ထိုအချိန်မှာ ရွှေဂုံတိုင်က အဖွဲ့ချုပ် ဌာနချုပ်ရုံးမှာ အဖွဲ့ဝင်တွေက ရုံးခန်းကို ပုံမှန်ဖွင့်လှစ်ဖြစ်အောင်ကြိုးစားရင်း ခေါင်းဆောင်များ လွတ်မြောက်လာမယ့်နေ့ကို စောင့်စားနေကြရပါတယ်။ ဒီအခြေအနေမှာ သူက အဖွဲ့ချုပ်ရုံးကို သွားဖို့ ကြိုးစားခဲ့ပါတယ်။ ပြောလည်း ပြောပါသေးတယ်။
“ဒီအချိန်မှာ သွားရမယ်ဗျ။ ဒေါ်အောင်ဆန်းစုကြည်တို့ အဖမ်းခံထားရတယ်ဆိုတော့ ဘာပဲပြောပြော အဖွဲ့ဝင်တွေ အနည်းနဲ့အများ အားငယ်နေမှာပဲ။ ဒီတော့ ကျနော်တို့ အလှည့်ကျဖြစ်ဖြစ် သွားပြီး အားပေးရမယ်”
ဒါပေမယ့်လည်း အဖွဲ့ချုပ်ရုံးကို သူ မရောက်ဖြစ်ခဲ့ပါ။ အကြောင်းကတော့ အဲဒီ အတောအတွင်း သူ့ရဲ့ ကျန်းမာရေး အခြေအနေ သိပ်မကောင်းခြင်း၊ သူ့ကို အပို့ အကြို လုပ်ပေးမယ့်သူတွေကို အားနာတာတို့ကြောင့် ဖြစ်ပါတယ်။
မရောက်ဖြစ်ခဲ့ပေမယ့် သူဟာ အားငယ်သူကို အားပေးတတ်သူတယောက်ဖြစ်တယ်ဆိုတာ ကျနော်တို့ ယုံကြည်ထားကြပါတယ်။ အဲဒီတုန်းက သူပြောခဲ့တဲ့ စကားတခွန်းကို မှတ်မိနေပါသေးတယ်။
“မန်းဝင်းမောင် ဆိုတာ ကျနော်နဲ့ တော်လှန်ရေး အတူတူလုပ်ခဲ့တဲ့သူပဲ။ ဒါပေမယ့် သူ သမ္မတ ဖြစ်တဲ့အချိန် သူ့အိမ်ကို ကျနော် လုံးဝ မသွားခဲ့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီအချိန်သူ့ဆီသွားရင် သူငယ်ချင်းတယောက်လာတယ်ဆိုတဲ့ အမြင်မျိုးမမြင်ဘဲ အကူအညီတခုခု လိုချင်လို့လာတယ်ဆိုတဲ့ သဘောမျိုးမြင်မှာစိုးတယ်။ အဲဒါမျိုးလည်း အထင်မခံချင်ဘူး။ ဒါကြောင့် ကျနော် မသွားတာ။ ဒါပေမယ့် သူအဖမ်းခံရတယ်ဆိုတဲ့ သတင်းကြားတဲ့အခါမှာတော့ သူ့အိမ်ကို ကျနော် အရင်ဆုံးရောက်အောင် သွားခဲ့တယ်။ ကျနော့်စိတ်က အဲဒီလိုမျိုး”
သူဟာ ဆေးလိပ်မသောက်၊ အရက် မသောက်ဘဲ နေထိုင်သူဖြစ်ပြီး စကားကို အေးဆေးတည်ငြိမ်စွာ ပြောတတ်သူလည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကံကြမ္မာက သူ့ကို ‘အဆုတ်ကင်ဆာ’ဆိုတဲ့ လက်နက်နဲ့ နှိပ်စက်ကလူပြု ခဲ့ပါတယ်။
တကယ်တော့ မြန်မာနိုင်ငံက ညံ့ဖျင်းလှတဲ့ အခြေခံကျန်းမာရေး စောင့်ရှောက်မှုအောက်မှာ စတေးခဲ့ရတာဖြစ်ပါတယ်။ ကျန်းမာရေးအခြေအနေ တစတစ ဆိုးဝါးလာလို့ စမ်းသပ်ကုသမှုတွေ သေသေချာချာ လုပ်ကြည့်တော့မှ အဆုတ်ကင်ဆာမှန်း သိလိုက်ရတာ ဖြစ်ပါတယ်။
အဆင့်ကတော့ မျှော်လင့်ချက်ကင်းမဲ့တဲ့ နောက်ဆုံး အဆင့်ပါပဲ။ သူ့ရဲ့မိတ်ဆွေတွေဟာ သူ့မိသားစုနဲ့အတူ ရန်ကုန်ဆေးရုံကြီးက ဓာတ်ရောင်ခြည်ဌာနမှာသွားရောက်ပြီး ဓာတ်ရောင်ခြည်ပေး ကုသခဲ့ကြပါတယ်။
စိတ်မသက်သာဖွယ်ဖြစ်ရတာကတော့ အချိန်ကုန် လူပန်းခြင်းပဲဖြစ်ပါတယ်။ ဓာတ်ရောင်ခြည်ဌာနမှာ ကိုယ့် အလှည့်ရောက်ဖို့ နံနက် ၈ နာရီကနေ နေ့လယ်ပိုင်းအထိ စောင့်ခဲ့ကြရပါတယ်။ တချိန်တည်းမှာ သူဟာ မောပန်းမှုဝေဒနာလည်း သိသိသာသာ ခံစားလာခဲ့ရပါတယ်။ နောက်ဆုံးတော့ သူ့ဆန္ဒအရပဲ ဓာတ်ရောင်ခြည် ပေးကုသခြင်းကို ရပ်ဆိုင်းခဲ့ကြရပါတယ်။
ဒီနေရာမှာ စိတ်မကောင်းစရာက လူ့တန်ဖိုးကို ခဝါချထားခြင်းကိစ္စပါ။ သူဟာ တိုင်းပြည်လွတ်လပ်ရေးအတွက် အသက်ကိုအရင်းပြုပြီး ကြိုးပမ်းခဲ့တယ်။ လွတ်လပ်ရေးရပြီးနောက်မှာလည်း နှစ်ပေါင်းများစွာ အကျဉ်းချခံခဲ့ရ တယ်။
ဘဝရဲ့ နောက်ဆုံး အချိန်မှာတောင် ကျန်းမာရေးစောင့်ရှောက်မှုတွေ ကောင်းကောင်းမွန်မွန် မရရှိခဲ့ဘူးဆိုတော့ သူ့အတွက် ဘယ်လို ကောင်းကျိုးမျိုးမှ မခံစားခဲ့ရသလိုပါပဲ။ တိုင်းပြည်ကိုချစ်တဲ့၊ တိုင်းပြည်ကို ကောင်းစားစေချင်တဲ့သူတွေကို ရန်သူအဖြစ် သတ်မှတ်ခြင်းပြုကြတဲ့ ခေတ်ဆိုးခေတ်ပျက်ကြီးထဲမှာ ဒီလိုပုဂ္ဂိုလ်မျိုးတွေ ဆုံးပါးရတာ အလွန်နှမြောဖွယ်ကောင်းလှပါတယ်။ မဆုံးပါးဘဲ အသက်ရှင်လျက်ရှိနေကြပြန်တော့လည်း အခွင့်အလမ်းထက် အန္တရာယ်သာ များလှပါတယ်။
နောက်ပိုင်းမှာ သူ့ရဲ့ကျန်းမာရေး အခြေအနေက မျှော်လင့်ချက် နည်းပါးသထက် နည်းလာခဲ့ပါတယ်။ အစားအသောက် မစားနိုင်တဲ့ အခြေအနေထိ ဖြစ်လာခဲ့ပါတယ်။ သူကတော့ သူ့အခြေအနေကို သူ သိနေပါတယ်။ ဒါပေမယ့်လည်း သေမယ့်အချိန်ကို ရဲရဲဝံ့ဝံ့ စောင့်ဆိုင်းခဲ့ပါတယ်။
သူ့နေအိမ်ကိုလာရောက်ကြတဲ့ နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်တွေ၊ မိတ်ဆွေတွေကို “ကျနော် သေမှာ မကြောက်ဘူး” လို့ ဖွင့်ပြောခဲ့ပါတယ်။ ဒီအတွက်လည်း အားလုံးက စိတ်မကောင်းဖြစ်ကြရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လောကအတွက် တန်ဖိုးရှိသူတဦးကို ကမ္ဘာမြေပေါ်မှာ ဆက်လက်ရှင်သန်နေစေချင်ကြတာ ဓမ္မတာပါပဲ။
အားလုံးမရောက်စေချင်တဲ့နေ့ကို ရောက်ရှိခဲ့ပါပြီ။ အဲဒီနေ့ကတော့ ၂ဝဝဝ ပြည့်နှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့ဖြစ်ပါတယ်။
အဲဒီနေ့မှာ သူဆိုတဲ့ တိုင်းပြည်လွတ်လပ်ရေးအတွက် စွမ်းစွမ်းတမံ အသက်စွန့် ကြိုးပမ်းခဲ့တဲ့၊ မြန်မာ့နိုင်ငံရေး ခေါင်းဆောင်များမှာ ဒုတိယ ထောင်သက် အရှည်ဆုံးဖြစ်တဲ့၊ လူငယ်တွေကို လွန်စွာ လေးစားယုံကြည်တဲ့၊ တိုင်းပြည်ကောင်းစားတာကို မြင်လိုတဲ့ ပုဂ္ဂိုလ်ကြီးဟာ သူချစ်လှစွာသော နိုင်ငံတော်၊ သူ ခင်တွယ်လှသော နိုင်ငံရေးရဲဘော်တွေကို ခွဲခွာသွားခဲ့ပါတော့တယ်။ ကျန်ရစ်သူတွေကတော့ ကြေကွဲမှု၊ ယူကျုံးမရမှုတွေ ပြည့်နှက်စွာနဲ့ပေါ့။
တကယ်တော့ သူ မသေပါ။ သူ့ရဲ့ဝိညာဉ်တွေ၊ သူ့ရဲ့ပုံရိပ်တွေ၊ သူ့ရဲ့လုပ်ဆောင်ခဲ့မှုတွေက မြန်မာ့သမိုင်းမှတ်တိုင်တွေနဲ့အတူ ဆက်လက်ရှင်သန်တည်ရှိနေမှာ ဖြစ်ပါတယ်။ သူဟာ …
ပြည်ကို နှိပ်စက်
သမိုင်းဖျက်သည့်
လက်ထက်တွေတိုင်း
မတွန့်ဆိုင်းဘဲ
သမိုင်းရေးသူ အစစ်တည်း … …
(လေထီး ဦးအုန်းမောင် ကွယ်လွန်ခြင်း ၁ နှစ်ပြည့် အမှတ်တရ ဂုဏ်ပြုခံစားပါသည်။)
ထိန်လင်း
၂၃-၁၁-၂၀၀၁
ရေစီးသံဂျာနယ်
အတွဲ ၅ အမှတ် ၁
ဇန်နဝါရီလ ၁ ရက် ၂၀၀၂ ခုနှစ်
(ပုံတူကောက်ကြောင်းပန်းချီ - မင်းကျော်ခိုင်)
No comments:
Post a Comment