Thursday, November 20, 2008

လင်းနွေးအိမ် (နေလို လလို ရဲဘော်နေလ)


ဂုရုရေ
အိပ်မက်တွေပိုက်ပြီး လျှောက်ခဲ့ကြတဲ့
တော်လှန်စစ်အနှစ်နှစ်ဆယ် ကာလမှာ
ဌာနတွေ မတူခဲ့ကြပေမယ့်
ဝါဒတွေ တူခဲ့ကြတယ်။

ဂုရုရေ
ဆေးလိပ်တို လက်ကြားညှပ်ပြီး
အဆိပ်ငွေ့တွေရှူရှိုက်ရင်း
အသက်ပြင်းပြင်းရေးခဲ့ကြတဲ့ကဗျာတွေထဲမှာ
ပါဒတွေ တူခဲ့ကြတယ်။

ဂုရုရေ
မဲဆောက်က ဆရာလွမ်းရဲ့ ကဗျာစခန်းမှာ
သူရာနဲ့ ဝရုဏကို ဂုဏ်ပြုကြတုန်းကလဲ
စရဏတွေ တူခဲ့ကြတယ်။

အခုတော့
ရဲဘော်ရေ လို့ အော်ခေါ်လိုက်တဲ့အခါမှာ
ချွန်မြနေတဲ့ကလောင်တချောင်းက
မြင့်ဇေဘလောက်ထဲက ထွက်လာတယ်
အဲဒါ ဂုရု ဖြစ်တယ်
အဲဒါ ပွင့်သစ်(ကရိန်ကန်) ဖြစ်တယ်
အဲဒါ ရဲဘော်မြင့်အောင် ဖြစ်တယ်
အဲဒါ ကိုနေလ ဖြစ်တယ်
အဲဒါ ၈၈ ရဲ့ ရင်သွေးတယောက်ဖြစ်တယ်
အဲဒါ စစ်အုပ်စုနှလုံးသားမှာ စိုက်နင်ခဲ့တဲ့ ကျည်ဆန်တတောင့်ဖြစ်တယ်။

ရဲဘော်ဂုရုရေ
စိတ်ချလက်ချသွားပေတော့
ခင်ဗျားချစ်တဲ့ ရဲဘော်တွေရှိနေသမျှ
ခင်ဗျားပွင့်စေချင်တဲ့ပန်းတွေ ဝေဆာလာလိမ့်မယ်။ ။

(၂ဝဝ၈ နိုဝင်ဘာ ၂ဝ မှာဘဝကူးသွားတဲ့ သူငယ်ချင်းရဲဘော်သို့)




No comments: