပို့လိုက်တော့ ဆိပ်ကမ်းကနေ ဟီးနိုးကားကြီးတွေနဲ့ တင်ခေါ်လာပါတယ်။ ကျနော်တို့ လူ ၃ဝ ကျော်အသုတ်က ကျွန်းမှထွက်စဉ် နောက်ဆုံးသင်္ဘောပေါ်တင်ခဲ့ကြတဲ့ အသုတ်ဖြစ်ပြီး ဘူးထဲသွင်းတော့ ပထမဆုံးဖြစ်ခဲ့တယ်။
ဘူးထဲသွင်းပြီးတဲ့နောက် ပုံစံထိုင်မပေးကြလို့ ပုံစံပြခံကြရပါတယ်။ တဦးကို ဝါဒါ ၂ ယောက်ကျ ညှပ်၊ ချုပ်၊ ဆဲဆို ထိုးကြိတ်ကာ (မျက်နှာစောင် အုပ်လျက်) တံခါးတချပ်ကျော် ခေါ်သွင်းတာ ခံလိုက်ကြရတယ်။ တနေရာမှာ စု အထိုင်ခိုင်းထားတယ်။ ဘေးနားမှာလည်း ရဲဘော်တွေ တယောက်ပြီးတယောက် ရောက်လာသံကြားရတယ်။
ဘေးမှာတော့ ထောင်အာဏာပိုင်တွေနဲ့ ဝါဒါတွေက ဝိုင်းထားတယ်။ အနီးကပ် အယ်လ်ဇေးရှင်းခွေးကြီးတွေရဲ့ အီသံ ဟောင်သံတွေ ကြားနေရတယ်။ စိတ်မထင်ရင် မထင်သလို ခြေနဲ့ကန် လက်သီးနဲ့ဝင်ထိုး လုပ်တာလည်း ခံနေကြရတယ်။
အရိုက်ခံလိုက်ရလို့ နံရိုးကျိုးကာ တုံးလုံးကြီးလဲနေတဲ့ လေထီး ဗိုလ်အုန်းမောင်ရဲ့ ညည်းသံကို ကြားနေရတယ်။ ဘာမှလည်း မတတ်နိုင်၊ ဘာလုပ်ရမှန်းလည်း မသိတော့။
၁၅ မိနစ်လောက်ကြာ အောင်နှိပ်စက်ပြီးမှ လူတဦးချင်း နာမည်ခေါ်ပါတယ်။ အခေါ်ခံရသူက လက်ထောင်ပြရပြီး နောက် သူ့ကို ခေါ်သွားသံကြားရတယ်။ ကျနော့်နာမည် ခေါ်သံကြားလို့ လက်ထောင်ပြလိုက်တယ်။ ထုံးစံအတိုင်း ကြမ်းကြမ်းတမ်းတမ်း ခေါ်လာပြီး အခန်းတခန်းထဲကို စောင်ခွာပေးလိုက်ကာ ထိုးသွင်းလိုက်တယ်။
မိုးမလင်း မှောင်မိုက်ဆဲအချိန်ဖြစ်ပေမယ့် ဖျော့တော့တော့ ဖန်သီးရောင်ကြောင့် အခန်းထဲ ဘယ်သူမှမရှိကြောင်း သိလိုက်ရတယ်။ ခဏနေတော့ ခြေသံတွေကြားရပြီး သော့ဖွင့်လိုက်ကာ နောက်ထပ်တယောက် ဒလိမ့်ခေါက်ကွေး ရောက်လာပါတယ်။ ကျနော့်ကိုမြင်တာနဲ့ ကျွမ်းနှစ်ပတ်လောက်ထိုးပြီး ကျနော့်ဆီ ပြေးလာတယ်။
“ဝမ်းသာလိုက်တာ” တဲ့။ ဘာဖြစ်လို့လဲဆိုတော့ “ခင်ဗျားနဲ့အတူ နေရမှာမို့ပေါ့” တဲ့။ ကျနော်တို့နှစ်ယောက်က အဲဒီလောက်ချစ်ကြတဲ့ ရဲဘော်တွေ။ သူကတော့ ရဲဘော် အောင်ဘော်ပါ။
နောက်တော့ သူ့အဖွဲ့ကိုယ့်အဖွဲ့ သူ့ပါတီကိုယ့်ပါတီကလူတွေ တယောက်ပြီးတယောက် ရောက်လာကာ လူပြည့်သွားပါတော့တယ်။ လူပြည့်တာနဲ့ အဆောင်မှူး ကျော်မင်းနဲ့ ဝါဒါတသိုက်ရောက်လာပြီး ထောင် စည်းကမ်းတွေ လက်ချာရိုက်ပါတော့တယ်။
သူတို့ ပြန်ထွက်သွားမှ ကိုအောင်ဘော်က “ဒီကောင့် အဆောင်နေရတာ ချောင်မယ့်ပုံ မရှိဘူး။ ကျနော်တို့ကို အထိုင်ခိုင်းထားပြီး သူတို့က ဝိုင်းထားချိန်မှာ ဝါဒါတွေက တယောက်ပြီးတယောက် ဝင်ရိုက်နေတာ ကျနော်က မြင်နေရတယ်။ ကျနော့်ကို အုပ်ထားတဲ့စောင်က အပေါက်ကြီးနဲ့ဗျ။ ဗိုလ်အုန်းမောင်ကို ရိုက်ချလိုက်တာလည်း မြင်ရတယ်။ တချက်တချက် “မလုပ်နဲ့ မလုပ်နဲ့ လက်လွန်ကုန်မယ်”လို့ အရာရှိပိုင်းက အော်သံတွေ ကြားရတယ် မဟုတ်လား?။ အဲဒါက သင်္ကြန်တွင်း မပက်ကြနဲ့ မပက်ကြနဲ့လို့အော်တဲ့ လူကြီးတွေရဲ့အသံမျိုး။
တကယ်က သူတို့ လက်ညှိုးထိုးပြတဲ့သူတွေကို ဝင်ရိုက်ကြရတာပဲ။ စစ်ယူနီဖောင်းနဲ့ အကောင်တွေလည်းပါတယ်။ ခုနတုန်းက ထောင်မှူးဆိုရင် “ဟေ့ တော်ပြီ၊ တော်ပြီ ရပ်လိုက်တော့” လို့ အော်ပြီးတာနဲ့ သူ ကိုယ်တိုင် ဝင်ပြီးကန်ခဲ့တဲ့ ကောင်ပဲ။ ကျနော်တို့အပေါ် မီးမောင်းကြီးတွေ ဝိုင်းထိုးထားတော့ ရှင်းရှင်းကြီး မြင်နေရတယ်”
(စကားချပ်- အထက်အညာထောင်တွေကနေ ကျွန်းအပို့ခံရတဲ့သူတွေဟာ အင်းစိန်ထောင်က ထောင်မှူး ထောင်ပိုင် ဝါဒါတွေနဲ့ မဆက်ဆံခဲ့ကြရဘူးပါ။ MI ကိုင်တဲ့ တွဲဖက်ထောင်ကနေ တိုက်ရိုက် သင်္ဘောပေါ် တက်ခဲ့ကြရလို့ပါ)
သူက ပြောရင်းပြောရင်းက ကျိတ်မနိုင်ခဲမရ ဖြစ်နေပုံရပါတယ်။ ဗိုလ်အုန်းမောင် အရိုက်ခံရလို့ ညည်းညူနေစဉ်မှာ ကျနော်တို့ တခုခု ထလုပ်သင့်တယ်၊ အနိမ့်ဆုံး‘ကြွေးကြော်သံ’ တိုင်သင့်တယ်။ ခုတော့ ကျနော်တို့ ညံ့ရာကျသွားပြီလို့ ပြောပါတယ်။
“AB ဒီစမ်းသပ်မှုမှာ ကျနော်တို့ တာဝန်မကျေလိုက်ဘူး။ ထားလိုက်တော့ … နောက်ပွဲကြီးပွဲကောင်းတွေ လာနိုင်ပါသေးတယ်”လို့ ကျနော်က ပြန်ပြောမိပါတယ်။
ဘာပဲဖြစ်ဖြစ် ဒီခေတ်နဲ့စာရင်တော့ တော်သေးတယ်လို့ ဆိုရပါမယ်။ တယောက် တကုတင် အိပ်ကြရတယ်။ လူစစ်တဲ့အခါ ထောင်မှူးစကားပြောတဲ့အခါ ပုံစံ ထိုင်မပေးရ။ မျက်စိနောက်အောင်လုပ်မနေရင် ရတယ်။ သူတို့မြင်သာတဲ့နေရာမှာ ရပ်ချင်ရပ်။ ထိုင်ချင်ထိုင်နေရတယ်။ အိမ်သာထဲက လူကလည်း “ဒီမှာ တယောက်ရှိတယ်” လို့ ဖြည့်ပြောလိုက်ရင် ပြီးတယ်။
သို့သော် ထောင်ဆိုတာ ထောင်ပဲလေ။ တခါ စစ်ဘီလူးတွေ အာဏာသိမ်းထားတဲ့ကာလပဲမို့ ဆုပေးတာ မရှိ။ ဒဏ်ပေးတာပဲ ရှိပါတယ်။ နေ့စဉ်လို ဘဝမမေ့အောင် ဆဲလိုက် ဆိုလိုက် အပြစ်ကျူးလွန်တယ်ထင်ရင် သတိပေးတာ ရေချိုးပိတ်တာ တိုက်ထဲပို့တာ … စသည်တွေကြောင့် နေချင်စရာ မကောင်းလှပါ။
ရေချိုးရတာက တပတ်တခါ အဝတ်လျှော်တာအပါ နာရီဝက်ပဲ ခွင့်ပြုတယ်။ ကျွန်းမှာ ရေချိုးရတာနဲ့တော့ ကွာပါဘိ။ တယောက် စည်းကမ်းချိုးဖောက်တာတွေ့ရင် တခန်းလုံး တလမှ ၂ လအထိ ရေချိုးပိတ်တတ်တာက ရှိသေး။
တာဝန်ခံဝါဒါက တလလို့ ကြေညာသွားပြီးမှ ထောင်မှူးလာတဲ့အခါ ကြိမ်းရင်းမောင်းရင်းက ၂ လ ဖြစ်သွားတာလည်း ကြုံခဲ့ရတယ်။ ဒီတော့ တချို့လူညစ်ပတ်တွေ ကိုယ်ပေါ် အကောင်ကြီးကြီး ဝဝဖီးဖီး သန်းကြေးမတွေ ကပ်ငြိလာပါတော့တယ်။ ဒါပေမယ့် ဘယ်သူ့ ကြောင့် ဘယ်အဖွဲ့ကြောင့်လို့ မငြူစူကြ။ တခန်းလုံးဒဏ်ခံရပေမယ့် အပြန်အလှန် နားလည်မှုနဲ့ ပြဿနာ မလုပ်ခဲ့ကြ။
ကာလတခုဖြတ်ကျော်ပြီးကြတဲ့နောက် တရက်မှာတော့ တခန်းလုံး လူကုန် အပြင်ထုတ်ပါတယ်။ ကျနော်တို့ အဆောင်ရဲ့ ရှေ့အဖီထဲမှာ ထိုင်ကြရပါတယ်။ ယခင် ထမင်းစားခန်းပါ။ ထိုင်ခုံရှည် စားပွဲရှည်တွေရှိတယ်။ အားလုံးထိုင်နေစဉ် MI နဲ့ ထောင်မှူးအပါ အမှုထမ်းတချို့ရောက်လာပြီး စာရွက်တွေ ခဲတံတွေ ထုတ်ပေးပါတယ်။ စာမေးပွဲ အဖြေခိုင်းတာပါ။ မေးခွန်း ၁၁ ခု ဖြေရပါတယ်။ မှတ်မိသလောက် …
ဗမာပြည် ကွန်မြူနစ်ပါတီအပေါ် အမြင်၊ ၄၈ လက်နက်ကိုင်တိုက်ပွဲအပေါ် သဘောထား၊ ဖြုတ် ထုတ် သတ် ကိစ္စ၊ နောက် အလံနီပါတီ၊ ဦးနုရဲ့ပါလီမန် ဒီမိုကရေစီပါတီ၊ မလညပ ပမညတ တို့နဲ့ပတ်သက်တဲ့ သဘောထားများ။
နောက်ဆုံးမေးခွန်းတွေမှာတော့ တော်လှန်ရေးကောင်စီ၊ မဆလ၊ အညမည သဘောတရား၊ တော်လှန်ရေးကောင်စီရဲ့ နိုင်ငံခြားရေးဝါဒအပေါ် သဘောထားများ စသည် ပါ ပါတယ်။
“အင်း … စာမေးပွဲ ဖြေရမှာကြောက်လို့ နိုင်ငံရေးလုပ်ပါတယ်၊ ဖြေလိုက်ရတဲ့ စာမေးပွဲပြီးတယ်ကို မရှိဘူး” … ဒါက AB (ကိုအောင်ဘော်)ရဲ့ အောက်ကလိအာ အသံ … ကျန်တဲ့သူတွေက ပြုံးလိုက်ကြပြီး MI တင်လှတို့ နှုတ်ခမ်းစူနေပါတယ်။ (တကယ်က ကိုအောင်ဘော်ဟာ စာကြိုးစားပြီး စာတော်သူ ကျောင်းသားတယောက်ပါ။ စာမေးပွဲကြောက်သူ မဟုတ်)
ဆက်လက်ဖော်ပြပါမယ်။

No comments: