ဒုတိယအပတ် ဝေဒနာ
ရာသီကပူ ရင်တွင်းက ပူ။ ခန္ဓာကိုယ်တခုလုံး မီးတင်ရှို့ခံရသလို လောင်မြိုက်ခြင်းခံနေကြတဲ့ အချိန်။ ရေသောက်လည်း တခဏပဲ သက်သာတဲ့အဖြစ်ပါ။ အရသာအရှိဆုံးကတော့ စခန်းထဲမှာ ကိုယ့်ဖာသာတူးထားတဲ့ တွင်း ၂ တွင်းက ရေအေးအေးကို စိမ်ချိုးကြရခြင်း ဖြစ်ပါတယ်။
ပြုစုသူရဲဘော်တွေက အဆောင်နှစ်ဆောင်ကြား ငှက်ပျောပင်ရိပ်မှာ ရေအေးအေး အရန်သင့်ခပ်ပေးထားတာမို့ လောင်းလိုက်တာနဲ့ တကိုယ်လုံး အေးမြသွားပြီး ရပ်ချင်၊ တော်ချင်စိတ် မရှိတော့ပါ။ ခပ်ပေးတဲ့ ရဲဘော်တွေကို အားနာလို့သာ ရပ်လိုက်ကြရပါတယ်။
ပြုစုရေးတာဝန်ယူထားတဲ့ ရဲဘော်တွေဟာ အင်မတန် ပင်ပန်းကြပါတယ်။ တွဲခေါ်ရေချိုးပေးရုံမက သန့်ရှင်းရေး လုပ်ပေး၊ အဝတ်တွေကိုစုပြီး ပြုတ်လျှော်ပေးတာလည်း လုပ်ရပါတယ်။ စကားစမြည် ထိုင်ပြောပေးရတာကတော့ အမြဲတမ်းအလုပ်ပါ။
နောက်ပိုင်းရောက်တဲ့အခါ လမ်းလျှောက်ချင်ရင် တွဲလျှောက်ပေးရပါတယ်။ သူတို့တွေဟာ အပြောင်းအလဲတွေကို အမြဲတမ်း မျှော်လင့်ထားရပြီး လူရောစိတ်ပါ ‘သတိ’ အနေအထားမှာ ရှိနေကြရပါတယ်။ တိုက်ပွဲဝင်သူတွေကတော့ ဘေးမှာ ရဲဘော်တွေရှိနေတာမို့ စိတ်ကိုတဖြောင့်တည်းထားပြီး တိုက်လို့ရပါတယ်။ (နဝတ ခေတ်၊ နအဖ ခေတ်မှာတော့ ဒီအခွင့်အရေးမျိုးတောင် မပေးပါ။ ပိုဆိုးပါတယ်။ နှိုင်းယှဉ်ကြည့်ရင် မဆလ ခေတ်က အတုအယောင် ဆိုရှယ်လစ် မျက်နှာဖုံးစွပ်ထားတဲ့ ခေတ်၊ ဒီ ခေတ်ကျတော့ ပြောင်ပြောင်တင်တင်း စစ်အုပ်ချုပ်ရေး ဘီလူးခေါင်းဆောင်းထားတဲ့ ခေတ်ပေကိုး)။
ဒုတိယအသုတ်ဝင်တဲ့အချိန်မှာ ပြုစုသူတွေအနေနဲ့ ခြေနိုင် လက်နိုင်ရှိပါသေးတယ်။ Striker တွေကလည်း တချို့ကိစ္စတွေမှာ ကိုယ်ထူကိုယ်ထလုပ်နိုင်တဲ့ အနေအထားပါ။ ဒါပေမယ့် တတိယ အသုတ်ဝင်လာတဲ့အချိန်ကျတော့ ပြုစုခံမယ့်သူက များ၊ ပြုစုသူဦးရေက နည်းသွားပါပြီ။
အရပ်သား စကားနဲ့ပြောရရင် ဘယ်သူမှ ‘မချောင်’ ပါ။ အဖိုးကြီးများလည်း အဖိုးကြီးများအလျောက် အိပ်ရေးပျက်ထားလို့ မျက်တွင်းတွေ က ဟောက်ပတ်။ ဒုတိယပတ်မှာလည်း Striker များအဖို့ ဆာလောင် မွတ်သိပ်ခြင်း ဒီဂရီက ကျမသွား။
ဒါပေမယ့် တမ်းတမှု အမျိုးအစားမှာတော့ ခြားနားသွားပါပြီ။ ဆီပျံဟင်းတွေကို မတောင့်တတော့ပါ။ မုန့်တွေ၊ ပေါင်မုန့်၊ ကိတ်မုန့်၊ ထိုးမုန့်၊ ဟာလဝါ၊ ကရေကရာ မှ မုန့်ပြားသလက် အထိ ခေါက်ဆွဲ၊ မုန့်ဟင်းခါး၊ ကြာဇံကြီးချက်လည်း စားချင်ပါတယ်။ နောက်ပြီး နွားနို့ချိုချို ဆိုလည်း တပုံးလောက်ကို တယောက်တည်းနဲ့ ကုန်မယ် ထင်နေပါတယ်။
ကိုကိုးကျွန်းပေါ်မှ သောက်ရေတွင်း
တတိယပတ်
တတိယအသုတ်အနေနဲ့ နောက်ထပ် ၄၇ ယောက် တိုက်ပွဲဝင်လာပါတယ်။ တတိယ အသုတ်ကို အဆောင်နံပတ် ၈ မှာထားပြီး ပိုတဲ့သူတွေကို အလံနီဆောင်ဖြစ်တဲ့ အဆောင် နံပါတ် ၇ မှာထားပါတယ်။
တိုက်ပွဲဝင်သူစုစုပေါင်းဟာ ထိန်းသိမ်းဦးရေရဲ့ တဝက်နီးပါး ဖြစ်လာခဲ့ပါပြီ။ ကျနော်တို့ အဖွဲ့အစည်းအနေနဲ့ ပြောရရင် Striker ဦးရေက ပိုများနေပါတယ်။ ခုအချိန်ထိ အာဏာပိုင်တွေဘက်ကလည်း ခပ်အေးအေး၊ ကျနော်တို့ဘက်ကလည်း အရှိန်မှန်မှန်နဲ့ ချီတက်နေဆဲ။
Striker တွေ့ရဲ့ ပေါင်ချိန်တွေကတော့ တပေါင်ပြီး တပေါင် လျော့ကျလာနေပါတယ်။ စိတ်ဓာတ်ဘက်မှာတော့ တောင်တက်ခရီးကို တထစ်ပြီးတထစ် တက်လှမ်းနေကြသလို ခံစားမိတယ်။ သွေးပူလေ့ကျင့်ခန်းပြီးလို့ အရှိန်ရစလည်း ပြုနေပါပြီ။ အဖွဲ့အစည်းပေါင်းစုံ ပါဝင်ကြတာမို့ အားကျမခံစိတ်တွေ ကလည်း ကိုယ်စီရှိကြပါတယ်။
တတိယပတ် ဝေဒနာ
အားရပါးရ ဝါးစားရတဲ့ အစားအသောက်မျိုးကို မတမ်းတတော့ပါ။ ရေခဲစိမ်ဘိလပ်ရည်၊ ကြံရည်၊ ဖာလူဒါ၊ အိုက်စကရင် စသည်မျိုး အရည်ရွမ်းတဲ့ သစ်သီးများကိုသာ တောင့်တလာပါတယ်။ အဆောင်ဘေး သင်္ဘောပင်ပေါ်က မှည့်ဝင်းနေတဲ့ သင်္ဘောသီးတွေကို အာသာငမ်းငမ်း ကြည့်မိတယ်။ တော်တော်ဒုက္ခပေးတဲ့ အရာတွေပါလား။ စားမယ့်သူလည်း မရှိ။ တန်ဖိုးမဲ့ ဖြစ်နေရှာကြတယ်။
ရင်ထဲ ဝမ်းထဲမှာ ပူနေတဲ့အသိပဲရှိတယ်။ ဟုန်းဟုန်းထနေတာပါ။ ရာသီကလည်း ပူတဲ့လ။ ကိုယ်နံ့တွေကြောင့်ပဲလား၊ တိရိစ္ဆာန်တွေရဲ့ ဗီဇအသိကြောင့်လား မပြောနိုင်။ ပုရွက်ဆိတ်တွေက လှုပ်ရမှာအားမရှိတော့တဲ့ လူနာတွေကို တက်ပြီးကိုက်ကြပါတယ်။ အသားတွေကို ဖဲ့စားနေကြတာပါ။ ကိုက်တဲ့နေရာမှာ တွင်းကလေးတွေ ဖြစ်ကျန်ရစ်ပါတယ်။ ဒါကြောင့်လည်း လူနာစောင့်ရဲဘော်တွေက စောင့်ပြီး သတ်ပေးနေရပါတယ်။
သူတို့မှာလည်း အလုပ်ကအများသား။ Striker တွေ များလာတော့ တဦးချင်းလည်း စောင့်မကြည့်နိုင်။ တခြားဘက်လှည့်သွားတာနဲ့ ဒီဘက်မှာ ကိုက်နှင့်ပြီ။ နောက်တော့ လူနာဘေးမှာ အတားအဆီးအဖြစ် ရေနံဆီကွင်းပြီး သုတ်ပေးပါတယ်။ ပုရွက်ဆိတ် ပြဿနာတက်တာဟာ တတိယ အပတ်ကုန်ခါနီးအချိန်လို့ မှတ်မိနေပါတယ်။
ပူတဲ့လောင်တဲ့ကိစ္စကို ပြောခဲ့ပါပြီ။ ဒါတောင် ကျနော်တို့အသုတ်က ၁၆ ယောက်ထဲ နေရာတာမို့ လူက ချောင်၊ လေဝင်လေထွက်က ကောင်းပါတယ်။ လူ ၃ဝ စီနေရတဲ့ ဒုတိယ အသုတ်နဲ့ တတိယအသုတ် အခန်းတွေမှာတော့ ပိုပြီးပူလောင်ပေလိမ့်မယ်။
ဒါကြောင့်လည်း ညနေစောင်းတာနဲ့ အဆောင်ထဲက ထွက်,ထွက်လာတတ်ကြပြီး အဆောင်နှစ်ဆောင်ကြားရှိ ငှက်ပျောပင်ရိပ် သင်္ဘောပင်ရိပ်တွေမှာ ခိုကြရတယ်။ တတိယပတ်ကျော်လာတော့ ရေချိုးထွက်သူတွေရဲ့ ပုံပန်းသဏ္ဍာန်ဟာ နိမိတ်ကြီး ၄ ပါးထဲက သူအို သူနာတွေအတိုင်း ဖြစ်လာပါတယ်။
အရပ်ရှည်ရှည်နဲ့ နဂိုကမှပိန်ကြတဲ့ ဦးတင်အောင်တို့ ကိုအုန်းမြင့်လှိုင်တို့ဆိုရင် နှီးပြားထောင်ထားသလို ဖြစ်နေပါပြီ။ ကျနော်တို့လည်း ရေချိုးတဲ့အခါ ရေလောင်းလိုက်တာနဲ့ ခါးရှုံ့ဘောင်းဘီတို အောက်လျှောလျှော ပါသွားတတ်လို့ လက်နဲ့ ကပျာကသီ ဆွဲတင်ရတာ အကြိမ်ကြိမ်ပါ။
ကျနော် သေသေချာချာ မှတ်မိနေပါတယ်။ အဆောင်မြောက်ဖျားကနေပြီး တရွေ့ရွေ့ လျှောက်လာတဲ့ သူ့ ပုံသဏ္ဍာန်ပါ။ ရှည်လျားလှတဲ့ သူ့အရပ်ကြီးဟာ ပိုရှည်လာသလားလို့တောင် ထင်လိုက်မိတယ်။ ပြုစုသူရဲဘော်က ဘေးနားမှာကပ်လိုက်ပါလာပေမယ့် တွဲစရာမလို သူ့ဖာသာ လျှောက်လှမ်းလာပါတယ်။
ဆီးသွားခန်းထဲဝင်သွားပြီး ပြန်အထွက်မှာ ကျနော်တို့ အိပ်စင်ဘက်ကြည့်လိုက်ကာ ပြုံးနှုတ်ဆက်ပါတယ်။ နှုတ်ကတော့ ဘာသံမှ မထွက်မလာပါ။ တရွေ့ရွေ့လျှောက်လှမ်းသွားတဲ့ သူ့ကျောပြင်ကိုကြည့်ပြီး လွန်ခဲ့တဲ့နှစ်က ဘော်လီဘောတပွဲကို ပြန်သတိရလိုက်မိတယ်။
စက်တင်ဘာ ၁ ရက် ပြည်သူ့တပ်မတော်နေ့ အထိမ်းအမှတ်ပွဲနေ့မှာ အားကစားပြိုင်ပွဲ၊ ပျော်ပွဲ ရွှင်ပွဲလေးများ လုပ်ဖြစ်ကြပါတယ်။ ဒီစဉ်က ရှပ်အင်္ကျီလက်ရှည် အနီရင့်ရင့်ကြီးဝတ်လို့၊ လင်းယုန်ကြီးဟာ ရှေ့တန်း ခုတ်ရိုက်သူအဖြစ် လွှားခနဲ လွှားခနဲ ခုန်ပျံကစားနေပါတယ်။
ဒါပေမယ့် သူတို့ခေတ်ကစားနည်းနဲ့ ခု ကစားနည်း စနစ်စည်းမျဉ်းတွေက မတူတော့ပါ။ ဒါကြောင့် ဖောင်း ခဏခဏ အပေးခံရပါတယ်။ ဒါကြောင့် သူတို့အသင်း ကပ္ပတိန်က သူ့ကို ထုတ်လိုက်ပါတယ်။ ကပ္ပတိန်လုပ်သူက လူငယ်ကျောင်းသားတယောက်ပါ။ ဒါပေမယ့် သူဟာ ကျိုးနွံစွာ ကွင်းထဲက ထွက်ပေးရှာပါတယ်။
လူကြီးများချည်း ကစားတဲ့ပွဲမှာလည်း သူ ဝင်ကစားပါတယ်။ ဒီပွဲကတော့ ပြိုင်ပွဲမဟုတ် အပျော်ပွဲဖြစ်လို့ စည်းကမ်းမထား ဟိုဘက် ဒီဘက် ရောက်ရင်ပြီးရောဆိုတဲ့ ပွဲမျိုးပါ။ ဆရာ ရာဂျန်ကြီးဗိုက်ကို ဘောလုံးမှန်လို့ ဗိုက်ပွတ်ပြီး ထွက်သွားရတာ။ ဦးမြသန်း ဘောလုံးကို မျက်မှန်း မှန်း ကစားနေတာတွေ တွေးမိတော့လည်း ပြုံးချင်သလိုလို အဖြစ်မိသား။
ညမှာကတဲ့ ပြဇာတ်တပုဒ်မှာလည်း သူနဲ့ ဦးမြသန်းကို ချစ်စနိုး နောက်ပြောင်ကြတဲ့အကွက်တွေ ထည့်ထားပါ တယ်။ ရုပ် နဲ့ နမ် ဘယ်ဟာ အဓိကကျသလဲဆွေးနွေးကြရာမှာ ဆရာတော် ဦးဓမ္မ၊ ကပ္ပိယ ဦးပေသီးနဲ့ ဒကာကြီး တယောက်ရဲ့ ဆွေးနွေးခန်းကို ပရိသတ် သဘောကျကြပါတယ်။
ဆရာတော်က သူ့မှာ ဒကာနှစ်ယောက် ရှိတယ်။ ဒီအထဲက ဒကာ မောင်မြသန်း ‘မေတ္တာအသင်္ချေ ဝတ္ထု ဘာ့ကြောင့် ရေးရတယ်’ ဆိုတာနဲ့ အုပ်ထည့်လိုက်တယ်။ ကျန်ဒကာ မောင်တင်အောင်ကတော့ အားတဲ့အခါ အုန်းပင်ပဲ စိုက်နေလေ့ရှိကြောင်း စကားခင်းလိုက်ပြန်တယ်။ ကပ္ပိယ ဦးပေသီးက ‘အုန်းသီးက ဘယ်နှစ်လုံးသီးပြီလဲ ဘုရား’ လို့ ထောင်မေးလိုက်တယ်။ ဒီအခါကျမှ ဆရာတော်က ‘နှစ်လုံးပဲသီးတာ တွေ့ရသကွဲ့’ လို့ ဆော်ထည့်လိုက်တာကို သူ တဟားဟား ရယ်နေတဲ့ပုံကိုလည်း မြင်မိတယ်။
တခါ ကိုမြင့်ဦးသစ်ကြီးက ဒေါက်တာ ရေချမ်းကိုလောင်တဲ့အနေနဲ့ ပါမောက္ခ ကြပ်ခိုးဆိုတဲ့ တခန်းရပ်ပြဇာတ်လေး တင်ခဲ့တာလည်း ရှိတယ်။ သူတို့ နှစ်ယောက်စလုံးဟာ နာမည်ကျော် စာရေးဆရာကြီးများလည်းဖြစ်ပြန်၊ လူငယ်တွေကိုလည်း လေးလေးစားစား တန်ဖိုးထားဆက်ဆံလေ့ရှိပြန်တာကြောင့် အားလုံးက ခင်မင်ကြပါတယ်။
သူတို့ရဲ့လှုပ်ရှားမှုကို အားလုံးက စိတ်ဝင်စားကြပါတယ်။ ဦးမြသန်းက မယ်ဒလင်လေး တီးလိုက်၊ တယောလေး ကောက်ထိုး လိုက်ရင်လည်း စိတ်ဝင်စားကြ ခံစားကြ။ မေးခွန်းတွေ ထုတ်တတ်ကြတယ်။ သူကလည်း ငယ်စဉ်မှာ မယ်ဒလင် ယုကြိုင်လက် မီအောင်ဆိုပြီး လေ့ကျင့်ပုံကအစ ပြန်ပြောလေ့ရှိပါတယ်။
ဦးတင်အောင် တယောထိုးရင်တော့ ဆွေးဆွေးမြေ့မြေ့ တမ်းတမ်းတတနဲ့ စွဲထင်နေအောင် ရေးဖွဲ့တတ်တဲ့ ဝတ္ထုတွေ သူ့ဇာတ်လိုက်တွေ ကို မြင်ယောင်မိတတ်ကြတယ်။ သူလည်း ခုတော့ ကိုကိုးကျွန်းရဲ့ ငွေလသာတဲ့ ညချမ်းတွေမှာ ဘုန်းမောင် တယောက်ထဲရယ်ပါလား လို့ စာနာမိကြတယ်။
ကျွန်းဘဝမှာ ဦးတင်အောင် စာရေးတယ်ဆိုတာပဲ သိပါတယ်။ စကားမစပ်မိလို့ ဘာတွေရေးပြီးမှန်း မသိပါ။ တခန်းတည်းသား ဦးမြသန်းကိုတော့ ရဲဘော်တွေအတွက် လိုအပ်မယ့်ဘာသာပြန်တွေ တွန်း ပြန်တာ တွေ့ရတယ်။
စာတွေကို မျက်မှန်နဲ့ ပွတ်တိုက်ပြီး ဖတ်နေတာပါ။ ဒီအကြောင်းနဲ့ပတ်သက်ပြီးမေးမိတဲ့အခါ ဗမာပြည်မှာ ပါဝါ အများဆုံး လင်းယုန် ဦးဘဝင်းက ဒီဂရီ ၁၆ဝဝ ၊ သူက ဒီဂရီ ၁၅ဝဝ ရှိကြောင်း ပြောဖူးတာကိုလည်း ရေးရေး ပြန်ပေါ်လာပါတယ်။ နှစ်ကြာလာတော့ အမှတ်လွဲလာတာလည်း ဖြစ်နိုင်ပါတယ်။
ဦးမြသန်းအနေနဲ့ ရှိတဲ့စာအုပ်တွေ ဖတ်ကုန်သွားပြီး ဖတ်စရာမကျန်တော့ဘူးလို့ ဘယ်တော့မှ ညည်းထွားလေ့မရှိ။ ဖတ်စရာ ပါးလျားသွားတဲ့အခါ အဘိဓာန်စာအုပ်ကြီးတွေ ကောက်ဖတ်နေတာ တွေ့ရတတ်တယ်။ ဖတ်တာကလည်း အခေါက်ခေါက်အခါခါ။ ဝတ္ထုဖတ်သလို ဖတ်နေတာဖြစ်တယ်။ တခါတလေ အလွတ်ကျက်နေသလားလို့တောင် ထင်မိပါတယ်။
သိချင်တဲ့စာလုံးတွေရှိမှ ကောက်လှန်တတ်တဲ့ ကျနော်တို့အဖို့ နမူနာယူစရာပါ။ ဘာသာပြန်တဲ့အခါမှာလည်း သူက စာအုပ်နဲ့ မျက်မှန် ပွတ်ဆွဲသွားရာက အလွတ်ရွတ်သွားတဲ့ စကားသံကို နောက်ကလိုက်ရေးကြရတာပါ။ ဘာသာပြန်ပြီးတဲ့အခါ အလုပ်သမား ရဲဘော်ကြီးတွေကို အရင်ဖတ်ခိုင်ပြီး နားလည် မလည် မေးပါတယ်။
နောက်ဆုံး ဒူးရင်းသို့ချေပချက်ကို ဘာသာပြန်စဉ်က ဘာသာရပ်အသီးသီးနဲ့ ချေဖျက်တုံ့ပြန်ခဲ့တဲ့စာအုပ်မို့ ဆေးကျောင်းသား၊ သင်္ချာ ဆရာ၊ ရူပဗေဒ၊ ဓာတုဗေဒကျောင်းသားတွေနဲ့ ဝေါဟာရ ညှိနှိုင်းတာ အပြန်အလှန် ဆွေးနွေးကြတာ။ ပြီးတဲ့အခါ ယဉ်ကျေးမှု ရေချိန်အနိမ့်ဆုံး ရဲဘော်တွေကို ပေးဖတ်တာတွေ သတိရမိတယ်။
ဒီ ဘာသာပြန်ကို သူ အတော်စိတ်ကြိုက်တွေ့ပုံလည်း ရတယ်။ သိမ်းချင်သိမ်းပါစေ ကျွန်းကပြန်ရတဲ့အခါ သယ်သွားမယ်လို့ ပြောဖူးပါတယ်။
ဆက်လက်ဖော်ပြပါမယ်။
No comments:
Post a Comment