Tuesday, February 3, 2009

စိတ်၏စေရာ

အုပ်စိုးနိုင်


သည်အကြောင်းကလေးများကို ရေးချင်နေခဲ့သည်မှာကြာပါပြီ။ အခွင့်အခါ မသာခဲ့။ ကျနော်မွေးဖွားခဲ့ရာ ဇာတိမြို့ကလေးမှ လူ ၂ ယောက်ကို ၈ နှစ်ကျော်ကြာ ကွဲကွာနေခဲ့ရပြီးမှ တယောက်ကို တနေရာစီမှာ ပြန်တွေ့ခဲ့ရပါသည်။


တိုက်တိုက်ဆိုင်ဆိုင် ၂ဝဝဝ ခုနှစ်၊ ဒီဇင်ဘာမှာချည်းပဲ ဖြစ်ပါသည်။ သူတို့ ၂ ယောက်ရဲ့ဇာတ်လမ်း ၂ ပုဒ်ထဲက ကျနော့်မှာ သင်ခန်းစာတွေ တလှေကြီးရလိုက်သည်။ ကိုယ့်ကိုယ်ကိုလည်း မကြာခဏ ပြန်စစ်ဆေးနေမိသည်။


ငါ ဘယ်သူနဲ့သွားပြီးတူနေသလဲ။


၂ဝဝဝ ခုနှစ်၊ ဒီဇင်ဘာလဆန်း ၂ ရက်နေ့က ကျနော်ကိစ္စတခုဖြင့် ဘန်ကောက်မှာ ရှိနေခဲ့သည်။ မြို့ရောက် တောသားတို့၏ထုံးစံအတိုင်း ကုန်တိုက်ကြို ကုန်တိုက်ကြား၊ ပျားပန်းခတ်သလို သွားလာနေချိန် ရုတ်တရက် လူတယောက် လက်လာဆွဲခြင်းကို ခံလိုက်ရသည်။


“အကို … ကျနော့်ကို မှတ်မိလား”


အမှန်အတိုင်းဝန်ခံရလျှင် ကျနော် သူ့ကိုချက်ချင်း မမှတ်မိခဲ့ပါ။ မဲဆောက်မှာတုန်းက သိတာလား၊ စံခရဘူရီက လူလား၊ မရေမရာ။


ဘန်ကောက်မြို့လယ်ခေါင်မှာ မြန်မာလိုလာနှုတ်ဆက်နေမှတော့ ဝမ်းသာစိတ်နဲ့ ဦးနှောက်ကို မြန်မြန်အလုပ်ပေးလိုက်ရသည်။

ဒါပေမယ့် ကျနော့်စိတ်ထဲမှာ ဇဝေဇဝါ ၊ ABSDF တပ်ဖွဲ့ဝင်ဟောင်း တယောက်များဖြစ်နေသလား … အားနာစရာကောင်းသော တုန့်ဆိုင်းမှုကို ချာတိတ်က ချက်ချင်းရိပ်မိသွားပါသည်။


“အကို … ကျနော် ဖိုးကျော်လေ”


ဘယ်ကဖိုးကျော်လဲ … စခန်းသစ်ကများလား … ကျနော်မင်သက်မိနေဆဲ။


“အကို … ကျနော် အကိုတို့နောက်ဖေးအိမ်က ဖိုးကျော်လေ … ကင်းစောင့်တဲ့ ဖိုးကျော်လေ”


အဲ့ဒီတော့မှ ကမ္ဘာကြီးက ကျဉ်းလှချည်လားလို့ တွေးရင်း အလန့်တကြားဖြင့် သူ့ကို သတိရသွားခဲ့ပါသည်။ တကယ်တော့ကျနော် မမှတ်မိသည်မှာ ဘာမှမဆန်းပါ။ ဒီကောင်လေးကို ဒီနေရာမျိုးမှာ ဒီလိုပုံစံမျိုးနှင့်ကြုံရမည်ဟု ကျနော် တခါမှမတွေးဘူးပါ။


လွန်ခဲ့သော ဆယ်နှစ်ကျော်လောက်က ကျနော်တို့အိမ်နောက်ဖေးက ကြယ်မြင် လမြင် တဲကလေးမှာ ဒုက္ခငရဲပေါင်းစုံနှင့် နပမ်းလုံးနေခဲ့ရသော ရပ်ကွက်ထဲမှာ ကင်းအငှားစောင့်သည်ဟု လူတိုင်းကသိကြသော အသားညိုညို ပိန်ပိန်ခြောက်ခြောက်နဲ့ ဖိုးကျော်သည် ယခုတွေ့ရသောဖိုးကျော်နှင့် ဆီနှင့်ရေပမာ ကွာခြားလွန်းလှသည်။


ဆီဝနေသော ဆံပင်၊ စိုပြေသော အသားအရေနှင့် အပြာနုရောင် ရှပ်လက်တိုပေါ်မှာ နက်ကတိုင် နက်ပြာရင့်ရင့်ကလေးကို သပ်ရပ်စွာ စည်းနှောင်ထားသည်။ အထူးသဖြင့် သူ့အပြုံး။ ယခင်တုန်းကကဲ့သို့ နွမ်းနွမ်းဖတ်ဖတ်ကလေး မဟုတ်တော့။ သူ့မျက်လုံးတွေမြင်ရုံနှင့် လက်ရှိ သူ့ဘဝနှင့် သူ့အနာဂတ်ကို ဘာသာပြန်လို့ရသွားတော့သည်။


အဲ့ဒီနေ့က တအံ့တသြနားထောင်ရင်း စကားလက်ဆုံ ပြောမကုန်ခဲ့။ ရေကြောင်း အင်ဂျင်နီယာလေးဖြစ်နေခဲ့သော ကင်းသမားလေး ဖိုးကျော်၏ ဇွဲ၊ လုံ့လ၊ ဝိရိယနှင့် အခက်အခဲပေါင်းစုံကြားထဲမှ သူ ရုန်းကန်ခဲ့ရပုံ၊ ငယ်စဉ်ကတည်းက ရင်ခုန်ခဲ့ရသော သူ့အိပ်မက်အတိုင်း မဖြစ်ဖြစ်အောင် အကောင်အထည်ဖော်ခဲ့ပုံ၊ အလုံးစုံကို ကျနော်သိခွင့်ရခဲ့ပါသည်။


သူနဲ့မခွဲမီ နောက်ဆုံးစကားလေးကို ခုထိ ကျနော်ကြားယောင်နေမိသည်။


“တကယ်တော့ … စိတ်၏စေရာဆိုတာ သိပ်မှန်တယ် အကို၊ ပတ်ဝန်းကျင်တခုလုံးက နလံမထူနိုင်အောင် နှိမ်ခဲ့နင်းခဲ့တဲ့ကြားက ကျနော် ခုလိုဖြစ်လာတာ ‘ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ ဆန္ဒ’၊ အဲ့ဒါဟာ အရေးကြီးဆုံးဖြစ်ခဲ့တယ်လို့ ကျနော်ထင်တယ်။ တကယ်တမ်း ကျနော့် ပန်းတိုင်က လုံးဝ မရောက်သေးဘူး၊ ခုမှ … လမ်းခုလတ်မှာပဲရှိသေးတယ်။ ဒါပေမယ့် ကျနော်ယုံတယ်၊ ကျနော် ကျိန်းသေ ရောက်လိမ့်မယ်”။


စိတ်ဆိုတာ ဒီလောက်ပဲ ကြီးကျယ်ရသလား။ ဥပမာ ဒီကောင်လေး ဒီလောက်ဖြစ်လာရအောင် … စသဖြင့် ကျနော် အလေးအနက်ကြီး တွေးခဲ့မိပါသည်။ သူ့ စကားတွေထဲက တခွန်းသောစကားမှာ ကျနော့်ကို ကြက်သီးမွေးညှင်းထစေခဲ့ပါသည်။


“ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ဆန္ဒ၊ အဲဒါ အရေးအကြီးဆုံးဖြစ်ခဲ့တယ်လို့ ကျနော်ထင်တယ်” တဲ့။


ရက်ပိုင်းအတွင်းမှာပဲ ဘန်ကောက်ကနေ မဲဆောက်ကို ကျနော်ပြန်ခဲ့ပါသည်။ မဲဆောက်မြို့မှာ မြန်မာပြည်သားတိုင်း မသိမဖြစ်တဲ့ စေတနာဆေးရုံလေးတရုံ ရှိပါသည်။ လူတော်တော်များများက လွယ်လွယ်ပဲ ကျောင်းသားဆေးခန်းလို့ ခေါ်ကြသည်။


၂ဝဝဝ ခုနှစ်၊ ဒီဇင်ဘာနောက်ဆုံးပတ်မှာ အဲ့ဒီကျောင်းသားဆေးခန်းလေးကို လူနာတယောက်သွားပို့ရင်း ရောက်ခဲ့ရသည်။ ကျနော်နှင့် ရင်းနှီးတဲ့ ဆေးမှူးတယောက်ကို ဝင်နှုတ်ဆက်ရင်းက အတွင်းလူနာဆောင်ထဲမှာ အမှတ်မထင် ရပ်နေမိခဲ့သည်။ လူနာတွေကို ဖြတ်ကနဲ ဝေ့ကြည့်ခဲ့မိသည်။ ဒါပေမယ့် အမှတ်တမဲ့ပါပဲ။


ချက်ခြင်းပဲ တယောက်ယောက်က ကိုယ့်ကို စူးစိုက်ကြည့်နေသလို ခံစားခဲ့ရသည်။ တကယ်တမ်းမှာလည်း ကျနော့်ကို တစုံတယောက်က စူးစိုက်ပြီး ကြည့်နေခဲ့ပါသည်။ ချက်ချင်းပဲ ကျနော်သိခဲ့ဖူးတဲ့ တယောက်ယောက်ဆိုတာ သေချာသွားပါသည်။


ဒါပေမယ့် (ထုံးစံအတိုင်း) သူ ဘယ်သူဖြစ်မလဲ … ပေါ့။


သူ့ခုတင်နားကို ကျနော် ကပ်သွားတော့၊ သူ ကျနော့်ကို ကြည့်မနေတော့ပါ။ မျက်နှာလွှဲသွားပါသည်။ ကျနော်က မျက်နှာနှင့် တွဲလျှက်ယဉ်ပါးခဲ့ဖူးသော နာမည်ကို ရုတ်တရက် ရေရွတ်လိုက်မိပါသည်။


“ဦးလေးကြည် … များလား”


လူနာက တချက်လှည့်ကြည့်ပါသည်။ သူ့မျက်နှာက တစိမ်းတရံစာတယောက်ကို ကြည့်သလိုမျိုး၊ ဒီလိုနေရာမျိုးမှာ ဘယ်လိုမှမဖြစ်နိုင်ဟု တွေးရင်း လက်လျှော့လိုက်တော့မည့်ဆဲဆဲတွင် လူနာက ကျနော့်ငယ်နာမည်ကိုခေါ်ရင်း မျက်ရည်များက ချက်ချင်း ဝိုင်းလာပါသည်။


“ဖြစ်မှဖြစ်ရပလေ” ယူကြုံးမရဖြစ်ရင်း မျက်နှာကလွဲပြီး အခြားခန္ဓာကိုယ်အစိတ်အပိုင်းများက ဦးလေးကြည်နှင့် လုံးဝမတူတော့သော သူ့ကိုကြည့်ရင်း ဖြစ်ပုံပျက်ပုံအလုံးစုံကို နွားငတ်ရေကျ မေးခဲ့ရပါသည်။ တကယ်တမ်းမှာ သူက ကျနော့်ကိုမှတ်မိလျက်နှင့် မသိချင်ဟန်ဆောင်ခဲ့ရကြောင်း နောက်ပိုင်းမှ ပြောပြပါသည်။


တခါက ကျနော်တို့မြို့မှာ ကျိကျိတက်ချမ်းသာခဲ့သော၊ ကျနော်တို့ ငယ်ငယ်က နိုင်ငံပေါင်း ၂ဝ လောက်သို့ ကိုယ့်စားရိတ်နှင့်ကိုယ် အလည်အပတ်သွားခဲ့သည်ဟု နာမည်ကြီးခဲ့သော၊ ကျနော့်မိဘများသည်ပင် သူတို့ ကျေးဇူးနှင့်မကင်းခဲ့သော၊ ဦးလေးကြည်ကို ထိုင်း-မြန်မာနယ်စပ်ရှိ၊ ဒုက္ခသည်များနှင့် ဆင်းရဲနွမ်းပါးသူများ၊ မှီခိုအားထားရာဖြစ်သော အခမဲ့စေတနာ ဆေးရုံလေးတခုတွင် တွေ့လိုက်ရသောအခါ ကျနော့်ရင်တခုလုံး ဗြောင်းဆန်အောင် မေးခွန်းများဖြင့် လှုပ်ခတ်သွားခဲ့ရပါသည်။


ဘဝဆိုတာ အချိုးအကွေ့ အလှည့်အပြောင်းတွေရှိတတ်ကြောင်း ကျနော့်အသက်အရွယ် အတွေ့အကြုံအရ သိတန်သလောက် သိခဲ့ပါသည်။ ဒါပေမယ့် သည်လိုလူမျိုးက ဒီလောက်ထိဘဲ ဖြစ်ရသလား၊ ကျနော် ခက်ခဲစွာ လက်ခံခဲ့ရပါသည်။ လောလောလတ်လတ် သူ့လူနာရှင်ဖြစ်ခဲ့ရသော ကျနော်က သူ့ဝေဒနာဇစ်မြစ်ကို သိရအောင် စုံစမ်းရပါသည်။


သူ့မှာ အရက်ကြောင့် အသည်းက ကျွမ်းနေခဲ့ပါပြီ။ လပိုင်းအတွင်း လောကကြီးကစွန့်ခွာရန် လုံလောက်သည့် အခြားရောဂါများကလည်း တန်းစီနေပါပြီ။ စီးပွားပျက်ခဲ့သော်လည်း အရက်ကမပျက်ခဲ့ဟု သူ ပြောပြပါသည်။ ဒီအခြေအနေမျိုးမှာ အိမ်ပြန်သင့်ကြောင်း၊ ကျနော် ကူညီမည့်အကြောင်း ပြောပြခဲ့ပါသည်။


“မိဘတွေလည်း ကိုယ့်စိတ်နဲ့ မရှိရှာကြတော့ဘူး …။ နောက်ပြီး ဦးလေးကြည်မှာ အိမ်လည်း မရှိတော့ပါဘူး”


သူ့အဖြေက ဒါပဲ ဖြစ်ပါသည်။


သူ့ဘဝအပေါ် သူ၏သုံးသပ်ချက်က ရှင်းပါသည်။


“စိတ်အလို လိုက်ခဲ့မိလို့” … ဒါပဲ ဖြစ်ပါသည်။ ဒါထက်ထိမိတဲ့ စကားလုံး ရှာမတွေ့ဘူးဟု သူက ထပ်ပြောပါသည်။ ကျနော့်ကိုလည်း ဆုံးမစကား ပြောသွားခဲ့ပါသည်။


“စိတ်အလိုကို သိပ်မလိုက်မိစေနဲ့” တဲ့။


ဖိုးကျော်ကိုရော၊ ဦးလေးကြည်ကိုပါ ကျနော်ပြန်မတွေ့ရတော့ပါ။ ဦးလေးကြည်က ကျောင်းသားဆေးခန်းမှ ကိုယ့်သဘောနှင့်ကိုယ် ဆင်းသွားပြီး နယ်စပ်တနေရာက တဲလေးတလုံးမှာ သူ့ဘဝနိဂုံးကို ရင်ဆိုင်သွားခဲ့ပါသည်။


ဖိုးကျော်ကိုလည်း နောက်တကြိမ် ပြန်တွေ့နိုင် မတွေ့နိုင် မသေချာလှပါ။


ဖိုးကျော်က ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ဆန္ဒ အဓိကရှိဖို့၊ စိတ်၏စေရာဆိုပြီး ညွှန်ပြခဲ့ပါသည်။ ဦးလေးကြည်က “စိတ်အလိုကို မလိုက်ဖို့” ဆုံးမသြဝါဒ ပေးခဲ့ပါသည်။


မတူသော ဖြစ်ရပ် ၂ ခုအပေါ်မှ ထားသင့်သောစိတ်ထားများကို မှန်ကန်စွာကောက်ယူနိုင်ဖို့ ကျနော် များစွာကြိုးစားခဲ့ရပါသည်။ လူတယောက်အနေဖြင့် ဖိုးကျော်လိုကျင့်ဖို့ရော၊ ဦးလေးကြည်လိုမကျင့်ဖို့ရော ခက်ခဲကောင်း ခက်ခဲနိုင်ပါသည်။


လောကမှာ ကိုယ့်ကိုကိုယ် တော်လှန်ရတာ ပိုခက်သည်ဟု ကျနော်တော့ထင်မိပါသည်။ … ကျနော်တို့ စိတ်တွေကို ဘယ်လို စေစားကြပါမည်လဲ … ။


ရေစီးသံဂျာနယ်

အတွဲ ၆ အမှတ် ၂

မေလ ၁၆ ရက် ၂၀၀၂ ခုနှစ်



No comments: