Monday, March 23, 2009

ညိုကြီး


(၁)

ညိုကြီးဆိုရင် ဒီရပ်ကွက်ထဲမှ မဟုတ်၊ အနီးအနားက နှစ်ရပ်ကွက်ကျော် သုံးရပ်ကွက်အထိ မသိသူမရှိ။ ညိုကြီးရဲ့ မကောင်းသတင်းရော၊ ကောင်းသတင်းပါ ကလေးက အစ သိသည်။ သိဆို ညိုကြီးတို့က ပေစရာ မိုက်စရာဆိုလည်း သူများထက် ပေသည်၊ မိုက်သည်။

အဲ … ရပ်ရေးရွာရေးဆိုလည်း သူ မပါလို့ မဖြစ်။


ညိုကြီး ဆိုးသည်၊ ပေသည်ဆို၍ သူများ သားသမီးကို စော်ကားသည်၊ မူးယစ်ရမ်းကားသည်ဟု မထင်လိုက်လေနှင့်။ လုံးဝ မဟုတ်။ သူပြဿနာတက်လိုက်ပြီဆိုရင် သူ့ကိစ္စက နည်းနည်း၊ သူများကိစ္စ ဝင်ပါလို့သာချည်း ဖြစ်သည်။


လူဖြောင့် စိတ်တို ဆိုတဲ့ စကားက သူ့အတွက်များ တမင်ရွေးထားသလား မှတ်ရသည်။ မဟုတ်တာ မတရားတာတွေ့ရင် မစဉ်းစား မဆင်မချင် ဇွတ်တရွတ်စိတ်နှင့် လုပ်တတ်လွန်းလို့ ပြဿနာတက်ရသည်ချည်း ဖြစ်သည်။


တခါကလည်း ကြည့်၊ ရပ်ကွက်ထဲမှာ လူငယ်ချင်း ရန်ဖြစ်ကြသည်။ တဖက်က ရပ်ကွက်လူကြီးသားနှင့် ဆိုက်ကားသမား ကိုအုန်းမောင်သား လူငယ်ချင်း စကားများရာက ရန်ဖြစ်ကြသည်။


ကိုအုန်းမောင်သားက တယောက်တည်း။ တဖက်က အများဆိုတော့ ကိုအုန်းမောင်သားခမျာ တော်တော်လေး ခံလိုက်ရသည်။ ဒါကို ညိုကြီးကြားတော့ မခံနိုင်။


အားကြီးတိုင်း အနိုင်ကျင့်တာ ခံနေလို့မဖြစ်ဘူး။ ဘာဘူး ညာဘူးနှင့် လူကြီးအိမ် လိုက်သွားသည်။ ဟိုရောက်တော့ ရပ်ကွက်လူကြီးက သူ့အိမ်တွင် မရှိ။ အစည်းအဝေးဆိုလား ဘာလား သွားနေသည်။ ဒီတော့ ညိုကြီးဘာလုပ်ခဲ့တယ် ထင်လဲ။


အိမ်ပေါ်မှာ ထမင်းစားနေတဲ့ သူ့သားကို တက်ပြီး နှစ် တလက်မ နှင့် ရိုက်ကာ ပြန်လာခဲ့သည်။ နောက်တော့ ရုံးရောက် ဂတ်ရောက်နှင့် အရပ်က တောင်းပန်သူ တောင်းပန်၊ ရှင်းသူရှင်းနှင့်မို့ ခံဝန်နှင့် ပြန်လွတ်လာခဲ့ခြင်းဖြစ်သည်။


အပေါင်းသင်းကလည်း စုံသည်။ ရပ်ကွက်ထဲမှာ လူငယ်နောက်တက် နောက်ပေါက်တွေက အစ၊ သက်ကြီး ရွယ်အို၊ လူရွယ်လူလတ်အရွယ်စုံ သူနှင့် မသိသူမရှိ။


ကြောက်လည်းကြောက်ကြသလို၊ စိတ်ရင်းသိနေ၍ ခင်သူတွေလည်း ရှိသည်။ ရပ်ရေးရွာရေးဆိုလည်း သူများ မလုပ်ချင်တာ၊ သူများ မလုပ်နိုင်တာအကုန် သူ လုပ်သည်။


ရပ်ကွက်ထဲ မြောင်းဖော်ဖို့ ဘယ်အိမ်မှာ နာရေးဖြစ်လို့ဆိုတဲ့ အသံမကြားလိုက်နဲ့ ညိုကြီးက ဦးဆောင်လို့ မနက်မလင်းခင်ထဲက သူများမဆင်းချင်တဲ့ မြောင်းပုပ်ထဲမှာ သူ့လူတွေ သူ စုပြီး ဆင်းပြီးသား။ အသုဘ အိမ်ဆိုလည်း အသုဘကို ရေချိုးပေးတာက စပြီး လူစည်အောင် လူစုပေးတာ၊ ပန်းခွေဆင်တာက စလို့၊ မြေချရက်လည်တဲ့အထိ အသုဘရှင် မျက်နှာငယ်စရာ မလို။ အစအဆုံး သူ့တာဝန်ထား။


ဒါပေမယ့် သူ့စေတနာက အကန့်အသတ်တော့ ရှိသည်။ သူနဲ့ မတည့်တဲ့လူဆိုရင်တော့ သူ လုံးဝကိုပင် လှည့်မကြည့်။

သူနဲ့မတည့်ဆို၍ သူနှင့်ရန်ဖြစ်ထားလို့ မထင်လိုက်နဲ့ ရပ်ရေးရွာရေး အများနဲ့ဆိုင်တဲ့ကိစ္စတွေမှာ မသိချင်ယောင်ဆောင်နေသူတွေ၊ ရေသာခိုနေသူတွေဆိုရင် သူ လုံးလုံးကြည့်မရ။


အဲဒီလူတွေမှာ အကူအညီလိုလာပြီဆိုရင် သူက မကူညီတဲ့အပြင် ကူညီမယ့်သူတွေကိုပါ မကူညီဖြစ်အောင် လိုက်တားလိုက်သေးသည်။


“ကျုပ်က လူလိုသိတဲ့လူတွေကိုပဲ ကူညီတာ လူမှန်းမသိတဲ့လူဆိုရင် မကူညီဘူးဗျ” တဲ့။


ဒါက သူ့ရဲ့လက်သုံးစကားဖြစ်သည်။ ဒါကို သူ့ ဦးလေးလည်း တော်၊ သူ့ရဲ့ဆရာဆိုလည်းမမှားတဲ့ ဦးပဉ္ဇင်း ဦးကောဝိဒ ကသိတော့ ညိုကြီးကို ခေါ်ဆုံးမသည်။


ညိုကြီးကို စေတနာဆိုတာ ကိုယ့်ဘက်ကဖြူစင်ဖို့ အရေးကြီးတဲ့ အကြောင်း၊ ဘယ်သူ့မှ ကူညီမယ်။ ဘယ်ဝါမှ ကူညီမယ်ဆိုတာ မသင့်ကြောင်းပြောတော့ ညိုကြီးဘာမှပြန်မပြော။ “မှန်ပါ့” “မှန်ပါ့” နှင့် ခေါင်းလေးညိတ်၍သာ နေသည်။ ဦးဇင်း ဆုံးမလိုက်လို့ ညိုကြီးတော့ အမြင်မှန်ရသွားပြီပေါ့။


လုံးဝ မဟုတ်။ အမြင်မှန်မရတဲ့အပြင် ပြန်လာတော့ ဘာပြောတယ်မှတ်လဲ။


“စေတနာဆိုတာ လူတိုင်းနဲ့တန်တယ်ထင်နေရင် မှားသွားမှာပေါ့” တဲ့။


ဘာပဲဖြစ်ဖြစ် သူ့စေတနာ ကွက်ကြားမိုး ဘယ်လိုပဲရွာရွာ သူတို့ရပ်ကွက်လေးထဲမှာတော့ ညိုကြီးရဲ့ ကူညီမှု၊ အနစ်နာခံမှု၊ ရိုင်းပင်းမှုတွေကိုတော့အများက လေးစားအသိအမှတ် မပြု၍မရပေ။


++++


ရပ်ကွက်ထဲက ညိုကြီးပျောက်သွားတာ၊ ဆယ်နှစ်ကျော် ဆယ့်တနှစ်ခန့်လောက်ပင်ရှိတော့မည်။ သူ့ မိန်းမ မလှရင် မဆုံးခင်အထိ ညိုကြီး ရှိနေသေးသည်။ မလှရင် ဆုံးပြီးနောက်ပိုင်းလည်း မကြာမကြာ ပြန်လာတတ်သေးသည်။


သားထောက် သမီးခံလည်း မရှိ။ အသက်အရွယ်ကလည်း နည်းနည်းရလာလို့ ထင်သည်။ ညိုကြီးတယောက် နယ်ဘက်ကသူ့ တူမတွေနဲ့ သွားနေသလိုလို၊ သတင်းသာကြားပြီး ညိုကြီးကို မတွေ့ရတော့။


သူ မရှိတဲ့နောက်ပိုင်း ရပ်ထဲရွာထဲမှာ ရပ်ရေးရွာရေး၊ သာရေး နာရေးကိစ္စတွေပေါ်တိုင်း ညိုကြီးကို သတိရဖြစ်ကြသည်။


ရပ်ကွက်ထဲမှာ ဘယ်သူက ဘယ်သူ့ကို မတရား လုပ်တယ်၊ ဘယ်လို အနိုင်ကျင့်တယ်ကြားတိုင်း အထူးသဖြင့် သူ့အပေါင်းအသင်းတွေက ညိုကြီးသာရှိရင် ဒါမျိုးဘယ်ရမလဲ။ ဘယ်နေလိမ့်မလဲ စသဖြင့် ပြောဆို မြည်တွန် တောက်တီးရုံသာ လုပ်နိုင်ကြတော့သည်။


ဘာပဲပြောပြော ညိုကြီးရဲ့ သူ့ အတိုင်းအတာနဲ့ သူ့ လုပ်ဆောင်မှုများသည့် သူ့ နယ်ပယ်နှင့်သူတော့ အများအတွက် စံနမူနာထားစရာမဟုတ်ခဲ့ရင်တောင် အသိအမှတ်ပြုစရာ အများကြီးဖြစ်ခဲ့သည် မဟုတ်ပါလား။


(၂)


ညိုကြီးပြန်လာတယ်ဆိုတဲ့ သတင်းကြားကတည်းက ညိုကြီးကို တွေ့ချင်သူတွေက အများအပြား ဖြစ်သည်။


အခု ညိုကြီးက အရင်တုန်းက ညိုကြီးနှင့် လုံးလုံး မတူတော့။ အရင်တုန်းက သန်သန်မြန်မြန်၊ စိတ်မြန်လက်မြန် ညိုကြီး။


အခု တခေါင်းလုံးဖြူလို့၊ စိတ်သွားတိုင်းကိုယ်ပါတဲ့ ညိုကြီး မဟုတ်တော့။ အရင်တုန်းက ကိုညိုကြီး၊ အခုတော့ ဦးညိုကြီးဖြစ်နေပြီ။ သတင်းမေးသူ မေးကြ၊ အခြေအနေတွေ ရှင်းပြသူရှင်းပြကြနှင့် ညိုကြီးအိမ်မှာ လူစည်နေတော့သည်။


ရပ်ကွက်ထဲမှာ အပြောင်းအလဲဖြစ်တဲ့အကြောင်းတွေ၊ ဘယ်လိုပြဿနာတက်တဲ့အကြောင်းတွေ ညိုကြီးကို သူ့အပေါင်းအသင်းတွေက ပြောပြကြပေမယ့် ညိုကြီးက အရင်လိုမတုံ့ပြန်တော့။


အေးအေးဆေးဆေးနှင့် ခေါင်းလေးညိတ်ကာ နားထောင်နေသည်။ သူ့ အကြောင်းကိုမေးတော့လည်း နယ်က သူ့တူမအိမ်မှာ သွားနေကြောင်းသာပြောပြီး၊ ဘာမှ စုံစုံလင်လင် မသိရ။


ညိုကြီး ဒီမှာပြန်လာနေမည်ဆို၍ အားလုံးက ဝမ်းသာကြသည်ကတော့ အမှန်ပင်။


ညိုကြီးနှင့်တွေ့ပြီး ပြန်လာသူတိုင်းက ညိုကြီး အရင်လိုမဟုတ်တော့ကြောင်း အတော့်ကို ပြောင်းလဲသွားကြောင်း မှတ်ချက်ချ၍ ပြန်လာသူချည်းသာ။


ညိုကြီးပြောင်းလဲသလား၊ မပြောင်းလဲသလား တလလောက်အကြာမှာ သိရတော့သည်။ လူတွေ ပြောသလို ပြောင်းလဲသွားသည်တော့ မှန်သည်။ အရင်လို စိတ်ထင်ရင်ထင်သလို မတုံ့ပြန်တတ်တော့ပေမယ့် မဟုတ်မခံစိတ်၊ အမြင်မတော်ရင် မတော်သလို ပြောတတ် လုပ်တတ်စိတ်ကတော့ ဗီဇလို့ပြောရမလား မသိ။


တရက် … ၊


ကြံ့ခိုင်ရေးက သာဆန်းအောင်တို့တသိုက် ရပ်ကွက်ထဲမှာ ခြင်ဆေးလိုက်ဖြန်းသည်။ မိုးဦးကျ ရပ်ကွက်ထဲမှာ ခြင်ပေါရင် သွေးလွန်တုပ်ကွေးဖြစ်မယ်ဆို၍ ခြင်ဆေးလိုက်ဖြန်းသည်။


သာဆန်းအောင် က တိုက်ပုံတကားကား၊ လက်ညှိုးတကားကားနှင့် ဆရာလုပ်နေသည်ကို ညိုကြီးကြည့်မရ၊ ဒါပေမယ့် အရင်လို ညိုကြီးထွက်ပြီး စကားမများတော့ အသာလေးငြိမ်၍သာ ကြည့်နေသည်။


နောက်နေ့မှာ ညိုကြီးအလုပ်စတော့သည်။ သူနှင့်အရင်က လုပ်ဖော်ကိုင်ဘက် သူငယ်ချင်းတွေနှင့် တွေ့လိုက် စကားပြောလိုက်၊ နောက်ပေါက်လူငယ်တွေ နှင့် တဟေးဟေး၊ တဟားဟားလုပ်လိုက်နှင့် အလုပ်ရှုပ်နေတော့သည်။


နောက်ပေါက်လူငယ်တွေထဲမှာ ကြံ့ခိုင်ရေးထဲ ဝင်ထားတဲ့ကောင်လေးတွေလည်း ပါသည်။ ညိုကြီး ဘယ်လိုစည်းရုံးလိုက်သည် မသိ၊ နေ့ ချင်းညချင်း ဦးညိုကြီးမှ ဦးညိုကြီးဖြစ်နေတော့သည်။


နောက်တပတ်လောက်ကြာတော့ ညိုကြီးတို့အဖွဲ့ အလုပ်စတော့သည်။ ရပ်ကွက်ထဲမှာရှိတဲ့ ရေဆင်းမကောင်းတဲ့ မြောင်း၊ ချုံပုပ်မှန်သမျှကို တရုန်းရုန်းနှင့် ရှင်းလင်းနေတော့သည်။ တွေ့တဲ့လူတိုင်းကိုလည်း ပါးစပ်က လိုက်ပြောနေသေးသည်။


“ကျုပ်တို့က သူများတွေလို မယောင်ရာ ဆီလူးတဲ့ကောင်တွေ မဟုတ်ဘူးဗျ၊ ရပ်ကွက်အကျိုး၊ အများအကျိုးလုပ်ရင် တကယ်ထိရောက်အောင် လုပ်ရတယ်ဗျ” ပါးစပ်ကလည်း ပြော၊ လက်ကလည်း သူကိုယ်တိုင် ရွှံ့တွေ၊ ဗွက်တွေကြား တကုန်းကုန်းနှင့် လုပ်နေတော့သည်။


ဒီမှာတင် သာဆန်းအောင်နှင့် ညိုကြီးတို့ ပြဿနာ စတော့သည်။ ရပ်ကွက်ထဲမှာလည်း ထောင်ထောင်လုပ်နေတဲ့ သာဆန်းအောင်တို့ကို ကြည့်မရသူတွေက ညိုကြီးကို ထောက်ခံကြသည်။


++++


နောက်တကြိမ်ဖြစ်သည့်ပြဿနာက ညိုကြီးက စသည်မဟုတ် ဒေါ်အေးတင်က စသည်ဟု ပြောလို့ရသည်။


သမဆိုင်က အောင်တင် မိန်းမ နှင့် သာဆန်းအောင် မိန်းမ သက်သာဆိုင်က နို့ဆီတွေထုတ်လာတာမြင်တော့ ဒေါ်အေးတင်က ညိုကြီးကို လာပြောသည်။


ဒေါ်အေးတင်ဆိုသည်မှာ ရပ်ကွက်ထဲ အပ်ကျတာကအစ သိသည်။ ပြီးလျှင် သိသမျှကို ဖောက်သည်ချနိုင်လွန်းလို့ ဒေါ်အေးတင်ကနေ ဒေါ်ပြောချင် ဟု နာမည်တွင်နေသူဖြစ်သည်။


ဒါကို ညိုကြီးသိတော့ ဒေါ်အေးတင်ကို သက်သာဆိုင်မှာ နို့ဆီထုတ်ပေးနေကြောင်း ရပ်ကွက်ထဲ လိုက်ပြောခိုင်းသည်။ သိချင်ရင် သာဆန်းအောင် နဲ့ အောင်တင် မိန်းမ ကို မေးကြည့်ဟုပါ သင်ပေးလိုက်သည်။


သိပ်မကြာလိုက် သက်သာဆိုင်မှာ ရပ်ကွက်ထဲကလူတွေ နို့ဆီထုတ်ဖို့ ရောက်လာတော့သည်။ ဒီမှာတင် သာဆန်းအောင်နှင့် အောင်တင်တို့ ပြဿနာတက်တော့သည်။ အစက သူတို့ပေါင်းပြီး ခွဲတမ်းရတဲ့ နို့ဆီကို အပြောင်ရှင်းဖို့ စီစဉ်ထားတာ အကုန်ပျက်ကုန်တော့သည်။ နောက်တော့ ရပ်ကွက်လူကြီးတွေ ညှိနှိုင်းပြီး နို့ဆီတွေ ထုတ်ပေးလိုက်ရသည်။


သေသေချာချာ ဇစ်မြစ်လိုက်တော့ ညိုကြီးလက်ချက်ဖြစ်ကြောင်း သိရသည်။ သာဆန်းအောင်တို့ ညိုကြီးကို လုံးလုံး မကျေနပ်ပေမယ့် ဘာမှမတတ်နိုင် သူတို့က မှားနေတော့ ဒီအတိုင်းသာ ငြိမ်ခံနေလိုက်ရသည်။


ဒီလိုနှင့် ညိုကြီးကလည်း လစ်ရင်လစ်သလို မတရားတာတွေ့ရင် တွေ့သလို ဆော်သည်။ သာဆန်းအောင်တို့ အုပ်စုကလည်း ညိုကြီးဘယ်အချိန် အမှားလုပ်မလဲစောင့်ပြီး နှိပ်ကွပ်ဖို့ကြံစီသည်။


တရက်မှာတော့ သာဆန်းအောင်က မထည့်မနေရ ရပ်ကွက်ထဲမှာ ပိုက်ဆံလိုက်ကောက်သည်။ ပြီးတော့ ရပ်ကွက် သံဃာ့ဒါန အလှူခံမဏ္ဍပ်မှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းဝင်များ ကောင်းမှု ဟု အလှူငွေထည့်သည်။


ဒါကို ညိုကြီးကြားတော့ သူ့လူတွေဆီက ပိုက်ဆံလိုက်ကောက်သည်။ ပြီးတော့ အလှူခံဌာနမှာသွားပြီး သူ ရေးထားတဲ့ စာသားအတိုင်း ကြေညာခိုင်းသည်။


ဂေါပကတွေက မကြေညာရဲ၊ ဒါနဲ့ ညိုကြီးကိုယ်တိုင် မိုက်ကရိုဖုန်းကိုကိုင်ပြီး ကြေညာသည်။ ကြေညာတာလည်း ကြည့်ဦး …


“ချိနဲ့ ဆုတ်ယုတ်သူ မရှိဆင်းရဲသား ပြည်သူများ ကောင်းမှု” တဲ့လေ။


ညိုကြီး ဒီလိုလုပ်ဖန်များလာတော့ သာဆန်းအောင်တို့ တမျိုးကြံသည်။ ညိုကြီးကို ပညာကောင်းကောင်းပေးဖို့ စီစဉ်သည်။


ရပ်ကွက်ထဲမှာ လုပ်အား ပေးခေါ်မည်၊ မလိုက်လျှင် အမိန့်မနာခံမှုနဲ့ ပြဿနာ ရှာမည်။ ညိုကြီး အလုပ် မအားသည့် အချိန်၊ လုပ်အားပေး မလိုက်နိုင်သည့်အချိန် ရွေးခေါ်မည်။


တကယ်လို့ ပြဿနာဖြစ်လာလျှင် နယ်မြေခံထောက်လှမ်းရေးကို လှမ်းခေါ်မည်။ သည်လိုဆိုရင် ညိုကြီး ဘာမှတတ်နိုင်မည် မဟုတ်။ ညိုကြီးကို တခါထဲ ခွင်ထဲမှာထည့်ပြီး နှိပ်ကွပ်မည်။ တချက်တည်း ငြိမ်သွားအောင် လုပ်ပစ်မည်။


သာဆန်းအောင်တို့ တွက်ထားသည့်အတိုင်း လုပ်အားပေးခေါ်တော့ ညိုကြီးမလိုက်နိုင်ကြောင်း ငြင်းသည်။ သူက ထပ်လည်း ပြောလိုက်သေးသည်။


“လုပ်အားပေးဆိုတာ စေတနာရှိမှ၊ ကိုယ့်မှာအားမှ လုပ်နိုင်မယ်၊ တနေ့လုပ်တနေ့စား တဲ့၊ ကျုပ်ကို လုပ်အားပေးသွားလို့ ဘယ်သူက ထမင်းကျွေးမှာလဲ၊ တိုင်ချင်ရာ တိုင်ဗျာ”။


သူ့စကားက သာဆန်းအောင်တို့ ဆင်ထားတဲ့အကွက်ထဲကို ဝင်သွားသည်။ သာဆန်းအောင် သူ့ စကားကို မှတ်ထားပြီး ရပ်ကွက်လူကြီးကို သွားတိုင်သည်။ တိုင်ချင်ရာတိုင်ဆိုတဲ့စကားကို မပါ ပါအောင် ထည့်ပြောသည်။


ရပ်ကွက်လူကြီးတွေကလည်း ညိုကြီးကို ကြည့်မရ။


သူတို့ရုံးမှာခေါ်ပြီး အရေးယူမည်၊ မရလျှင် ထောက်လှမ်းရေးကိုပါ တိုင်မည်။ ဒီတခါ ညိုကြီး နာဖို့သာပြင်ပေါ့။ ညနေ အလုပ်ဆင်းချိန်ရောက်တော့ ညိုကြီးအိမ်ကို ဆင့်စာရောက်လာသည်။ ရယက ရုံးမှာ ပြဿနာ လာရှင်းပါတဲ့။


ရပ်ကွက်ထဲကလူတွေက ညိုကြီးအတွက် စိုးရိမ်ကြသည်။ ဒီတခါတော့ ညိုကြီး မလွယ်။ ရယက ရုံးနားမှာ အယောင်မလည်နဲ့ အခြေအနေ စောင့်ကြည့်သူတွေကလည်း မနည်း။


အချိန်ကျတော့ ညိုကြီးရောက်လာသည်။ ညိုကြီးက တုန်လှုပ်ဟန် တစက်လေးမျှ မပြ၊ အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်ပင်။


ရယက ဥက္ကဋ္ဌက စကား စပြောသည်။


“ကိုညိုကြီး ... ခင်ဗျား မနက်က လုပ်အားပေး မလိုက်နိုင်ဘူးလို့ ပြောတယ်ဆို၊ တိုင်ချင်ရာတိုင်လို့လည်း ပြောတယ်ဆို၊ ဟုတ်ပါသလား”


“ဟုတ်ပါတယ်”


“ခင်ဗျား အခုလုပ်လုပ်တာ ဥပဒေချိုးဖောက်ရာ ရောက်တယ်ဆိုတာ မသိဘူးလား။ ရပ်ရေးရွာရေးပဲဗျာ ကုသိုလ်တောင် ရသေးတယ်။ ခင်ဗျား ဒါမျိုးလုပ်တာတော့ မကောင်းပါဘူး”


“ကုသိုလ်ရတယ်ဆိုတာတော့ ကျုပ်လည်းသိတာပေါ့။ အူမတောင့်မှ သီလစောင့်နိုင်မယ်ဗျ၊ ကျနော် ထမင်းစားဖို့ ဘယ်သူမှ မဖြေရှင်းပေးဘဲနဲ့ ဘယ်ကုသိုလ်မှ ကျုပ် မလိုချင်ဘူး။ ကျုပ် ကုသိုလ်လိုချင်ရင် ကျုပ်အားတဲ့အချိန် ကျုပ်သွားလုပ်မယ်။ ကျုပ် မလုပ်ချင်ဘဲနဲ့ အတင်းလုပ်ခိုင်းရင် မတရားခိုင်းစေတာပဲ။ ကျုပ်မလုပ်နိုင်ဘူး။ ကျုပ်လိုပဲ မလုပ်နိုင်တဲ့သူတွေ အများကြီး ရှိတယ်။ မတတ်သာလို့ ငြိမ်နေကြတာ”


ညိုကြီး အေးဆေးတည်ငြိမ်ပြတ်သားစွာပင် ပြန်ပြောနေသည်။ နားထောင်နေသူများပင် ညိုကြီးအတွက် စိုးရိမ်နေကြသည်။ ဒီအတိုင်း ဆက်ပြောနေလျှင် ညိုကြီးတော့ မလွယ်တော့မှာ သေချာသည်။


ရယကလူကြီးတွေ ညိုကြီးကို သူတို့ပြော၍မရမှန်း သိသည်။ ဒီတော့ ထောက်လှမ်းရေးနှင့် လှည့်ခြိမ်းခြောက်ပြန်သည်။


“ကဲ … ကိုညိုကြီး ခင်ဗျားပြောနေတဲ့စကားတွေ တော်တော်တရားလွန်လာပြီ။ ခင်ဗျားကို ကျနော်တို့ နောက်ဆုံးပြောမယ်၊ ခင်ဗျားဒီမှာ ဒါမျိုးနောက်မလုပ်ပါဘူးဆိုတဲ့ ခံဝန်ကတိ လက်မှတ်ထိုးပြီး အေးအေးဆေးဆေး ပြန်သွားလိုက်၊ ဒါမှမဟုတ်ရင် အထက်က အာဏာပိုင်တွေပါလာရင် ပိုဆိုးလိမ့်မယ်။ ဟိုမှာထိုင် နေတာတွေ့တယ် မဟုတ်လား၊ နယ်မြေခံထောက်လှမ်းရေး တာဝန်ခံပဲ။ ခင်ဗျား ရမ်းသမ်းပြီး ပြောချင်တာ ပြောမနေနဲ့”


ဘယ်လိုပြောပြော ညိုကြီးမရ။


ထပ်၍ပင် ပြောလိုက်သေးသည်။


“ကျနော်ပြောပြီးသားပဲ ကျုပ် ဘာအမှားမှမလုပ်လို့ ဘာလက်မှတ်မှလည်း မထိုးနိုင်ဘူး။ တိုင်ချင်ရာတိုင် ရှင်းချင်သလိုရှင်းဗျာ”


ထပ်ပြီး ညိုကြီးက ဘယ်အချိန်ကဆောင်လာမှန်းမသိတဲ့ စာရွက်တရွက်ကိုထုတ်ပြီး ...


“ဒီမှာ ကြည့် … ဥပဒေကို ချိုးဖောက်တာ ဘယ်သူလဲဆို သိချင်ရင် ဒီမှာ ဖတ်ကြည့်။ ဒီမှာ ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ထားတဲ့စာ၊ ဘယ်သူ့ကိုမှ မိမိဆန္ဒမပါဘဲ ဘယ်သူမှ လုပ်အားပေး မခိုင်းရဘူးဆိုတဲ့ စာလေ”


နားထောင်နေသူတွေရော၊ ရပ်ကွက်လူကြီးဆိုသူတွေရော၊ ခပ်လှမ်းလှမ်းကထိုင်နေသည့် ထောက်လှမ်းရေးဆိုသူပါ မျက်လုံးပြူးသွားကြသည်။


နောက်ဆုံး ထိုစာရွက်ကိုကိုင်၍ ထောက်လှမ်းရေးဆိုသူနှင့် ရပ်ကွက်လူကြီးတွေ ခေါင်းချင်းဆိုင်ကာ တီးတိုးတီးတိုး လုပ်နေကြသည်။

ခဏကြာတော့ ဥက္ကဋ္ဌ ထွက်လာ၍ စိတ်မသက်မသာ အသံဖြင့် ...


“သွားပါတော့ ကိုညိုကြီးရာ … သွားပါတော့”


ဟုသာ ပြောနိုင်လေသည်။


ညိုကြီး ရယက ရုံးကပြန်လာတော့ ရပ်ကွက်ထဲက သူ့ အသိမိတ်ဆွေတွေ လာပြီးနှုတ်ဆက်ကြသည်။ နေ့တိုင်းတွေ့နေရတဲ့ ညိုကြီးကို လူထူးလူဆန်းသဖွယ် တအံတသြ မေးမြန်းကြသည်။


ကောင်းလိုက်တာဗျာ ကိုညိုကြီးတို့ ရိုက်ချက်က ပီတယ်ဗျာ။ ထောက်လှမ်းရေးတောင် ဘာမှမတတ်နိုင်ဘူး၊ တွေ့တယ် မဟုတ်လား ဟု ပြောသူပြော၊ သူ့အပေါင်းသင်းတွေကဆို ပိုပင်ဆိုးသေး၊ အောင်ပွဲခံမယ်ဗျာ ဟု အရက်ပုလင်းနဲ့ အရက်လာသောက်သူကလည်းရှိ ညိုကြီးအိမ်မှာ စည်ကားနေတော့သည်။


ညိုကြီးလုပ်ရပ်ကြောင့် နောက်ထပ် သူတို့ရပ်ကွက်ထဲမှာ လုပ်အားပေးဆိုတဲ့အသံကို မကြားရတော့၊ နောက်ထပ်ကြားရသည်မှာ တမြို့နယ်လုံးကိုပါ လုပ်အားပေးမခိုင်းဖို့ အမိန့်ထုတ်ကြောင်း သိရပြန်သည်။


သူတို့ရပ်ကွက်လေးထဲမှာသာမက တမြို့နယ်လုံးရှိ ကြားကသူတိုင်းက သူ့ကို ဝိုင်းထောက်ခံကြသည်။


ဘယ်လိုပဲဖြစ်ဖြစ် ညိုကြီးလုပ်ရပ်က ကြားရသူ တွေအဖို့ နမူနာယူစရာဖြစ်သည်။


မတရားတာတွေကို ကြောက်တိုင်းငြိမ်ခံမယ်ဆိုရင်ဖြင့် ဘဝတွေ ကုန်းကောက်စရာမရှိလောက်အောင် ဖြစ်သွားတော့မည်။ ဆိုးဝါးသထက် ဆိုးဝါးသွားတော့မည်။


ကိုယ်နားလည်သလောက်၊ ကိုယ်တတ်နိုင်သလောက်၊ ကိုယ်အားရှိသလောက် ဘဝတူပြည်သူတွေပူးပေါင်းပြီး မတရားမှုတွေကို ဆန့်ကျင်ကြမယ်ဆိုရင်ဖြင့် ရွှေရောင်အနာဂတ်နေ့များ မဝေးတော့မည် မဟုတ်ပါလား။


ဖိုးမောင် လာပြီ



မှိုင်းညိုညဥ့်ရိပ်၊ လူခြေတိတ်၍

ရေဆိပ်အနား၊ ရွာတံခါးမှ

ဂုတ်ကျား ကျယ်လောင်၊ ဆီးကြိုဟောင်သော်

‘ဖိုးမောင်လာပြီ’ ဆိုကြသည်။


ဟောင်သံရပ်၍

ထက်ကြပ်ပေါ်လာ၊ အသံမှာကား

‘ညခါ ငါးထောင်၊ မောင်ဖိုးမောင်သည်

ရွာတောင်ချောင်းက ပြန်ခဲ့ပြီ’။


ဖိုးမောင်သံကြား၊ ကင်းသမားက

တံခါးကြီးအောက်၊ မလွယ်ပေါက်ကို

တယောက်ဝင်သာ၊ ဖွင့်လိုက်ပါသော်

ယာတွင် အုပ်ဆောင်း၊ ဝဲ တက်ချောင်းနှင့်

ခါးစောင်း ကိုယ်ကိုင်း၊ ငါးပလိုင်းကို

လွယ်သိုင်းပြီးလျှင်၊ ရွာကိုဝင်သည်

လူပင်လေလား တစ္ဆေလား။


တစ္ဆေမကြောက်၊ မြွေမကြောက်ဘဲ

တယောက်တည်းပင်၊ ညဥ့်မှောင်တွင်၌

သူလျှင်ငါးရှာ၊ မကျွေးပါက

ထိုရွာသူသား၊ လူအများတို့

ငါးစို ငါးစိမ်း ငတ်ပေလိမ့်။


ဆောင်းတည၌

ချမ်းမြစိမ့်အေး၊ လခြမ်းကွေး၍

ရွာဘေးကျီပျက်၊ မှောင်နက်နက်မှ

ဇီးကွက်က အော်၊ တောက်တဲ့ ကြော်စဉ်

ရွာပေါ်လွှမ်းအောင်၊ ဂုတ်ကျားဟောင်သည်

ဖိုးမောင် လာချိန်ပါတကား။


သို့ဖြစ်သော်ငြား၊ ခါတပါးသို့

တံခါးဝင်လို၊ သူ မဆိုဘဲ

‘မောင်းကို ထုပါ၊ လူ စုပါဟေ့၊

ရွာကို ဘေးမှ၊ ကာကွယ်ကြလော့၊

ဓားပြ ငါ့အား၊ ဖမ်း၍ထား’ ဟု

စကားမဆုံး၊ ဟစ်အော်တုန်းတွင်

ဒိုင်းဒုန်း ဒိန်းသံ၊ ရွာလုံးညံသည်

ချောင်းယံ ပဲ့တင်ထပ်သတည်း။


ဖိုးမောင့်နိဂုံး၊ ဤတွင်ဆုံးလည်း

ရွာလုံးစိတ်တွင်၊ ဖိုးမောင်ဝင်၍

ပဲ့တင်ထပ်ကာ၊ ဟည်းလျက်ပါတည့်။


ဘယ်ခါမဆို၊ ဆီးလင့်ကြိုသို့

မှိုင်းညိုညဥ့်ရိပ်၊ လူခြေတိတ်၌

ရေဆိပ်အနား၊ ရွာတံခါးမှ

ဂုတ်ကျားကျယ်လောင်၊ ရမ်းရော်ဟောင်သော်

‘ဖိုးမောင်လာပြီ’ ဆိုဆဲပင်။


(မင်းသုဝဏ်)


Friday, March 20, 2009

ယုံကြည်ခြင်းဖြင့် ဆက်သည့်မျိုးဆက်

ဂျူး



သို့တပြီးကား သင်သေသွားသော်
သင်ဖွားသောမြေ သင်တို့မြေသည်
အခြေတိုးမြင့် ကျန်ကောင်းသင့်၏။


ကျွန်မ တနေရာရာသို့ ခရီးထွက်ချိန် သဘာဝပတ်ဝန်းကျင် မြင်ကွင်းကျယ်ကျယ်ကို မြင်ရပြီဆိုလျှင် ဆရာကြီးဇော်ဂျီ၏ ထိုကဗျာလေးကို ကျွန်မ သတိတရ စိတ်ထဲက ရေရွတ်မိသည်။


ရန်ကုန်မြို့ကြီးမှာ မြင့်မားသည့် အဆောက်အအုံတွေ၊ ကုန်ထုတ်စက်ရုံတွေ၊ လျှပ်စစ်ဓာတ်အားပေး စက်ရုံတွေကို မြင်နေကျပါ။ ဒါပေမယ့် ခရီးထွက်ဖြစ်တဲ့အခါ သဘာဝသယံဇာတတွေကို မြင်ရတော့မှ ထိုကဗျာက ရင်ထဲမှာ ပေါ်လာတတ်ခြင်းဖြစ်၏။


ထိုကဗျာသည် လူ့ယဉ်ကျေးမှု အဆင့်ဆင့်မြင့်မား တိုးတက်ရေးမှာ ကျွန်မတို့ တဦးတယောက်ချင်း ထားရမည့် အသိစိတ်တခုကနေ ဖွင့်ပြပေးလိုက်ခြင်းဟု ခံစားရပါသည်။


မျိုးဆက်တခုကနေ နောက်မျိုးဆက်တခုဆီကို လက်ဆင့်ကမ်းပေးရသည့် အမွေအနှစ်များတွင် လူသားယဉ်ကျေးမှုလည်း ပါသည်။


“မျိုးဆက်တိုင်းဟာ ပစ္စုပ္ပန်ထက်ပိုကောင်းတဲ့ အနာဂတ်ကို ဖန်တီးဖို့ တာဝန်ရှိပါတယ်”


ထိုစကားကို ကျွန်မ နှစ်သက်သဘောကျစွာ ခဏခဏ ရေရွတ်မိသည်။


ကျွန်မတို့၏ရှေ့က မျိုးဆက်တွေထားရစ်ခဲ့သည့် အမွေအနှစ်အားလုံး စာပေ၊ နည်းပညာ၊ သယံဇာတ၊ ကိုယ်ကျင့်တရား၊ ဘာသာတရား အားလုံးကို ကျွန်မတို့ ပိုကောင်းအောင် ကြိုးစားကြည့်ဖူးပြီလားဟု ကိုယ့်ကိုကိုယ် မေးခွန်းထုတ်ကြည့်မိသည်။ ကျွန်မတို့ ဘာလိုနေသေးသလဲ....


‘ပိုကောင်းတဲ့အနာဂတ်’ ဆိုတာကို ဘယ်ပေတံနှင့် တိုင်းမလဲ။


‘တိုးတက်မှု’ နှင့် တိုင်းတာကြပါသည်။


တိုးတက်မှုဆိုသည်ကို အဓိပ္ပာယ်ဖွင့်သည့်အခါ မြင်ကွင်းကျယ်ဖြင့် မြင်တတ်ဖို့လည်း အရေးကြီးပါသည်။


လူသားသည် ယဉ်ကျေးမှုအဆင့်ဆင့် မြင့်တင်တိုးတက်လာဖို့ ခရီးရှည်ကြီးကို လျှောက်လှမ်းခဲ့ရသည်။ ဝီလ်ဒူးရန့်တ်က လူသားအထွတ်အထိပ် ဆယ်ခု Ten Peaks of Human Progression အက်ဆေးတွင် ပြောပြထားသည်မှာ စိတ်ဝင်စားစရာကောင်းပါသည်။


Speech (စကားပြောခြင်း)
Fire (မီးကို တွေ့ရှိအသုံးချခြင်း)
Conquer on animal (တိရစ္ဆာန်များအပေါ် အောင်နိုင်ခြင်း)
Agriculture (စိုက်ပျိုးရေး)
Social Organizations (လူမှုအဖွဲ့အစည်းများ)
Morality (ကိုယ်ကျင့်တရား)
Tools (လက်နက်ကိရိယာ)
Science (သိပ္ပံပညာ)
Education (ပညာရေး)
Writing and Printing (စာရေးခြင်းနှင့် ပုံနှိပ်ခြင်း)


ဟု ပြောပါသည်။


(၂၀၀၇ ဧပြီလထုတ် ကဗျာမဂ္ဂဇင်းတွင် လူသား၏ အထွတ်အထိပ်ဆယ်ခု အက်ဆေးကို ရေးဖြစ်ခဲ့ပါသည်။)


ကျွန်မတို့က မြန်မာလူမျိုးတွေဖြစ်သဖြင့် မြန်မာ၏တိုးတက်မှုတွေကိုချည်း သီးသန့်ထပ်ခွဲ မျှော်လင့်ကြည့်ချင်ပါသေးသည်။


ကျွန်မတို့ ဘယ်လောက်ထိ ခရီးရှည်ရောက်ခဲ့ပြီလဲ။ အကြောင်းကြောင်းအရ နောက်ပြန်ဆုတ်ရတဲ့ ခြေလှမ်းတွေရော ဘယ်လောက်များများ ဘယ်နှစ်ကြိမ်တိုင်အောင် ရှိခဲ့ပြီးပြီလဲ။


မညှာမတာပြောရရင်တော့ ကျွန်မတို့ အကြိမ်ကြိမ် နေရာတော်တော်များများမှာ ဆုတ်ယုတ်ခဲ့ကြဖူးပါသည်။


အရှေ့တောင်အာရှရဲ့ သန့်ရှင်းတဲ့မြို့တော် ဖြစ်ခဲ့ဖူးတာနဲ့ပဲ ဟိုတုန်းက ရန်ကုန်အပေါ် ကျွန်မတို့ ကျေနပ်နေတာနဲ့ပဲ ပြီးမလား။ ဟိုတုန်းက တက္ကသိုလ်ရဲ့ဂုဏ်ရောင်ထွန်းမှု ခံ့ညားမှုကို ကျွန်မတို့ နောက်တကြိမ်ပြန်ရဖို့ မကြိုးစားနိုင်ကြတော့ဘူးလား။


ဆရာကြီးဦးဖေမောင်တင် ပြောခဲ့ဖူးသော စကားတခွန်းရှိသည်ဟု ကြားဖူးပါသည်။


‘ဆရာ့ထက် တပည့်က တော်ရမယ်’


သြော် လေးစားဖို့ကောင်းလိုက်သည့် စကားပါလား။


ဆရာ့ထက် တပည့်ကတော်မှ ပညာရေးထွန်းကားမှာပေါ့။ မိဘထက် သားသမီးတော်မှ မျိုးဆက်မြင့်မားထွန်းကားမှာပေါ့။


စီးပွားရေးပဲဖြစ်ဖြစ် တီထွင်ကြံဆမှုပဲဖြစ်ဖြစ် ကျန်းမာရေးပဲဖြစ်ဖြစ် နောက်မျိုးဆက်က အရင်မျိုးဆက်ထက် တော်ကိုတော်နေမှ လူ့ယဉ်ကျေးမှု မြင့်မားတိုးတက်လာမှာပါလားဟု ကျွန်မ သဘောပေါက်လာမိသည်။


ထို့ကြောင့် ကိုယ့်နောက်မျိုးဆက် လူငယ်တွေကို ကိုယ့်ထက်တော်စေချင်သည်မှာ လူသားအားလုံး၏ မှန်ကန်သော စိတ်ဓာတ်ဖြစ်ပါလိမ့်မည်။


ထို့အတူ ကိုယ့်ထက်တော်ရမည့် နောက်မျိုးဆက်အတွက် ကျွန်မတို့ လက်ဆင့်ကမ်းထားရစ်ခဲ့မည့် အမွေအနှစ်မှာ အသုံးတည့်မည့်၊ တန်ဖိုးကြီးမားသည့် အမွေအနှစ်ဖြစ်ဖို့လည်းလိုသည် မဟုတ်လား။


စိုက်ပျိုးလို့ဖြစ်ထွန်းမည့် မြေတွေထားခဲ့ရမည်။ မြေဆီလွှာခန်းခြောက်သည့် မြေတွေကို ထားခဲ့လို့မရ။


စိမ်းမှောင်အုပ်ဆိုင်းသော သစ်တောတွေကို ထားခဲ့ရမည်။ အပြောင်ရှင်း လွင်တီးခေါင်ကြီးကို ထားခဲ့လို့မရ။


မြန်မာလူမျိုး၏သိက္ခာကို တည်ကြည်လေးစားဖွယ်ရာအဖြစ် ချန်ထားရစ်ခဲ့ရမည်။ ပျင်းရိသူများအဖြစ်၊ အိပ်ပျော်သူများအဖြစ်၊ ငါတကော ကောသူများအဖြစ် ချန်ထားရစ်ခဲ့လို့မရ။


လူ့ယဉ်ကျေးမှုသမိုင်းမှာ တစ်ချိန်က ထွန်းကားခဲ့ပြီးမှ ယခုအခါ ပျောက်ဆုံးသွားသော တိုင်းပြည်တို့လို နမူနာတွေလည်း ရှိနေသည်။


ဆရာကြီးဇော်ဂျီက တွေးတောပူပန်ခဲ့ဖူးဟန် ရှိပါသည်။ ဇော်ဂျီ၏ တို့တိုင်းပြည်ကဗျာကို ကျွန်မတို့ အလယ်တန်းမှာတုန်းက ပြဋ္ဌာန်းကဗျာအဖြစ် သင်ခဲ့ရသည်။


ထလော့မြန်မာ အိုမြန်မာတို့
တို့ရွာတို့မြေ တို့ရွာမြေဝယ်
စေတီစပါး များလည်းများ၏
များပါလေလည်း တမွဲမွဲနှင့်
ဆင်းရဲကာသာ ကာလကြာလျှင် ယာစကာမျိုး
တညှိုးညှိုးနှင့် ပုထိုးမြင့်မောင်း
ကျောင်းကြိုကျောင်းကြား လှည့်လည်သွားလျက်
မစားလေရ ဝမ်းမဝ၍
ဆွမ်းမျှမတင်နိုင် ရှိမည်တည်း။

ထလော့မြန်မာ အိုမြန်မာတို့
တို့ရွာတို့မြေ တို့ရွာမြေဝယ်
ရေချိုသာက်ရန် မြစ်ချောင်းကန်နှင့်
သီးနှံချိုပျား များလည်းများ၏
များပါလေလည်း တမွဲမွဲနှင့်
ဆင်းရဲကာသာ ကာလကြာလျှင်
မြင်သာမြင်ရ မစားရ၍
တောက ပြိတ္တာဖြစ်မည်တည်း။

ထလော့မြန်မာ မြန်မာထလော့
အားမပျော့နှင့် မလျှော့လုံ့လ
သူကစ၍ ငါကအားလုံး
လက်ရုံးမြားမြောင် ဉာဏ်မြားမြောင်နှင့်
စွမ်းဆောင်ကြလေ ဆောင်ကြလေလော့
ဤမြေဤရွာ ဘယ်သူ့ရွာလဲ
ဤယာစပါး ဘယ်သူ့စပါးလဲ
ထားလော့တာဝန် ပွန်လော့လုပ်ငန်း
ဉာဏ်ရှေ့ပန်း၍ တဝမ်းတစိတ် ညီစေသတည်း။


ကိုလိုနီလက်အောက်ခံဘဝ မြန်မာတို့ကို ဆရာကြီးက တပ်လှန့်နှိုးဆော်သည့် ကဗျာတပုဒ် ဖြစ်ပါသည်။ ၁၉၃၅ ခုနှစ် ပတ်ဝန်းကျင်လောက်မှ ရေးခဲ့ခြင်းဖြစ်သည်။


ခေတ်အဆက်ဆက် မျိုးဆက်တွေသာပြောင်းသွားပေမယ့် ကဗျာ၏တန်ဖိုးက ပြောင်းလဲမသွားပါ။


ကဗျာစာဆို၏ စိတ်ဓာတ်ခွန်အားကို ကျွန်မတို့ လိုအပ်နေဆဲဖြစ်သည်။ ကျွန်မတို့၏ရှေ့က မျိုးဆက်တွေထားရစ်ခဲ့သည့် အမွေအနှစ် အားလုံး စာပေ၊ နည်းပညာ၊ သယံဇာတ၊ ကိုယ်ကျင့်တရား၊ ဘာသာတရား အားလုံးကို ကျွန်မတို့ ပိုကောင်းအောင် ကြိုးစားကြည့်ဖူးပြီလားဟု ကိုယ့်ကိုကိုယ် မေးခွန်းထုတ်ကြည့်မိသည်။


ကျွန်မတို့ ဘာလိုနေသေးသလဲ။


လိုနေတာတွေတော့ အများကြီးပါ။ လိုမှန်းမသိမိမှာကိုသာ စိုးရိမ်မိပါသည်။


မျိုးဆက်တခုမှတခုသို့ လွှဲပြောင်းပေးအပ်ရမည့် ပိုင်ဆိုင်မှုနှင့် အမွေအနှစ်များအကြောင်း ပြောရေးဆိုခွင့်ရှိဖို့ ကျွန်မမှာ ဘာအရည်အချင်းတွေရှိပါသလဲ။


တခါတုန်းက ကျွန်မတဦးတည်း ဟောပြောပွဲတခုတွင် ကျွန်မက ‘ဘာကြောင့် ပညာသင်ကြရသလဲ’ ဟူသော ခေါင်းစဉ်ဖြင့် ပညာဂုဏ် သတ္တိများအကြောင်း ပြောပြခဲ့ဖူးသည်။ ထိုနေ့က အမေးအဖြေ ဆွေးနွေးချိန်ရောက်သည့်အခါ ကျွန်မအား မိန်းကလေးတယောက်က မေးခွန်းတခု မေးသည်။


‘ဆရာမ အိမ်ထောင်မပြုတဲ့အတွက် မျိုးဆက်ကိုချန်မထားခဲ့နိုင်ဘူးဆိုရင် မျိုးဆက်ထိန်းသိမ်းဖို့အတွက် တာဝန်ကျေပါ့မလား။ တခုခု လိုအပ်နေတယ်လို့ ဆရာမ မခံစားရဘူးလား’ တဲ့။


ကျွန်မ တခါမှ အဲသည်လို မခံစားခဲ့ရဘူးပါ။


‘ကျွန်မ အိမ်ထောင်မပြုခဲ့တဲ့အတွက် ညီမပြောတဲ့ သွေးနဲ့ဆက်တဲ့ မျိုးဆက်တော့ မရနိုင်ဘူးပေါ့။ ဒါပေမယ့် သွေးနဲ့ဆက်တဲ့ မျိုးဆက်မကျန်ခဲ့ပေမယ့် ယုံကြည်ချက်နဲ့ဆက်တဲ့ မျိုးဆက်တွေ ကျန်ခဲ့မှာပါ။ ကျွန်မ လုံးဝ ယုံကြည်ပါတယ်။ ညီမကိုယ်တိုင်တောင် ကျွန်မရဲ့မျိုးဆက်မဖြစ်ဘူးလို့ ဘယ်လိုလုပ် သေချာနိုင်ပါ့မလဲ’


ကျွန်မမှာ သွေးသားဖြင့်ဆက်စပ်သည့် တူ တူမတွေ ရှိသည်။ ကျွန်မနှင့် ယုံကြည်ချက်ခြင်း တန်ဖိုးချင်းတူသူတွေလည်း ပါနိုင်သည်။ သွေးသားမတော်စပ်ပေမယ့် ယုံကြည်ချက် ခံယူချက် နှလုံးသားတွေဖြင့် ဆက်စပ် ချိတ်ဆက်ထားသည့် လူငယ်လေးတွေရှိသည်။


ပို၍ကောင်းမွန်တိုးတက်သော စိမ်းလန်းစိုပြေသော မြန်မာနိုင်ငံကို ဖန်တီးဖို့ လူငယ်တွေကို ကျွန်မ မျှော်လင့်ပါသည်။


x x x x x

ဂျူး

စံပယ်ဖြူ မဂ္ဂဇင်း၊ အမှတ် (၁) ဇန်နဝါရီ၊ ၂၀၀၉ စာမျက်နှာ ( ၈၆- ၈၉)



သွေးနှင့်ချွေးဖြင့် ရင်းခဲ့ရသည့် အာရှ၏သမိုင်းသင်ခန်းစာ

ပညာတတ်များသည် စာအုပ် စာပေကိုသာ အလေးထားတတ်ကြပြီး

လူထုအမြင်ကို အလေးမထားတတ်ကြပေ။

သာမန်ပြည်သူလူထုများအနေနှင့်လည်း

ပညာတတ်များ အသည်းအသန် ဆွေးနွေးငြင်းခုန်ကြလေ့ရှိသော

သီဝရီ၊ သဘောတရား အယူအဆများအပေါ်

စိတ်ဝင်စားမှု နည်းပါးလှသည်။



စိုးဌေး


၂၀ ရာစုကို အာရှတိုက်အနေနှင့် အဓိပ္ပာယ်ဖွင့်ဆိုရမည်ဆိုလျှင် နယ်ချဲ့ဆန့်ကျင်ရေး အမျိုးသား လွတ်မြောက်ရေး လှုပ်ရှားမှုများ၏ ရာစုနှစ်ဟူ၍သာ ဆိုထိုက်ပါသည်။


စင်စစ်အားဖြင့် ရာစုနှစ်အချို့ ကြာမြင့်ခဲ့သည့် အာရှမှ အမျိုးသားအသီးသီး ပြည်သူများ၏ နယ်ချဲ့ဆန့်ကျင်ရေးလှုပ်ရှားမှုများကြောင့် ပထမဆုံးသော လွတ်မြောက်ရေးအသီးအပွင့်ကို တွေ့မြင်ခဲ့ကြရသည်မှာ နှစ်ပေါင်း ၁၁၀ တိုင်ကြာ ညောင်းခဲ့ပြီဖြစ်၏။


အတိအကျအားဖြင့် ၁၈၉၈ ခု ဇွန်လ ၁၂ ရက်နေ့၊ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့၏ တောင်ဘက်ရှိ ကဝစ် KAWIT (ယခင် Cavite AI Viejo) ဒေသတွင် ဖိလစ်ပိုင်လူမျိုး ဗိုလ်ချုပ်ကြီး အီမီလီယို အဂွီနယ်လ်ဒို (Emilio Aguinaldo) က နယ်ချဲ့ဆန့်ကျင်ရေး ပြည်သူ့လွတ်မြောက်ရေး လှုပ်ရှားမှု၏ ပထမဆုံး အချက်ပေးသေနတ်သံကို ပစ်ဖောက်ခဲ့ခြင်းဖြစ်သည်။


အဆိုပါနေ့တွင် ဖိလစ်ပိုင်အမျိုးသားတရပ်လုံးတို့သည် စပိန်ကိုလိုနီတို့၏ နှစ်ပေါင်း ၃၃၃ နှစ်တိုင် ဖိနှိပ်၊ သွေးစုပ်အုပ်ချုပ်မှုအောက်မှ ပထမဆုံး ရုံးထ အုံကြွတော်လှန်လိုက်ကြပြီဖြစ်ကြောင်းကို အဂွီနယ်လ်ဒိုက အတိအလင်း သဘောထား ထုတ်ပြန်ကြေညာလိုက်သည်။


အနောက်တိုင်း ကိုလိုနီအုပ်စိုးမှုတို့ နှစ်ဝက်ကျော်ကြာ တုံ့ပြန်တိုက်ခိုက်ပြီးနောက် ၁၈၉၉ ခု ဇန်နဝါရီလတွင် ပထမဆုံး ဖိလစ်ပိုင်နိုင်ငံ၏ လွတ်လပ်ရေးကို ကြေညာပေးနိုင်ခဲ့သည်။


သို့ပြင် အာရှတိုက် အမျိုးသားပြည်သူများထဲမှ ဖိလစ်ပိုင်နိုင်ငံက ပထမဆုံး လွတ်လပ်ရေး၏ အရသာကို မြည်းစမ်းခွင့်ရခဲ့သည်မှာ ၂၀၀၉ ခုနှစ်၊ ဇန်နဝါရီလဆိုလျှင် နှစ်ပေါင်း ၁၁၀ တိတိ တိုင်ခဲ့ပြီဖြစ်ပါသည်။


သို့သော် ဖိလစ်ပိုင်နိုင်ငံ၏ ပထမဆုံး အချုပ်အခြာအာဏာပိုင်ခွင့်ရှိသော လွတ်လပ်ရေး သက်တမ်းမှာ ၂ နှစ် ခန့်သာ ကြာညောင်းခဲ့သည်။ နောက်ပိုင်းတွင် ကိုလိုနီအရှင်သခင်ဟောင်း စပိန်တို့၏ အရိုက်အရာကို လက်သစ်ကိုလိုနီ အမေရိကန်တို့က လွှဲပြောင်းဆက်ခံခဲ့ပြန်သည်။


သို့ဖြင့် ဖိလစ်ပိုင်ပြည်သူများအနေနှင့် ၁၉၄၆ ခုနှစ်တိုင် ရာစုနှစ် တဝက်ကျော်မျှ နယ်ချဲ့ဆန့်ကျင်ရေးတိုက်ပွဲကို ဆင်နွှဲပြီး အချုပ်အခြာ အာဏာပိုင်နိုင်ငံအဖြစ် ထူထောင်နိုင်ရန် လုံးပမ်းတိုက်ခိုက်ခဲ့ကြရသည်။


ဖိလစ်ပိုင်နိုင်ငံက စတင်ပစ်ဖောက် အချက်ပေးလိုက်သော လွတ်လပ်ရေးတိုက်ပွဲမီးကျည်၏ ထိန်ညီးတောက်ပစွာ လမ်းပြခဲ့သော အလင်းရောင်အောက်တွင် အခြားသော အာရှညီအကိုများကလည်း ဆက်လက် လိုက်ပါလျှောက်လှမ်းခဲ့ကြသည်။


သို့ဖြင့် ဒုတိယကမ္ဘာစစ်၏ နှောင်းပိုင်းအချိန်မှစပြီး အာရှနိုင်ငံအများစု အချုပ်အခြာအာဏာပိုင်နိုင်ငံအဖြစ် လွတ်လပ်ရေး ရလာခဲ့ကြသည်။

  • ၁၉၂၄ ခုနှစ်တွင် မွန်ဂိုလီးယား၊ ပြည်သူ့သမ္မတနိုင်ငံကို တရားဝင်ထူထောင်နိုင်ခဲ့သည်။
  • ၁၉၄၅ ခုနှစ်တွင် ကိုရီးယား၊ ဗီယက်နမ်၊ အင်ဒိုနီးရှားတို့ လွတ်လပ်ရေးရခဲ့ကြသည်။
  • ၁၉၄၆ ခုနှစ်တွင် ဖိလစ်ပိုင်တို့ လွတ်လပ်သော အချုပ်အခြာအာဏာပိုင်နိုင်ငံ ဖြစ်လာခဲ့သည်။
  • ၁၉၄၇ ခုနှစ်တွင် အိန္ဒိယနှင့် ပါကစ္စတန်နိုင်ငံတို့ လွတ်လပ်ရေး ကြေညာနိုင်ခဲ့သည်။
  • ၁၉၄၈ ခုနှစ်တွင် မြန်မာ၊ သီရိလင်္ကာနှင့် မလေးရှားတို့ အချုပ်အခြာအာဏာပိုင် လွတ်လပ်သော နိုင်ငံများ ဖြစ်လာခဲ့သည်။
  • ၁၉၄၉ ခုနှစ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ထူထောင်နိုင်ခဲ့ကြသည်။

ထို့နောက် ၁၉၉၇ ခုမှာ ဟောင်ကောင်ကျွန်း၊ ၁၉၉၉ ခုတွင် မကာအိုနယ်မြေတို့ကို ပြည်လည် လွှဲပြောင်းရယူနိုင်ခဲ့သည်။


ထို့ကြောင့် လွတ်လပ်သော အာရှကုန်းမြေကြီး ထူထောင်နိုင်ရေးအတွက် နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှုများကို နှစ်ပေါင်း ၁၀၀ တိုင် လုံးပမ်းတိုက်ခိုက်ခဲ့ကြရသည်။


အာရှနိုင်ငံများစွာတို့ လွတ်လပ်ရေးရခဲ့ကြသည်မှာ ရာစုနှစ်ဝက်ခန့် ကြာညောင်းခဲ့ပြီဖြစ်သော်လည်း အာရှတိုက်တတိုက်လုံး ကိုလိုနီထမ်းပိုးအောက်မှာ လွတ်လွတ်ကျွတ်ကျွတ် ရုန်းထွက်နိုင်ခဲ့ကြသည်မှာ ဆယ်စုနှစ် တခုမျှသာ ရှိပါသေးသည်။


အာရှနိုင်ငံများအနေနှင့် ထိုသို့ အမျိုးသားလွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာပိုင်မှုကို ပြန်လည်ရယူနိုင်ခဲ့သည့်တိုင် အနောက်တိုင်း၏ အတွေးအခေါ်၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုအရ လွှမ်းမိုးကြီးစိုးထားမှု အသွင်သဏ္ဌာန် အမျိုးမျိုးတို့အောက်မှ ရုန်းထွက်နိုင်ရန် ဆက်လက်ကြိုးပမ်း အားထုတ်နေရဆဲပင် ဖြစ်သည်။


တချိန်တည်းမှာပင် ဂလိုဘယ်လိုက်ဇေးရှင်းဖြစ်စဉ်တွင် အမျိုးသားအကျိုးစီးပွား ထိန်းသိမ်းကာကွယ်ရင်း၊ ဖွံ့ဖြိုးတိုးတက်အောင်မြင်ရေး အတွက်လည်း လုံးပမ်းတိုက်ခိုက်နေရသည်။


ပြီးခဲ့သည့် အာရှစီးပွားရေး အကျပ်အတည်းကာလ ၁၉၉၈ အတွင်း အာရှနိုင်ငံများ ရင်ဆိုင်ကြုံတွေ့ခဲ့ရသော အခြေအနေက အနောက်ဥရောပနှင့် အမေရိကန်နိုင်ငံတို့၏ နိုင်ငံတကာဘဏ္ဍာရေး နှင့် စီးပွားရေးအပေါ် မည်မျှကြီးစိုးလွှမ်းမိုးနိုင်စွမ်းရှိသည်ကို ရောင်ပြန်ဟပ်ပြလျှက်ရှိသည်။


ထိုစဉ်က အမေရိကန်နိုင်ငံ ဘရက်တန်ဝုဒ် အစည်းအဝေးမှ မွေးထုတ်ခဲ့သော ကမ္ဘာ့ဘဏ်နှင့် ငွေကြေးရန်ပုံငွေ အဖွဲ့ (IMF) ကြီးတို့၏ ခြယ်လှယ်မှုအောက်တွင် အင်ဒိုနီးရှား၊ ထိုင်းနှင့် ကိုရီးယားနိုင်ငံတို့၏ ဘဏ္ဍာရေးစနစ်များ ပြိုလဲသွားခဲ့ရပြီး၊ စီးပွားရေး ဖရိုဖရဲဖြစ်ကာ နိုင်ငံရေးမတည်ငြိမ်မှုများ ဖြစ်ထွန်းပေါ်ပေါက်ခဲ့ရသည်။


ဂလိုဘယ်လိုက်ဇေးရှင်းခေတ်တွင် အမေရိကန်စီးပွားရေး နှာစေးချောင်းဆိုးဖြစ်လျှင် အာရှစီးပွားရေးမှာ အဆုတ်အအေးမိကာ ရင်ကြပ်ပန်းနာရောဂါအဖြစ်သို့ ကူးပြောင်းသွားတော့သည်။


ယခု ၂၀၀၈ ခုနှစ်တွင် အမေရိကန်ဘဏ္ဍာရေးနှင့် စီးပွားရေးကပ်ဆိုက်တော့မည့် အနေအထားသို့ရောက်လာသည်နှင့် ၎င်း၏ ဒဏ်ရာဒဏ်ချက်များကို အာရှ၊ အာဖရိက၊ လက်တင်- အမေရိကနိုင်ငံများက မလွှဲမရှောင်သာစွာ ခါးစည်းပြီး ခံကြရတော့မည်။


ဤသည်မှာ ကမ္ဘာ့ဘဏ္ဍာရေးနှင့် စီးပွားရေးအဆောက်အအုံများကို အမေရိကန်-ဥရောပ အကျိုးစီးပွား ကာကွယ်ထိန်းသိမ်းရေးအတွက် ပုံစံချတည်ဆောက်ထားခဲ့ကြ၍ပင်ဖြစ်သည်။


ယင်းသို့ ဘက်လိုက်မှုရှိစွာ မမျှမတ၊ အထက်စီးရယူထားသော နိုင်ငံတကာ ဘဏ္ဍာရေးနှင့် စီးပွားရေး အဆောက်အအုံများ၏ ဖွဲ့စည်းပုံများ၊ ပြုပြင်ပြောင်းလဲရေးအတွက် အာရှ၊ အာဖရိက၊ လက်တင်-အမေရိကနိုင်ငံများအနေနှင့် စည်းလုံးညီညွတ်စွာ တိုက်ပွဲဝင်ရမည့်ခေတ်သဘောသို့ ရောက်ရှိနေပြီဖြစ်သည်။


အမျိုးသားစီးပွားရေး၊ လွတ်လပ်စွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတကာအဖွဲ့အစည်းပုံစံများနှင့် ဂလိုဘယ် အရင်းအနှီးများ၏ ခြယ်လှယ်လွှမ်းမိုးမှုအောက်မှ လွတ်မြောက်ရေးမှာ ယနေ့ အရေးတကြီးဖြေရှင်းရမည့် ပြဿနာများအနေအထားသို့ ရောက်ရှိလာလေပြီ။


ထိုသို့ ဘဏ္ဍာရေးနှင့် စီးပွားရေးအရ လွတ်မြောက်ရေးတိုက်ပွဲ အတွေ့အကြုံများမှ သွေး၊ ချွေး အရင်းအနှီးပေးခဲ့ရသော သင်ခန်းစာများကိုလည်း လေ့လာပေါင်းချုပ် သင်ခန်းစာထုတ်ကြရန် လိုအပ်ပါလိမ့်မည်။



အမျိုးသား လွတ်မြောက်ရေးတိုက်ပွဲ၏ သင်ခန်းစာများမှ မည်သို့နည်း


(၁) ပညာတတ်များ မွေးထုတ်ရေး


အာရှတိုက်မှ နယ်ချဲ့ဆန့်ကျင်ရေး-အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှုများကို ခေါင်းဆောင်သူ အားလုံးနီးပါးမျှသည် ပညာတတ် များဖြစ်ကြသည်။


အိန္ဒိယမှ ဂန္ဒီ (Gandhi)၊ ပါကစ္စတန်မှ မိုဟာမက် အလီဂျင်းနား (Mohammad Aluminah) နှင့် စင်ကာပူနိုင်ငံမှ လီကွမ်ယူး (Lee Kuan Yew) တို့သည် ဗြိတိသျှပညာရေးစနစ်က မွေးထုတ်ပေးလိုက်သော ရှေ့နေကြီးများဖြစ်ကြသည်။


ဖိလစ်ပိုင် မျိုးချစ်သူရဲကောင်း ဂျိုဆေရီဇော်မှာ ဆရာဝန်ကြီးတဦးဖြစ်၍ သူ၏ဆေးခန်းကို မနီလာမြို့တော်တွင် ဖွင့်လှစ်ထားခဲ့သည်။


တရုတ်အမျိုးသားရေးလှုပ်ရှားမှုခေါင်းဆောင် ဒေါက်တာ ဆွန်ယက်ဆင် (Dr. Sun Yat Sen) မှာ ဗြိတိသျှတို့၏ ဟောင်ကောင် ဆေးတက္ကသိုလ်မှ ဘွဲ့ရလာခဲ့သူတဦးဖြစ်သည်။


ဥက္ကဋ္ဌကြီးမော် (Chairman Mao) သည်ပင်လျှင် အထက်တန်းပညာများ ပြီးဆုံးအောင် မသင်ကြားခဲ့ရသည့်တိုင် ရာသက်ပိုင် စွဲမြဲစွာ လေ့လာ စာရေး စာဖတ်ခဲ့သူတဦး ဖြစ်သည်။


မြန်မာပြည်၏ နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲ ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းသည် တက္ကသိုလ်ဘွဲ့ရ ပညာတတ်တဦးဖြစ်ခဲ့ရုံမျှမက (တ၊ က၊ သ) ဥက္ကဋ္ဌတဦးလည်း ဖြစ်သည်။ ကျောင်းသားခေါင်းဆောင်ဘဝမှ မျိုးချစ်လူငယ်များ၏ ‘ဒို့ဗမာအစည်းအရုံး’ သို့ ကူးပြောင်းကာ နိုင်ငံရေးခေါင်းဆောင်တဦး ဖြစ်လာခဲ့ခြင်းဖြစ်သည်။


ချုပ်ကြည့်လျှင် ပညာရေးသည် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ဆေးဝါး၊ ယာဉ်ရထားတစီးသာလျှင် ဖြစ်သည်။ ပညာရေးက လူတို့၏ အသိအမြင်၊ မိုးကုပ်စက်ဝိုင်းကို ချဲ့ထွက်ပေးနိုင်မည်။ ပညာရေးက ခေါင်းဆောင်မှုအနုပညာမှ တိုက်ပွဲနည်းနာများအထိ ညွှန်ပြပေးနိုင်စွမ်းရှိသည်။ ပညာရေးက တရားမှုနှင့် မတရားမှု၊ အမှားနှင့်အမှန်တို့ကို ဝေဖန်ပိုင်းခြားနိုင်စွမ်း ရှိစေသည်။


ပညာတတ်မြောက်မှုကြောင့်ပင် ကျွန်မှ သခင်ဘဝ၊ ကိုလိုနီအဖြစ်မှ လွတ်မြောက်မှုရလာခဲ့ကြခြင်းဖြစ်သည်။ ယနေ့ကဲ့သို့ အသိပညာများအလင်း အလျင်နှုန်းဖြင့် ကမ္ဘာကြီးကို လှည့်ပတ်နေသော ပညာခေတ်သမယမျိုးတွင် အရာရာမှာ ပညာသာလျှင် အခရာဖြစ်ပါလိမ့်မည်။


(၂) လူထုအမြင်


အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲ အောင်ပွဲခံနိုင်ရေးအတွက် ‘ပညာ’နှင့်အတူ ပူးတွဲလိုက်ပါလာကြရမည်မှာ ‘လူထုအမြင်’သာဖြစ်သည်။

လူထုအမြင်ဆိုသည်မှာ ပြည်သူလူထု၏ ခံစားချက်၊ စဉ်းစားမှု အမြင်သဘောထားများကို မလွဲမသွေရယူရေးပင်ဖြစ်သည်။


ပညာတတ်များသည် စာအုပ် စာပေကိုသာ အလေးထားတတ်ကြပြီး လူထုအမြင်ကို အလေးမထားတတ်ကြပေ။ သာမန်ပြည်သူလူထုများ အနေနှင့်လည်း ပညာတတ်များ အသည်းအသန် ဆွေးနွေးငြင်းခုန်ကြလေ့ရှိသော သီဝရီ၊ သဘောတရား အယူအဆများအပေါ် စိတ်ဝင် စားမှု နည်းပါးလှသည်။


ဤ ‘ပညာ’ နှင့် ‘ပြည်သူ’ပြဿနာကို မှန်ကန်စွာ မပြောင်းနိုင်ပါက တော်လှန်ရေးကို အောင်ပွဲဆီသို့ ပို့ဆောင်ပေးနိုင်စရာ အကြောင်းအချက် မပြည့်စုံနိုင်တော့ပေ။


တရုတ်ပြည်တော်လှန်ရေးကာလ ၁၉၂၁ ခုနှစ်က မော်စီတုံးသည် တရုတ်ပြည်ကွန်မြူနစ်ပါတီထဲသို့ ဝင်ရောက်ခဲ့သည်။

ထိုစဉ်က ယူနန်လယ်သမားသူပုန်ပေါက်စကို ပညာတတ် ဗဟိုကော်မတီအများစုက သဘော မကျကြပေ။ မော်စီတုံးကလည်း နိုင်ငံခြားပြန် ပညာတတ်များ၏ သဘောတရား အယူအဆများကို လက်မခံနိုင်ပေ။


ဆိုဗီယက်ပြန် ပညာတတ် သဘောတရားဆရာများ၏ ပြည်ပမှ တင်သွင်းသော လမ်းစဉ်လုပ်ငန်းများ၏ မှားယွင်းမှုကြောင့် မော်စီတုံး၏ ကျင်ကန်းမန်း လယ်သမား အခြေခံ တော်လှန်ရေးဒေသများ ဆုံးရှုံးပျက်စီးပြီး ကမ္ဘာကျော်ခရီးရှည်ချီတက်ပွဲ (ဆုတ်ခွာမှု) ကြီးကို ဆင်နွှဲခဲ့ရသည်။


ထိုစဉ်က အောင်ပွဲခံခဲ့သော မော်စီတုံးလမ်းစဉ် မော်-ဝါဒဆိုသည်မှာ အများစု ပြည်သူလူထုဖြစ်သော လယ်သမားများ၏ ဘဝပြဿနာ ခံစားမှု လိုလားချက်များကို ဘဘောတရားဖြင့် ပေါင်းစပ်ပုံဖော်ထားခြင်းဖြစ်သည်။


ထိုသို့ ပညာနှင့် ပြည်သူကို အနုပညာမြောက်စွာ ပေါင်းစပ်ပေးနိုင်သဖြင့် မော်စီတုံးအတွေးအခေါ်ဟူ၍ ဖြစ်လာပြီး တရုတ်ပြည် တော်လှန်ရေး အောင်ပွဲခံနိုင်ခဲ့ခြင်းဖြစ်သည်။


အာရှတိုက်၏ အတွေ့အကြုံအရ ပညာနှင့် ပြည်သူ့ပြဿနာကို မှန်ကန်စွာ မဖြေရှင်းနိုင်ခဲ့သဖြင့် ကမ္ဘောဒီးယားတော်လှန်ရေး ရှုံးနိမ့်ပြိုကွဲခဲ့ရခြင်းဖြစ်သည်။


လယ်သမားသူပုန်ခေါင်းဆောင် ခမာနီများ အာဏာရလာချိန်မှာ ပညာတတ်များအပေါ် အမြင်သဘောထားလွဲမှားကာ နှိပ်ကွပ်သတ်ဖြတ်ခဲ့ကြသဖြင့် သန်းနှင့်ချီ၍ သေခဲ့ကြရသည်။ ခမာနီတော်လှန်ရေးလည်း ပြိုကွဲပျက်စီးခဲ့ရသည်။ ထိုသည်မှာ အာရှ၏ သွေးနှင့်ရင်းနှီးရယူခဲ့ရသော သင်ခန်းစာကြီး ဖြစ်ပေသည်။


(၃) ခေါင်းဆောင်မှုပြဿနာ


အာရှ၏နယ်ချဲ့ဆန့်ကျင်ရေး အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုအဆင့် အသီးသီးတွင် ကြီးကျယ် ထင်ရှားသော အမျိုးသား ခေါင်းဆောင်ကြီးများ နိုင်ငံအသီးသီးတွင် ပေါ်ထွန်းလာခဲ့ကြသည်။ အိန္ဒိယတွင် ဂန္ဒီ၊ ပါကစ္စတန်မှ ဂျင်းနား၊ တရုတ်ပြည်မှ မော်စီတုံး၊ အင်ဒိုနီးရှားမှ ဆူကာနို၊ ဗီယက်နမ်မှ ဟိုချီမင်း၊ ဖိလစ်ပိုင်မှ ဂျိုဆေ ရီဇော်၊ မြန်မာပြည်မှ ဗိုလ်ချုပ်အောင်ဆန်း စသည့် အဆိုပါပုဂ္ဂိုလ်ကြီးများ အမျိုးသားခေါင်းဆောင် ဖြစ်လာရသည့် အဓိကအကြောင်းရင်းမှာ မျိုးချစ်စိတ်ဓာတ်အခြေခံပေါ်တွင် ‘ပညာ’နှင့် ‘ပြည်သူ’ ကို အနုပညာမြောက်စွာ ပေါင်းစပ်နိုင်သောကြောင့်ဖြစ်သည်။


စင်ကာပူမှ အမျိုးသားခေါင်းဆောင်ကြီး လီကွမ်ယူသည် ကိန်းဘရစ်တက္ကသိုလ်မှ ဘွဲ့နှစ်ခုကို ဂုဏ်ထူးဖြင့် ရယူအောင်မြင်ခဲ့သူဖြစ်၏။ ကိုရီးယားခါင်းဆောင်ကြီး ဆစ်ဂမန်းရီး (Sygman Rhee)သည်လည်း ပရင်စတန် တက္ကသိုလ်မှ ပါရဂူဘွဲ့ ရယူခဲ့သူတဦးပင်ဖြစ်သည်။ သူတို့သည် အဆင့်မြင့် ပညာရပ်များကို လမ်းပေါ်မှ လူထုကြီးနားလည်အောင် ရှင်းလင်း လှုံ့ဆော်စည်းရုံးနိုင်ခဲ့ကြသူများ ဖြစ်ကြသည်။


ထို့အတူ မော်စီတုံးကလည်း မာ့က်စ်ဝါဒကို တရုတ်လယ်သမားများ နားလည်အောင် ဘာသာပြန်ဆိုနိုင်စွမ်းရှိသူတဦး ဖြစ်ခဲ့သည်။ အလားတူ ဗီယက်နမ်မှ ဟိုချီမင်း (Ho Chi Min) နှင့် အင်ဒိုနီးရှားမှ ဆူကာနိုတို့က ကိုလိုနီနယ်ချဲ့သမားဆိုသော စကားလုံးကို ပြည်သူများနားလည်အောင် စည်းရုံးလှုံ့ဆော်နိုင်စွမ်း ရှိခဲ့ကြသည်။


အိန္ဒိယအမျိုးသားခေါင်းဆောင်ကြီး ဂန္ဒီ၏ အကြမ်းမဖက်ရေးလမ်းစဉ်ကြောင့် ပြည်သူလူထုအနေဖြင့် လတ်တလော အကျိုးရလဒ် မခံစားရသည့်အပြင် နယ်ချဲ့သမားတို့၏ ရိုက်နှက်၊ သတ်ဖြတ်၊ ထောင်ကျပင်ခံခဲ့ကြရသည်။


သို့သော် ဂန္ဒီ၏ စိတ်ဓာတ်ရေးရာ ကြီးကျယ်မြင့်မြတ်မှုက ပြည်သူတရပ်လုံး၏ အသဲနှလုံးကို သိမ်းကျုံး ဆွဲဆောင် လွှမ်းမိုးနိုင်ခဲ့သည်။ ထို့ကြောင့်လည်း ဂန္ဒီ၏ ‘ဆားတိုက်ပွဲ’ နောက်သို့ အိန္ဒိယပြည်သူ သန်းငါးရာတို့ လိုက်ပါခဲ့ကြခြင်းဖြစ်သည်။ ခြုံ၍ပြောရလျှင် ‘ခေါင်းဆောင်မှု ပြဿနာ’ကို အာရှတိုက်က ‘ပညာ’နှင့် ‘ပြည်သူ’ပေါင်းစပ်ခြင်းဖြင့် ဖြေရှင်းခဲ့သည်။


(၄) ထက်သန်မြင့်မားသော အမျိုးသားရေးစိတ်ဓာတ်


အာရှ၏ နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲသည် ထက်သန်မြင့်မားသော အမျိုးသားရေးစိတ်ဓာတ်၏ တွန်းအားဖြင့် အောင်ပွဲဆီသို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။ အိန္ဒိယမှ ဂန္ဒီ၊ ဖိလစ်ပိုင်မှ ဂျိုဆေရီဇော်၊ မြန်မာပြည်မှ ဗိုလ်ချုပ်အောင်ဆန်းတို့က ထက်သန်မြင့်မားသော အမျိုးသားရေး စိတ်ဓာတ်ကို အသက်သွေးစတေးခံကာ စံပြနမူနာ ပြသွားခဲ့ကြသည်။


အင်္ဂလန်ပြန် ဂန္ဒီသည် ကိုလိုနီဘဝ ကျရောက်နေသော အိန္ဒိယမှ အဆင်းရဲဆုံး အနိမ့်ကျဆုံး ပြည်သူများ၏ဘဝကို ဒိုတီ တထည်၊ မြက်ဖျာတချပ်၊ ဗိုင်းငင်ကိရိယာ တခုဖြင့် စံပြုသွားခဲ့သည်။ အိန္ဒိယလွတ်လပ်ရေးအတွက် အင်္ဂလန်သို့ သွားရောက်ဆွေးနွေးရာတွင် အပိုပစ္စည်း ဟူ၍ ဂန္ဒီအတွက် ဆိတ်တကောင်သာ ပါသွားခဲ့သည်။


အလားတူ မြန်မာလွတ်လပ်ရေးအတွက် အင်္ဂလန်သို့ သွားရာတွင် ထည်ဝါခန့်ညားစွာ ဗိုလ်ချုပ်အောင်ဆန်း ဝတ်ဆင်ထားသော ဂရိတ်ကုတ် (Great Coat) ကြီးမှာ လည်း သူ၏ မြင်မကောင်းတော့သည့် ဖက်ဆစ်တော်လှန်ရေးကာလက စစ်ဝတ်စုံကြီးကို နယူးဒေလီလေဆိပ် အတွင်း နေရူးက အတင်းချွတ်ခိုင်းကာ ချက်ချင်းချုပ်ပေးလိုက်သည့် တခုတည်းသော ဝတ်စုံသာဖြစ်သည်။


စင်စစ်အားဖြင့် ထက်သန်မြင့်မားသော မျိုးချစ်စိတ်ဓာတ်ဆိုသည်ကို အာရှခေါင်းဆောင်များက အကြွင်းမဲ့ ကိုယ်ကျိုးစွန့်လွှတ်မှု စိတ်ဓာတ်ဖြင့် အသက်ပေးပြသွားခဲ့ကြခြင်းသာဖြစ်သည်။ ထို့ကြောင့်လည်း ဂန္ဒီ၊ ဟိုချီမင်း၊ ဗိုလ်ချုပ်အောင်ဆန်းတို့လို ပုဂ္ဂိုလ်များကို ပြည်သူတွေက မမေ့၊ အာရှက မမေ့၊ ကမ္ဘာကြီးကလည်း မမေ့နိုင်ခဲ့ကြပေ။


မည်သို့ပင်ဖြစ်စေ ယနေ့ကဲ့သို့သော ကလိုဘယ်လိုက်ဇေးရှင်းခေတ်သမယမျိုးတွင် အမျိုးသားရေးပြဿနာအပေါ် မှန်ကန်စွာ ကြည့်မြင်သဘောထားနိုင်ရေးမှာ အရေးကြီးပါသည်။ အမျိုးသားရေး စိတ်ဓာတ် ဆိုသည်မှာ မီးကဲ့သို့ပင် သုံးတတ်လျှင် အကျိုးရှိ၍ မသုံးတတ်လျှင် အန္တရာယ်အတိရှိတတ်ကြပါသည်။


အထူးသဖြင့် အမျိုးသားရေးကို လူမျိုးရေး၊ ဘာသာရေးတို့နှင့် ဒွေးရောယှက်တင် မပြုမိရန် ဆင်ခြင်သင့်ပါသည်။


ဂန္ဒီကို လုပ်ကြံသတ်ဖြတ်ခဲ့သူမှာ ကျဉ်းမြောင်းသော လူမျိုးရေးသမား၊ ဘာသာရေး အယူသီးသူ တဦးဖြစ်ပါသည်။ ထို့ပြင် ၁၉၅၆ ခုနှစ်တွင် သီရိလင်္ကာသမ္မတကြီး ကုမာရတွန်ဂါ (Kumara Tunga) ၏ ဖခင်၊ ကွယ်လွန်သူ ဝန်ကြီးချုပ် ဆော်သမွန် ဘန္ဒရာနာကား (S.Bandaranaike) က ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာ၊ ဆင်ဟားလိခ် (Sinhalene) ဘာသာစကားကို ရုံးသုံးဘာသာ စကားအဖြစ် အသိအမှတ်ပြုရန် ဆုံးဖြတ်ခဲ့သည်။


ယင်း၏အကျိုးဆက်အဖြစ် ဆယ်စုနှစ်တခုအတွင်းမှာပင် တမီးလ်ကျား (Tamil Tiger) သူပုန်တို့၏ အမျိုးသားတော်လှန်ရေးတရပ်၊ သီရိလင်္ကာနိုင်ငံတွင် ပေါက်ကွဲပေါ်ထွက်လာတော့သည်။ အာရှတို့၏ အတွေ့အကြုံအရ အမျိုးသားရေးလှုပ်ရှားမှုကို ကျဉ်းမြောင်းသော မျိုးချစ်စိတ်၊ လူမျိုးရေးစိတ်၊ ဘာသာရေး ယုံကြည်မှုတို့နှင့် မရောထွေးဘဲ သီးခြားစီ ခွဲတန့်ထားသင့်ပါသည်။


တချိန်တည်းတွင် ဂလိုဘယ်လိုက်ဇေးရှင်းဖြစ်စဉ်၏ ဖြစ်ထွန်းတိုးတက်မှု ခရီးစဉ်တစ်လျှောက်တွင် အမျိုးသားရေးပြဿနာက အတားအဆီး အဟန့်အတားတရပ် ဖြစ်လာစေရန်သာမက၊ ပေါင်းကူးတံတား ဖြစ်လာစေရန်အထိ အာရှက ဝိုင်းဝန်းကြိုးပမ်းကြရန် လိုအပ်ပါလိမ့်မည်။


နှစ်ပေါင်း (၁၁၀) တိုင်ခဲ့ပြီဖြစ်သော အာရှ၏ နယ်ချဲ့ဆန့်ကျင်ရေးနှင့် အမျိုးသားလွတ်မြောက်ရေး သမိုင်းစဉ်က အစဉ်တစိုက်၊ အလေးအနက်ပြုကာ လေးစားလိုက်နာအပ်သော သင်ခန်းစာ (၄)ရပ်ကို ထိုသို့ ထုတ်နှုတ်ပေါင်းချုပ်ပေးခဲ့ပြီ ဖြစ်ပါသည်။ ၎င်းတို့မှာ -


(၁) ပညာတတ်များ မွေးထုတ်ပါ
(၂) လူထုအမြင် စိုက်ထူပါ
(၃) ခေါင်းဆောင်မှုကို ထူထောင်ပါ
(၄) အမျိုးသားရေး အလေးဂရုပြုပါ


၂၁ ရာစုတွင် အာရှတိုက်အနေနှင့် အမျိုးသားရေးမှသည် ဒီမိုကရေစီရေးနှင့် ဖွံ့ဖြိုးရေးလမ်းကြောင်းအတိုင်း ချီတက်လိုက်ပါကြရဦးမည် ဖြစ်ပါသည်။


ဤခရီးစဉ်တွင်လည်း အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲက သွေး၊ ချွေး၊ အသက်များစွာ စတေး၍ ရယူခဲ့ရသော သင်ခန်းစာများမှာ ဆက်လက်အသုံးဝင် ရှင်သန်နေဦးမည်သာ ဖြစ်ပါသည်။


ယခုအခါ နယ်ချဲ့ကိုလိုနီဆက်ဆံရေးတို့ ခေတ်ကုန်တိမ်ကောသွားသည့်တိုင် ဖွံ့ဖြိုးပြီးနှင့် ဖွံ့ဖြိုးဆဲတို့အကြား ဈေးကွက်အရင်းအနှီးနှင့် နည်းပညာကို အကြောင်းပြု၍ ဖြစ်ပေါ်လာသော အကျိုးစီးပွား ခွဲဝေမှုဆိုင်ရာ တန်းတူရေးနှင့် တရားမျှတရေးတိုက်ပွဲက ဆက်လက်တည်ရှိနေဦးမည်သာ ဖြစ်သည်။


အာရှတိုက်အနေနှင့် ဂလိုဘယ်လိုက်ဇေးရှင်း ခေတ်သမယတွင် ပေါ်ပေါက်လာမည့် တိုက်ပွဲပုံစံသစ်များကို သမိုင်းက အမွေပေးခဲ့သည့် သင်ခန်းစာများကို ဆုပ်ကိုင်ရင်း စည်းလုံးညီညွတ်စွာ ရင်ဆိုင်နိုင်ရန် အသင့်ပြင်ထားဖို့ အထူးလိုအပ်နေချိန်ဖြစ်သည်။


Ref: Asiaweek June- 1998

x x x x x

စိုးဌေး
စံပယ်ဖြူ မဂ္ဂဇင်း၊ အမှတ် (၁) ဇန်နဝါရီ၊ ၂၀၀၉ စာမျက်နှာ (၂၁၄- ၂၁၉)