(၄)
သည်လိုနဲ့ ဆွမ်းသိမ်းပွဲနီးလာပြီ ပြောပါတော့။ တကယ်ဆိုရင် သူများတွေက ဆိုင်းသံ မောင်းသံတွေနဲ့ တချိန်းချိန်းတိုက်ကြပြုကြ၊ စတော်တိုက်ကြ၊ လမိုင်းတင်ကြ၊ ဆိုကြ ငိုကြနဲ့ နောက်နောက် နောက်နောက် ဖြစ်နေချိန်မှာ ဘောဂချောင်က သာဒွန်းတို့ဘာမှ မလုပ်သေးဘူး။
သူများတွေ လုပ်ကြကိုင်ကြတာလည်း ကြည့်ဦးလေ။ လက်ခုပ်ချောင်က သေရိဝဝါဏိဇ ရွဲကုန်သည်ဇာတ် တဲ့။ ရွှေမန်းဦးတင်မောင်ရဲ့ ရွဲကုန်သည်ကို တိတ်ခွေနဲ့ဖွင့်ပြီး ရှေ့က လူက သရုပ်ဆောင်ကြမှာ တဲ့။ ဒန်ဖလားကို ရွှေရောင်စက္ကူကပ်သူက ကပ်လို့။
အလိုလေးချောင်က ကိသာဂေါတမီ တိတ်ခွေဇာတ်လမ်း တဲ့။ အဝတ်အစားတွေမြို့တက်ငှားလို့ တဲ့။ ကိသာဂေါတမီလုပ်တဲ့ မိန်းကလေးကလည်း မာန်ပါလိုက်တာ တဲ့။
မြို့မနဲ့ မင်းလမ်းကတော့ ချမ်းသာတဲ့ လူများတော့ တတ်လည်းတတ်နိုင်တာကိုး။ ယိမ်းတွေနဲ့ တဲ့။ တခန်းရပ်ပြဇာတ်ကလေးနဲ့ တဲ့။
ဘောဂချောင်က သာဒွန်းတို့ကတော့ အေးအေးပဲ။ တခန်းရပ်လုပ်မယ့် သာဒွန်းလည်း ကဖို့ ၂ ရက်ပဲလိုတာတောင် သူ့ဇာတ်ကို မပြောသေးဘူး။ သူနဲ့တွဲဖက်သရုပ်ဆောင်ရမယ့် လေးယောက်ကလည်း အခုထက်ထိ ဘာလုပ်ရမယ်မသိသေးဘူး။
တကယ်ဆိုရင် တိုက်ဖို့ကောင်းပြီ။ တိုက်သားကျဖို့ ကောင်းပြီ။ နောက်ခံတီးဝိုင်းက ဘာတီးမယ်။ ဘယ်သူက ဘယ်လို ထွက်မယ်၊ ဘယ်သူက ဘာပြောမယ်ဆိုတာလည်း အခုချိန်လောက်ဆိုရင် သိဖို့ကောင်းပြီ။
သာဒွန်းကတော့ အေးအေးပဲ။ လူကြီးတွေကတော့ ခေါင်းပူလှပြီ၊ သာဒွန်းရှာခိုင်းတဲ့ မင်းညီမင်းသားများ ဝတ်တဲ့ အ၀တ်အစားလေး မရှိမယ့် ရှိမယ့် ငှား၊ သင်္ကန်းဟောင်းလေးတထည် ကျောင်းကတောင်းပြီး လာပို့ ထားတာ တောင် တခန်းရပ်က မလှုပ်သေးတော့ သာဒွန်းတို့ ၄ ယောက်ကို ခေါ်ရတော့တာပေါ့။
သာဒွန်းတို့ ရောက်လာတော့ လူကြီးတွေကလည်း ဒေါကန်သူက ကန်နေကြပြီ။
“သာဒွန်း သူများတွေ ဇာတ်တိုက်တာပဲ လိုက်ကြည့်မနေနဲ့၊ မင်းတို့က သန်ဘက်ခါ ဖိန်းနွှဲခါပဲ ကရတော့မယ် ဘာမှမလုပ်သေးဘူး၊ ဟုတ်ရောဟုတ်ရဲ့လားကွာ”
“ဟုတ်ပါတယ် ဘကြီးရ။ ကနေ့ညမှ တိုက်မှာပါ”
“ဟ ဖြစ်ပါ့မလားကွာ၊ မင်းဟာက နေပါဦး မင်းကောင်တွေကကော”
“ဇာတ်လမ်းဇာတ်ကွက် သိပလား”
“မသိသေးဘူး၊ မကြာဘူး ဘကြီးရ၊ ခဏလေးရယ်၊ တခန်းရပ်ပါ ဆို”
“ဘာဇာတ်လဲကွာ၊ သည်အချိန်ရောက်မှတော့ ပြောပါတော့ကွာ”
“တို့လည်း သိပါရစေတော့”
“နိမိတ်လေးအင် ဗုဒ္ဓဝင်”
လူကြီးတွေတောင် ကြောင်သွားတယ်။ နိမိတ်လေးအင် ဗုဒ္ဓဝင်ဆိုပါလား။ သည်ကောင်က ပြောသာပြောရတာ လုပ်လိုက်ရင် ကြီးကြီးကျယ်ကျယ်ထဲက ဆိုတော့ မဟုတ်ဘူးလား မပြောနိုင်ဘူးလေ။
“ဆိုပါဦး မင်းဇာတ်လမ်းက”
“ဘာခက်လို့လဲ ဘကြီးရ တယောက်က ငှားထားတဲ့ မင်းသားအဝတ်အစားနဲ့ အလောင်းတော် သိဒ္ဓတ္ထမင်းသား လုပ်ရမယ်၊ တယောက်က ခေါင်းတုံးတုံးပြီး ရဟန်း လုပ်ရမယ်၊ တယောက်က သူအို လုပ်ရမယ်၊ တယောက်က သူနာ လုပ်မယ်၊ တယောက်က သူသေ လုပ်ရမယ်၊ မင်းသမီး မလိုဘူး၊ အဝတ်အစား မလိုဘူး၊ သိပ်သရုပ်ဆောင်စရာ မလိုဘူး။ ဥယျာဉ်တော်မှ နိမိတ်ကြီးလေးပါး မြင်တော်မူခန်းကို ပြမှာ။ နောက်ခံက မယ်ဒလင်သမား ငပြူးကို ယသော်ဓရာ ယိုးဒယားတီးခိုင်းရုံပါ၊ ဒါပဲ”
“ရွေ နိပ်ဟ”
လူကြီးတွေ တော်တော် သဘောကျသွားတယ်။ ဟုတ်သားပါလား။ သာဒွန်းကို ဒါကြောင့် အားကိုးတာ။ ကြည့်စမ်း သူများတွေ ကုန်လိုက်တဲ့ ပိုက်ဆံ၊ ရွဲကုန်သည် တဲ့။ ကိသာဂေါတမီ တဲ့။ ဝဏ္ဏပထ တဲ့။ တို့သာဒွန်းက နိမိတ်ကြီး လေးအင် ဗုဒ္ဓဝင် တဲ့။ တခြားစီ။ ကောင်းချက်တော့ ရက်စက်တယ်ထဲက နေမှာပဲဟေ့။
ကြည့်စမ်း ဒီကောင် သူ့ဉာဏ်စွမ်းဉာဏ်စနဲ့ သူမို့လို့ စဉ်းစားမိတယ်။ ကြီးလည်း ကြီးကျယ်ရမယ်၊ တရားသံဝေဂလည်း ရရမယ်၊ ပိုက်ဆံလည်း မကုန်ရဘူး။ ဘယ်လောက်ကောင်းသလဲ။ ဘောဂချောင်ကတော့ ဆွမ်းသိမ်းပွဲမှာ အာဂပေါ့ကွယ်။
လူကြီးတွေကတော့ သာဒွန်းအပြောနဲ့ပဲ သာဒွန်းဇာတ်ကို ယုံကြည်သွားတယ်။ အဲသည်တော့မှ သူ့ သူငယ်ချင်း ၄ ယောက်ကလည်း သူတို့ကရမယ့် ဇာတ်လမ်း သူတို့ သိတော့တယ်။ ဘာပဲဖြစ်ဖြစ်လေ တိုက်ရက်ကလည်း ကြားတရက် နှစ်ရက်ပဲ ကျန်တော့ ကနေ့ညက စ တိုက်ကြမယ်ပေါ့။
မယ်ဒလင်သမားကိုလည်း ညကျရင် သီချင်းချပေးမယ်ပေါ့။ ယသော်ဓရာ ယိုးဒယားထဲက ‘လေးပါးရယ် သူအို၊ သူနာ၊ သူသေ၊ မြင်ပြန်လျှင် စွဲစိတ်သံဝေ လူတိုင်းရပ်မြေ ကြာရှည်နေဝံ့ပဲ’ အပိုဒ်ကို သုံးလေးကျော့ တီးခိုင်းမယ်ပေါ့။
(၅)
ဆွမ်းသိမ်းပွဲညက တကယ်ပွဲကတော့ ချောင်လေးခုက တင်ဆက်တဲ့ ထိုးဇာတ်တွေ၊ ယိမ်းတွေပဲ ပါတော့တယ်။ ဘောဂချောင်က ‘နိမိတ်လေးအင် ဗုဒ္ဓဝင်’ မတင်ဆက်နိုင်တော့ဘူး။ သူကြီးကတော့ ဘောဂချောင်က လူကြီး ၃ ယောက်ကို မျက်စောင်းတခဲခဲ၊ အံတကြိတ်ကြိတ်ပေါ့လေ။ ကြီးကြီးကျယ်ကျယ် နိမိတ်ကြီးလေးပါးလေး ဘာလေး နဲ့ နေနှင့်ဦး၊ ဒင်းတို့တော့လို့လည်း ကြိမ်းသတဲ့။
ဘောဂချောင်က လူကြီးတွေကလည်း မျက်စိမျက်နှာပျက်လို့။ သာဒွန်းကတော့ မင်းညီမင်းသား အဝတ်အစားနဲ့ မျက်နှာချေ အဖွေးသားနဲ့၊ ကျန်တဲ့ ၄ ယောက်ကို ရှာမတွေ့လို့ထင်ပါရဲ့။ မျက်နှာလေးငယ်လို့။
“ကောင်းကြသေးရဲ့လား သာဒွန်းရာ၊ မင်းဟာ ကောင်းချီကောင်းရက်နဲ့”
“ကျနော်လည်း သေသေချာချာ စီစဉ်တာပါပဲဗျာ။ ငါက သိဒ္ဓတ္ထမင်းသား လုပ်မယ်။ ကြာယုံက ရဟန်းလုပ်၊ ငတေ က သူသေလုပ်၊ စိန်မောင်က သူနာလုပ်၊ ကျော်လှက သူအိုလုပ်။ သေချာအကွက်ချထားတာပဲ ဘကြီးရာ၊ ကြာယုံက ခေါင်းတုံးမတုံးချင်ဘူး တဲ့။ သင်္ကန်းကြီးနဲ့ မပါချင်ဘူးတဲ့ သိဒ္ဓတ္ထမင်းသားလုပ်မယ် တဲ့။ ငတေက ဇာတ်ခုံပေါ်မှာ သူသေလုပ်ပြီး ပက်လက်ကြီးလုပ်နေမှတော့ မပါတာကောင်းတယ်တဲ့။ ဘာလုပ်ချင်တုံးဆိုတော့ မင်းသားပဲလုပ်မယ်တဲ့။ ကျော်လှကလည်း ရုပ်က အဘိုးကြီးအိုရုပ်ပေါက်နေလို့ သူအိုလုပ်ပါဆိုတော့ သူ့ကောင်မလေးက ဇာတ်ခုံပေါ်မှာ သူအိုမလုပ်ရဘူးတဲ့၊ လုပ်ရင်အပြတ်ပဲတဲ့၊ လုပ်ချင်ရင် မင်းသားလုပ်မရရင် မလုပ်နဲ့ပြောလို့တဲ့”
“စိန်မောင်ကကော”
“ဒီကောင်လည်း မကောင်းပါဘူး ဘကြီးရာ၊ သူက အရိုးပေါ် အရေတင်မို့လို့ သူနာလုပ်ပါဆိုတာကို သူ့ကိုနှိမ်တာ တဲ့ ငါ မင်းသားလုပ်မယ်တဲ့။ ကျနော်ကလည်း ကျနော့်ဇာတ်ပဲ ကျနော် မင်းသားလုပ်မှာပေါ့၊ ဒီကောင်တွေ လူပါးကို ဝတယ်”
“အေး ကောင်းကွာ၊ အခု အဲဒီကောင်တွေကော”
“မရှိတော့ဘူး၊ ဘယ်နေရာ သွားမူးနေကြသလဲ မသိဘူး၊ ကျနော်ရှာတာလည်း မတွေ့ဘူး”
အဲဒီညက သာဒွန်းကတော့ မင်းညီမင်းသား အဝတ်အစားနဲ့၊ မျက်နှာချေနဲ့။ လူကြီးတွေကလည်း မျက်စောင်း တခဲခဲ အံတကြိတ်ကြိတ်နဲ့။ နိမိတ်လေးအင် ဗုဒ္ဓဝင်ဇာတ်မှာ သူအို၊ သူနာ၊ သူသေ၊ ရဟန်း လုပ်မယ့်လူမရှိတော့ သာဒွန်းလည်း ဘာတတ်နိုင်မှာတုံး။ ဆဲလည်းခံရုံပေါ့။ သာဒွန်းကတော့ သူအို၊ သူနာ၊ သူသေ၊ ရဟန်းလုပ်မယ့် သူ့သူငယ်ချင်း ၄ ယောက်ကို မျှော်တုန်း။
(၆)
ကြာတော့ ကြာပါပြီ။ သဖန်းချောင်းမှာ သူကြီးခေတ်ကဖြစ်ခဲ့တာပေမယ့် အကြောင်းတိုက်ဆိုင်ရင် သဖန်းချောင်းသားတွေက ပြောတုန်း၊ ဥပမာပေးကောင်းတုန်း။ ရယ်ကြမောကြတုန်း။
သြဂုတ်လ၊ ၁၉၉၃၊ ရွှေအမြုတေ။
No comments:
Post a Comment