Saturday, January 3, 2009

လွတ်လပ်ရေးကြေညာစာတမ်း

“ငါတို့နိုင်ငံတော်သည် မည်သူ တစ်ဦးတစ်ယောက် တဖွဲ့တသင်း၏ အမွေအနှစ်မဟုတ်၊

မည်သူ တစ်ဦးတစ်ယောက် တဖွဲ့တသင်း၏ ပုဂ္ဂလိကအပိုင် ပစ္စည်းမဟုတ်၊

မည်သူ တစ်ဦးတယောက် တဖွဲ့တသင်းက ချုပ်ကိုင် အနိုင်သိမ်းယူ အကျိုးခံစားအပ်သော နိုင်ငံမဟုတ်”

(လွတ်လပ်ရေး ကြေညာစာတမ်း)



လွတ်လပ်ရေးကြေညာစာတမ်း


အောင်စေသတည်း


၁။ မြန်မာသက္ကရာဇ် ၁၃၀၉ - ခုနှစ် ပြာသိုလဆုတ် ၉ ရက် (အင်္ဂလိပ် သက္ကရာဇ် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်) တနင်္ဂနွေနေ့ ကောင်းမြတ်သန့်စင် မင်္ဂလာ အပေါင်းနှင့်ပြည့်စုံသောအခါ၌ ဤငါတို့ မြန်မာပြည်သည် လုံးဝလွတ်လပ်သော အချုပ်အချာအာဏာပိုင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီးအဖြစ်သို့ ရောက်ပြီ။

၂။ ဤငါတို့မြန်မာနိုင်ငံတော်ကြီးသည် လိုရာမတ ပြည့်စုံလှ၍ ဘူမိနက်သန် မှန်သော မြေထူးမြေမြတ်လည်း ဖြစ်၏။ မွန်မြတ်သန့်စင်သော တရားထူး တရားမြတ်တို့တည်ရာ မြေကောင်းမြေမွန်လည်း မှန်၏။ မြေတွင်း မြေပြင် အထူးထူးသော ရတနာပေါင်းတို့နှင့် ပြည့်စုံသဖြင့် သတ္တဝါအပေါင်းတို့ ဆွတ်ယူစားသုံး ကမ္ဘာဆုံးသော်လည်း မသုဉ်းမကုန်နိုင်သော ပဒေသာစစ် အနှစ်သာရ ကြွယ်ဝပြည့်စုံသောမြေလည်းဖြစ်၏။ ဘူမိနက်သန်မှန်လှ ထူးချွန် ဤမြေမွန်မြေမြတ်၌ ရှမ်း၊ ကချင်၊ ကရင်၊ ချင်း၊ မွန်၊ မြန်မာ စသည့်ဖြင့် တသွေးတသား တမိဘွား ဖြစ်ကြကုန်သောငါတို့သည် နှစ်ပေါင်းထောင်ရာ သင်္ချာပွားတက် ရေတွက်ခြင်းငှာ မတတ်နိုင်ရာသော ရာဇဝင်ရှည်ဝေး ရှေးပဝေသဏီမှစ၍ တညီညွတ် တစုတရုံး လွတ်လပ်သော လူမျိုးအဖြစ် တည်ခဲ့ကြကုန်၏။ တကောင်း၊ သရေခေတ္တရာ ပုဂံမြင်စိုင်း စစ်ကိုင်းပင်းယ၊ အင်းဝကုန်းဘောင် ထို့နောင် မန္တလေးအထိ ငါတို့၏ လွတ်လပ်ရေးသည် နေရောင်လဝါပမာကဲ့သို့ တဖြာဖြာတဝင်းဝင်း ကမ္ဘာချဉ်းအောင် ထွန်းလင်းခဲ့ပေ၏။ သို့ရာတွင် ကမ္ဘာတန်းဆာကာလ အသင်္ချေတည်နေအပ်သော နေမင်းသူရိယ လစန္ဒာတို့ပင် ဆီးနှင်းမြူတိမ် ဖုံးအုပ်၍ ခဏခေတ္တ အရှိန်အဝါ ညှိုးလျော်နွမ်းလျ မထွန်းမပ ဖြစ်ဘိသကဲ့သို့ ငါတို့၏လွတ်လပ်သော မြန်မာနိုင်ငံတော်သည်လည်း လွန်ခဲ့သည့် နှစ်ပေါင်းလေးရာခန့်က ဥရောပတိုက်မှထွက်ပေါ်လာ၍ တကမ္ဘာလုံး ကို ရစ်ပတ်အုပ်ဖုံးခဲ့သော နယ်ချဲ့ဝါဒကြီးနှင့် မရှောင်မကွင်းသာ ကြုံကြိုက်ဆုံတွေ့ မိ၍ ပထမ အင်္ဂလိပ်-မြန်မာစစ်၌ ရခိုင်၊ တနင်္သာရီ၊ ဒုတိယ အင်္ဂလိပ်-မြန်မာစစ်၌ ဟံသာဝတီ၊ ပဲခူး၊ တတိယ အင်္ဂလိပ်-မြန်မာစစ်၌ မန္တလေး ရတနာပုံ သုံးကြိမ် သုံးခါ ချအပ်ရခြင်းဖြင့် ဤမြေထူး မြေမြတ်၌ နှစ်ပေါင်းထောင်ရာ စောင့်ထိန်း၍လာခဲ့ ကြသော ငါတို့၏လွတ်လပ်ရေးသည် ငါတို့လက်မှလွတ်၍ လက်အောက်ခံ ဘဝသို့ လုံးဝရောက်ခဲ့ကြရသည်။ သို့သော် နေမင်းသူရိယာ လစန္ဒာတို့ကို ဆီးနှင်းမြူတိမ်တို့သည် မည်သို့ပင်ဖုံးလွှမ်းစေကာမူ နေလတို့၏ အရှိန်အတောက်ကို မခံနိုင်ရကား ခေတ္တမျှနှင့်ပင် လွင့်စင် ကွယ်ပျောက်၍ နေဝါလရောင်သည် ပကတိအသရေကိုပြန်၍ ဆောင်လေဘိသကဲ့သို့ ငါတို့အပေါ်၌ လွှမ်းဖုံးအပ်သော နယ်ချဲ့ဝါဒသည် ငါတို့၏ ကမ္ဘာရှည်မြင့် ရင့်မာလှသော လွတ်လပ်ရေးစိတ်ဓာတ်၏ အရှိန်အတောက်ကို မခံနိုင်ရကား ခြောက်ဆယ့်တစ်နှစ် တစ်လနှင့် တစ်ရက်သော အခိုက်အတန့်လေးမှာပင် အလိုအလျှောက် ကွယ်ပျောက်သွားရသဖြင့် ဤနေ့ ဤအခါမှစ၍ ငါတို့သည် အသူရိန်ခံတွင်းမှ ရှင်းရှင်းကြီး လွတ်မြောက်အပ်သော လပြည့်ဝန်းပမာ သန့်ရှင်းစင်ကြယ် ချမ်းမြေ့ သာယာစွာဖြင့် လုံးဝလွတ်လပ်သော ဘဝထူးဘဝမြတ်ကို လက်ဆုပ်လက်ကိုင် အပိုင်ရရှိကြပြီ။

၃။ ယခု ငါတို့ရရှိသော လွတ်လပ်ရေးသည် ရေတွင်ရုပ်ရေး မြသွေးကောင်းကင် တိမ်ရိပ်ထင်သကဲ့သို့သော လွတ်လပ်ရေးမဟုတ်၊ ငါတို့အား လွတ်လပ်ရေးလမ်းစဉ် သို့ ညွှန်လည်းညွှန်ပြ လမ်းစရှာကြံ အမြန်ရောက်အောင် ပို့ဆောင် ခဲ့ကြပေသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အဝဝသော ကူးတို့မှူး ခေါင်းဆောင်ကြီးတို့၏ မဆုတ်မနစ်သော လုံ့လ မလျော့သော ဝိရိယ ဆီမီးတန်ဆောင်ကဲ့သို့ ထွန်းပအပ်သော ဉာဏ်မျက်စိ ဝဇီရ စိန်သွားကဲ့သို့ စူးရှသော သတ္တိတို့ကြောင့် အဟံမမ သံပကြုံးဝါး အခြားအခြားလွတ်လပ်သော နိုင်ငံကြီးတို့နှင့် တန်းတူ မြူတစ်ခြမ်းမျှ မလျော့မလို ထိုထိုသို့သော တန်းခိုးရှိန်ဝါတေဇောအပေါင်းတို့နှင့် ပြည့်စုံသော အချုပ်အခြာတည်းဟူသော အာဏာထူးအမြတ်ကို ငါတို့လက်ကိုင် အပိုင်ရရှိကြပြီ။

၎။ ငါတို့သည် တမျိုးဘာသာ တစိတ်တဒေသ၏ ကောင်းကျိုးချမ်းသာကို မလိုလား ကျောသား ရင်သား သူကား ငါကား ခွဲခြားခြင်းကို အလိုမရှိ မြစ်ချောင်းသီတာ သမုဒ္ဒရာတောင်တန်းတို့ဖြင့် ကမ္ဘာဓမ္မတာ သဘာဝအပိုင်းအခြား ထင်ရှားစွာ သတ်မှတ်အပ်သော ရာဇဝင်ရှည်ဝေး ရှေးပဝေသဏီမှစ၍ ယခုထက်တိုင် မြန်မာနိုင်ငံသားဟု သမုတ်အပ်သူ တိုင်းရင်းသားအပေါင်းတို့ ဇာတိချက်ကြွေ နေထိုင်ကြရာ မြန်မာနိုင်ငံတော်တဝှန်းကို တသွေးတသားတည်း ဟူသော ကြိုးထူး အလိုအလျောက် သဘာဝ အထောက်အပံ့ဖြင့်သာလျှင် ဖြစ်ပေါ်အပ်သော စေတနာတည်း ဟူသော ကြိုးထူး တစ်စိတ်တဝမ်းတည်းဟူသော ကြိုးထူး ဤကြိုးထူးသုံးပါးဖြင့် ကမ္ဘာဆုံးတိုင်မြဲခိုင်တည်တံ့အောင် ရစ်ပတ်ဖွဲ့စည်း အပ်သော ပြည်ထောင်စုအဖြစ်ကို လက်ဆုပ်လက်ကိုင် ငါတို့အပိုင်ရလေပြီ။

၅။ ငါတို့နိုင်ငံတော်သည် မည်သူ တစ်ဦးတစ်ယောက် တဖွဲ့တသင်း၏ အမွေအနှစ်မဟုတ်၊ မည်သူ တစ်ဦး တစ်ယောက် တဖွဲ့တသင်း၏ ပုဂ္ဂလိကအပိုင် ပစ္စည်းမဟုတ်၊ မည်သူ တစ်ဦးတယောက် တဖွဲ့တသင်းက ချုပ်ကိုင် အနိုင်သိမ်းယူ အကျိုးခံစားအပ်သော နိုင်ငံမဟုတ်၊ အတိတ်ကာလကလည်းကောင်း၊ ယခု မျက်မှောက်တွင် လည်းကောင်း၊ နောင်လာလတ္တံသော အနာဂတ်ကာလ၌ လည်းကောင်း ငါတို့ပြည်ထောင်စုကြီးအတွင်း၌ မှီတင်းနေထိုင်ကြသော ကြီးငယ် ဝေးနီး ကျား မ မခြား သစ္စာတော်ခံ နိုင်ငံသားဟူသရွေ့တို့၏ အမွေအနှစ် အပိုင်ပစ္စည်း အကျိုးခံစားရာဖြစ်သည်ဟူသော လူ့ဘာသာ လူ့တရားနှင့်အညီ ကမ္ဘာဦးကာလလူတို့၏ ပထမ စည်းရုံးမှု၌ လူအပေါင်းတို့၏ သဘောဆန္ဒအရ လူအဝှန်း၏အကျိုးကို ကောင်းစွာဆောင်ရွက်နိုင်အံ့သော ပုဂ္ဂိုလ်ကို ရွေးကောက်၍ သမ္မတတင်မြောက်ကြသော မဖောက်မပြန် မစွန်းမငြိ ပကတိသန့်ရှင်းဖြူစင်သော မူလလူ့ဝါဒနှင့်လျော်စွာ စည်းကမ်းဥပဒေ သေချာထင်ရှားစွာ ပိုင်းခြားသတ်မှတ် တူညီသော တရား၊ တူညီသောအခွင့်အရေး၊ တူညီသောအဆင့်အတန်းအားဖြင့် ကမ္ဘာအရှည် တည်စိမ့်သောငှာ လူအပေါင်းတို့၏ ဆန္ဒသာလျှင်အဓိကဖြစ်သော သမ္မတမြန်မာနိုင်ငံတော်တည်းဟူသော မြတ်သောအဖြစ်ကို လက်ဆုပ်လက်ကိုင် ငါတို့အပိုင်ရပြီ။

၆။ သိကြကုန်လော့၊ ယနေ့မင်္ဂလာအပေါင်းနှင့်ပြည့်စုံသော ဤအချိန်မှစ၍ ငါတို့၏ မူလအပိုင်ဖြစ်သော လုံးဝ လွတ်လပ်ရေးကို ငါတို့ပြန်၍ရယူပြီ။ တိုင်းရင်းသား အပေါင်းတို့ သွေးစည်းညီညွတ်လျက် အခွင့်အရေး အဆင့်အတန်း တူညီသည့် ပြည်ထောင်စု သမ္မတနိုင်ငံတော်ကြီးကို တည်ထောင်ပြီ။ ငါတို့လွတ်လပ်ရေးနှင့် ငါတို့နိုင်ငံတော်ကြီး၏သစ္စာကို ကမ္ဘာဆုံးတိုင် မယိမ်းမယိုင် တည်မည်၊ ငါတို့သည် လွတ်လပ်သောနိုင်ငံဖြစ်သည် နှင့်အညီ ကမ္ဘာ့လွတ်လပ်သာ နိုင်ငံအပေါင်းတို့ တရားသဖြင့် ကျင့်ဆောင်အပ်သော ကျင့်ဝတ်ကိုစောင့်ရှောက် ကျင့်ဆောင်မည်၊ ငါတို့၏ လွတ်လပ်ရေးကို ငါတို့ချစ်မြတ်နိုးသည်နှင့်အညီ တပါးသူတို့၏ လွတ်လပ်ရေးကိုလည်း ငါတို့ လေးစားစောင့်စည်းရမည်၊ ငါတို့သည် ငြိမ်းချမ်းရေးကို အလိုရှိသည်နှင့်အညီ ငါတို့ကဲ့သို့ လိုလားသူများနှင့် အတူလက်တွဲ၍ ကမ္ဘာ့ငြိမ်းချမ်းရေးကို ကာကွယ်စောင့်ရှောက်မည်။

ဤငါတို့ကြေညာချက်ကို တစ်ကမ္ဘာလုံး တစ်ယောက်မကျန် ကြားသိစေသတည်း။

No comments: