Tuesday, December 16, 2008

အထူအပါး



‘အလောင်းထုတ်ရန် နှစ်ဦးသာဝင်ပါ’ ဟု ဆေးအပြာနှင့်ရေးထားသော မှန်တံခါးချပ်ရှေ့မှ ခုံတန်းလျားလေးပေါ်ရှိ ပန်းခြင်းလှလှကြီးကို ပေတိုး ကြည့်မဝ ဖြစ်နေသည်။


ကျောက်ခတ်စိမ်းစိမ်းများပေါ်တွင် ပိန်းပန်းအဖြူခပ်သေးသေးများကို ပြောက်ကျားထိုးထားပြီး မရမ်းစေ့ရောင် သစ်ခွပွင့် ခပ်များများ ညှပ်ထားသော အဖိုးတန်ပန်းခြင်းမှာ အသွင်တမျိုးထူးပြီး အတော်လေး မျက်စိပသာဒ ကျနေသည်။ ပြီးတော့ အလောင်းပြင်ရာတွင်သုံးရန်ယူလာသော နှင်းဆီပန်းစည်းကြီးကလည်း တော်ရုံမဟုတ်။


အရောင်အသွေးလှပပြီး ငွားငွားစွင့်စွင့် တပွေ့တပိုက်ကြီးမို့ ဒီအသုဘကတော့ မျက်နှာကြီးမျိုးထဲကဖြစ်မှာပဲဟု တွေးရင်း အလောင်းထုတ်ရန် တာဝန်ရှိသူတချို့နှင့် စကားပြောနေသော ဂျင်းဂျာကင်နှင့်လူ၏လက်မှ အမ်(မ)စီ ဟန်းချိန်းကြီးကိုလည်းကောင်း၊ ရှေ့ခုံတန်းလျားပေါ်မှာထိုင်ရင်း ပန်းခြင်းကိုပိုက်ထားသော အနက်ရောင် ရှပ်အင်္ကျီပွပွ၊ အသားဖြူဖြူ၊ ဘိုဆန်ဆန် မျက်နှာနှင့် ကောင်မလေး၏ စကားပြောလိုက်တိုင်း အရှိန်နှင့် ယမ်းယမ်းသွားသည့် ရှည်မျောမျော နားဆွဲလေးကိုလည်းကောင်း ပေတိုး ကြည့်ကောင်းကောင်းနှင့် ငေးနေမိသည်။


“အောင်မယ်လေး အဖေရဲ့ … သမီးတို့ကို ပစ်ထားပြီလား”


နောက်ဘက်အခန်းငယ်တခုမှ စူးစူးဝါးဝါး အော်သံထွက်လာသဖြင့် ပေတိုး သတိပြန်ဝင်လာပြီး ထိုနေရာသို့ ပြေးလာခဲ့သည်။


ရုပ်ကလာပ်ကို ခေါင်းထဲသွင်းနေပြီ။ ပိန်လှီ ခြောက်ကပ် မွဲညစ်နေသာ အသုဘ၏ ကျန်ရစ်သူဇနီးသည်က ယောက်ျား၏ အမည်ကို တကြော်ကြော်ခေါ်ရင်း မိန်းမ ၂ ယောက်ဆွဲခေါ်ရာသို့ ဒရွတ်တိုက်ပါသွားသည်။ ချေးအထပ်ထပ်နှင့် ကလေးများက တစာစာ အော်ငိုနေကြစဉ် ခေါင်းကို လှည်းပေါ်တင်သူ တင်၊ ရေအိုးမသူ မဖြင့် အလုပ်ရှုပ်နေကြဆဲ ပေတိုး ကမန်းကတန်း ခေါင်းရင်းမှ လူဆီပြေးကပ်သွားပြီး …


“ဦးလေး၊ ပန်းခွေတွေ ယူမသွားနဲ့နော်”


“ဟေ … မယူရဘူးလားကွ၊ ပိုက်ဆံပေးပြီးပြီပဲ”


“တခွေ တဆယ်ပဲယူထားတာ၊ အဲဒါ ငှားခဗျ၊ အပြီးဝယ်ရင်တော့ ပိုက်ဆံပိုပေးရမှာပေါ့၊ ဦးလေးတို့ ယူသွားချင်ရင် ဝယ်လိုက်လေ”


“ အေးပါကွာ ဝယ်သွားတော့ရော ဘာလုပ်ရမှာလဲ၊ ထားခဲ့ပါမယ်”


“ ပြီးရင် ချမယ်ဟေ့၊ ကဲ … ထွက်ကြ ထွက်ကြ”


တစုံတယောက်၏ နိုးဆော်သံနှင့်အတူ အခန်းထဲမှ စုပြုံတိုးဝှေ့ထွက်သွားကြစဉ် ပေတိုးက နံရံပေါ်မှ ပန်းခွေ ၂ ခွေ ကို ဖြုတ်ယူ လိုက်သည်။


ခပ်လှမ်းလှမ်းမှ ရေအိုးချခွဲသံ ‘ခွပ်’ ကနဲ ထွက်ပေါ်လာသည်။


***


“ဟေ့ကောင် ...၊ အခန်း ၃ ကို လိုက်ခဲ့၊ ပန်းယူမယ်နဲ့တူတယ်”


ပိတ်ဖြူအုပ်ထားသော အလောင်းတင် လက်တွန်းလှည်းကိုတွန်းလာရင်းမှ ဦလေးညိုက ကပ်ပြောသွား၍ ပေတိုး လှည်းနောက်ပါသွားသည်။


ပေတိုးအလုပ်က ပန်းဘယ်ကရနိုင်မလဲ၊ ဘယ်သူပန်းဝယ်မလဲ၊ သို့မဟုတ် ဘယ်သူက အလောင်းတင့်တယ်ရုံ ပန်းခွေ ခဏငှားချိတ်မလဲ ဆိုတာ မလစ်လပ်အောင် စောင့်ကြည့်ရသည့်အလုပ်။


အစစအရာရာ အလှအပကိုဦးစားပေးသောမြို့ပြသည် အသုဘ အခမ်းအနားက အစ ပေတိုးတို့ဇာတိ အညာနှင့် ကွာချင်တိုင်းကွာသည်။

လူသားတို့၏ဘဝနှင့် ရုပ်ခန္ဓာနိဂုံးချုပ်ချိန်အထိ လှလှပပ ပေါ်ပေါ်လွင်လွင်ကြီး ထုံမွမ်းပြင်ဆင်ကြခြင်းသည် အဆန်းတော့ မဟုတ်ပေ။


မသေခင်က မည်မျှတာဝန်ကျေခဲ့သည်မသိသော်လည်း အအေးတိုက်၏ ခန်းမထဲရောက်လျှင်တော့ … အလှဆုံး၊ အကောင်းဆုံး၊ အခမ်းနားဆုံးဖြစ်အောင် ပြင်ဆင်ခြယ်သကြပြီး ပန်းခွေ ပန်းခြင်း မြိုင်မြိုင်ဆိုင်ဆိုင်ဖြင့် အနှမြောမရှိ၊ အပြိုင်အဆိုင်ပြင်ကြပြီး တဖွဲဖွဲရောက်လာသော အသုဘရှုသူများကို အမြင်တင့်တယ်အောင်အပြခံရသော မိဘတို့ သက်မဲ့ခန္ဓာများခမျာလည်း တရှုပ်ရှုပ် ပူပန်ငိုကြွေးနေသော သားသမီး မြေးမြစ်များ၏ အလယ်တွင် ကျေနပ်စဖွယ်ပင်။


ထိုအသုဘများမှ မီးသင်္ဂြိုဟ်စက်ရှေ့သို့ ရောက်ပြီဆိုသည်နှင့် ပန်းခွေ ပန်းခြင်းများကို စွန့်ပစ်ခဲ့ပြီး အလောင်း မီးသင်္ဂြိုဟ်စက် ဝင်ရောက်ပြီးပြီဆိုသည်နှင့် ကိစ္စပြီးပြတ်သွားပြီမို့ အသုဘရှင်များ ပြန်သွားသည်နှင့်တပြိုင်နက် ပန်းခွေ၊ ပန်းခြင်းလှလှများကို ပေတိုးတို့ကသိမ်း၍ စတိုခန်းတခုတွင် အသင့်ရှိနေသော မတူးထံ ပြန်သွင်းရသည်။


မတူးက ပန်းအနေအထားကိုကြည့်၍ပေးသော ငွေစသည် ပေတိုးတို့အတွက် ကိုယ်ပိုင်ဝင်ငွေဖြစ်သည်။


ထိုသို့ မတူးအား ပန်းပြန်သွင်းနိုင်ရန်အတွက် မတူးဝယ်ထားသော ပန်းများကိုလည်း ရောင်းတန်တာ ရောင်း၊ ငှားတန်တာ ငှားရအောင် ပေတိုးတို့က ကူဖြုန်းပေးရသေးသည်။ အချို့နယ်မှလာ၍ ဆေးကုသရင်း ပျက်စီးသွားကြသူများ၊ အတွေ့အကြုံ မရှိ၍လည်းကောင်း၊ မလုပ်တတ် မကိုင်တတ်၍လည်းကောင်း၊ မေ့လျော့နေကြ၍သော်လည်းကောင်း ပန်းခွေမပါလာကြသော အသုဘရှင်များက ပြင်ပြီးသည့်အခါမှ အခြားသူများနှင့်ယှဉ်ကြည့်ရင်း အလောတကြီး လိုအပ်လာတတ်ကြသဖြင့် ပေတိုးတို့ထံမှ မိမိတတ်နိုင်သော အင်အားဖြင့် ဝယ်ကြ ငှားကြရသည်။


ထိုသို့သောသူများကို အလောင်းလာထုတ်ကြသည်နှင့် ဦးစွာဆက်သွယ်နိုင်အောင် ပေတိုးက ကြိုးစားရသည်။ မတူးထံမှ ဝယ်သူရှိမှ မတူးကလည်း ပေတိုးတို့ထံမှ ပန်းပြန်ဝယ်ဖြစ်မည်လေ။ သို့မဟုတ်ပါက ပန်းပြန်သွင်းရန် အခက်တွေ့ရလိမ့်မည်။ မတူး ပန်းများများ ရောင်းရလေ ပေတိုး ပန်းသွင်းရတာ ဈေးရလေပင်။


တခါတခါတော့လည်း သည်အလုပ်လုပ်ရတာ လိပ်ပြာမလုံချင်။ တဦးတယောက်အတွက် ၄င်းမိသားစုက အမြတ်တနိုး ရည်စူးထားသော ပစ္စည်းကို ကိုယ်ကယူပြီး စာတန်းတွေဖြုတ်၊ အကျအနပြန်ပြင်ပြီး တလက်ပြီး တလက် နာမည်တခုပြီးတခု ပြောင်းချိတ်ပေးနှင့် ဖြတ်စား လျှပ်စားလုပ်ရသောကိစ္စသည် သိပ်တော့ မကောင်းလှ။ ဒါပေမယ့် ပေတိုးမလုပ်လည်း သည်အလုပ်ကို အေးသောင်းတို့ အောင်ဘုတို့ လုပ်ကြသည်ပင်။ စကားစပ်မိလျှင် ဒီကောင်တွေက …


“လူတွေက အဓိပ္ပာယ်မှမရှိတာကွ၊ သူတို့ယူလာတဲ့ပန်းတွေက ဘယ်လောက်ပဲလှလှ အဖိုးတန်တန် သေတဲ့သူက ဘာလုပ်လို့ရတာ မှတ်လို့၊ ပြီးတော့လည်း နွမ်းသွား၊ ကြွေသွားပျက်စီးသွားတာပဲ။ ငါတို့တွေ ခုလိုလုပ်နေတာကမှ ငါတို့လည်း ဝမ်းပြည့် ဒီပြင့်လူတွေလည်း အဆင်ပြေ အလကားဖြစ်မယ့်အစား အကျိုးရှိရှိ အသုံးချနေကြတယ်လို့ပဲ မှတ်စမ်းပါကွာ … ”


ဟု ကိုယ်လိုရာ ကိုယ်ဆွဲပြောတတ်ကြသည်။


“ ဟေ့ကောင် ပေတိုး၊ မြန်မြန်လာပြီး ဝိုင်းမစမ်းပါဦးကွ”


ခန်းမ ၃ ရှေ့အရောက် ဦးလေးညိုက လှမ်းခေါ်လိုက်၍ အမြန်ပြေးသွားပြီး အလောင်းပေါ်မှ ပိတ်စကိုဖယ်ကာ အောက်ခံပိတ်အဖြူမှ အလောင်းတင်ထားသည့် အနေအထားအတိုင်း ခြေရင်းခေါင်းရင်းမှ တဝက်စီမ၍ လက်တွန်းလှည်းပေါ်မှတဆင့် အလောင်းပြင်မည့် စတီးခုံပေါ်သို့ မရွှေ့လိုက်သည်။


“ကျမ တူမလေးကို လှအောင်ပြင်ပေးကြပါရှင်၊ သူက သိပ်အလှကြိုက်တာ … ဟင့် … ဟင့်၊ ဒီမှာ သူ့အလှပြင် ပစ္စည်းတွေ၊ သူ့ပစ္စည်းနဲ့ သူ့လိမ်းပေးပါနော်”


ပြောပြောဆိုဆို အမျိုးသမီးက ငိုယိုမြည်တမ်းရင်း မိတ်ကပ်၊ နှုတ်ခမ်းနီ၊ ပေါင်ဒါ၊ မျက်ခုံးဆွဲခဲတံ အစရှိသည့် အလှပြင်ပစ္စည်းများနှင့် အလောင်းလွှမ်းရန် ဝတ်ကောင်းစားလှများ၊ ဖယောင်းတိုင်၊ အမွှေးတိုင်များထည့်ထားသော ကြိမ်ခြင်းကြီးတခြင်းကို ချပေးခဲ့ပြီး ခပ်လှမ်းလှမ်းမှာသွားထိုင်ကာ ငိုနေတော့သည်။


အလောင်းက အသက် ၂၀ ခန့်သာရှိသေးသော မိန်းကလေးဖြစ်ပြီး အလွန်လှပသူမို့ မိဘ ညီအကိုမောင်နှမများ အတွက် ရင်ကျိုးစရာ။

ဘာရောဂါကြောင့်သေသည်ကို ပေတိုးတို့ မသိသော်လည်း ဦးခေါင်းနှင့် အရှေ့ပိုင်းလည်ပင်းအောက်မှ ဆီးစပ်အထိ ခွဲ၍ ပြန်လည် ချုပ်နှောင်ထားသဖြင့် မြင်ရသည်မှာ စိတ်လှုပ်ရှားစရာ။


အဒေါ်ဖြစ်သူက စိတ်မခိုင်သဖြင့် မထိရဲ မိကိုင်ရဲ။ ဦးလေးညိုက တယောက်တည်းပြင်ပေးရတော့မှာမို့ သွက်လက် ဖျတ်လတ်နေသည်။

ပထမဆုံး မိန်းကလေး၏မျက်နှာမှ ရေခဲချွေးများကို အချိန်ကြာကြာ စုပ်ယူထားရန်အတွက် မွေးပွမျက်နှာသုတ် ပဝါလေးကိုဖြန့်ပြီး အသာအယာ ဖိ၍ကပ်ထားသည်။


ထို့နောက် အလောင်း၏ထိပ်မှနေ၍ ဒဏ်ရာနှင့်ချုပ်ရိုးမှ သွေးများနှင့် ရေခဲငွေ့ပျော်ရည်များရောကာ တစက်စက် ကျနေသော ဆံပင်များ အား ခြောက်သွေ့အောင်သုတ်ပြီး ပလတ်စတစ်ဘီးဖြင့် အနောက်ဘက်သို့လှန်ချကာ စိတ်ရှည်လက်ရှည် ဖြီးသင်လိုက်သည်။


ပြီးမှ အဝတ်နွမ်းဝတ်ထားသော ခန္ဓာကိုယ်ပေါ်သို့ တောက်ပသစ်လွင်သော အဝါရောင်ဝတ်စုံတစုံအား လွှမ်းတင်ပေးလိုက်ပြီး လက်နှစ်ဖက်ကို အသာမကာ ရင်ညွန့်အောက်နားတွင် လက်ဖဝါးနှစ်ဖက်အား လှပစွာ ပူးယှက်ကာ ထိုလက်များထဲတွင် နှင်းဆီပန်း လေးငါးပွင့်ကို ပန်းစည်းသဏ္ဌာန်ပြု၍ ထည့်ထားပေးလိုက်သည်။


ဆံပင်နှင့်အဝတ်အစားတို့ကို ပြင်ဆင်ပြီးတော့မှ မျက်နှာပေါ်မှ ပဝါကိုခွာချ၍ ချွေးစ ချွေးနများ စင်ကြယ်အောင် သုတ်ပေးပြီး မိတ်ကပ်ကို ခပ်ပါးပါးလေး ညီညာအောင်ပွတ်လိမ်းပြီး ကရင်ပတ်ကလေး ထပ်ဖို့လိုက်သောအခါ မိန်းကလေး၏မျက်နှာမှာ ဝင်းပသွားတော့သည်။


ဆက်လက်ဖော်ပြပါမယ်။


No comments: