Saturday, November 15, 2008

ဂျီမေးလ် မှာ ရုပ်မြင်သံကြား ပြောဆိုဆက်သွယ်နိုင်


G-mail သုံး၍ ရုပ်မြင်အသံကြား ပြောဆို ဆက်သွယ်နိုင်ပြီ


ရန်ကုန်၊ နိုဝင်ဘာ ၁၂


မြန်မာနိုင်ငံတွင် လူသုံးအများဆုံးနှင့် ရေပန်းအစားဆုံးဖြစ်သည့် G-mail သည် နိုဝင်ဘာလ ၁၁ ရက်နေ့မှစ၍ အသံရော အရုပ်ပါ အင်တာနက်ပေါ်တွင် မြင်တွေ့ပြောဆိုဆက်သွယ်သည့် Voice and Video Chat ဝန်ဆောင်မှုကို ထပ်မံတိုးချဲ့လိုက်ကြောင်း စင်ကာပူရောက် IT ပညာရှင်တဦးက The Voice Weekly သို့ ပြောကြားသည်။


G-mail က ယခုကဲ့သို့ အသံရော ရုပ်ပါမြင်တွေ့ရ၍ ပြောဆိုဆက်သွယ်နိုင်သော ဝန်ဆောင်မှုကို ပေးလိုက်ခြင်း သည် IT လောကတွင် အမေရိကန် သမ္မတ ရွေးကောက်ပွဲသတင်းကဲ့သို့ပင် လွန်စွာ စိတ်လှုပ်ရှားဖွယ်ကောင်း သော သတင်းဖြစ်သည်ဟုလည်း အဆိုပါ IT ပညာရှင်က ရှင်းလင်းပြောကြားသည်။


အင်အားကြီး အင်တာနက်အင်ဂျင်ကြီး Google က ယင်းဝန်ဆောင်မှုနှင့်ပတ်သက်၍ “အင်တာနက်ပေါ်မှာ စကားပြောကြတဲ့ G-mail အသုံးပြုသူတွေအတွက် လိုနေတာတခု ကျန်နေပါသေးတယ်။ အဲဒီအတွက် ကျနော်တို့ က ဖြည့်ဆည်းပေးလိုက်တာပါ” ဟုလည်း အဆိုပါဝန်ဆောင်မှုနှင့်ပတ်သက်၍ G-mail ၏ တရားဝင် ဘလော့ဂ် စာမျက်နှာတွင် ရေးသားထားသည်။


မြန်မာနိုင်ငံတွင် E-mail ဆိုလျှင် G-mail ဟုသာ ထင်ကြသည်အထိ အသုံးပြုသူများပြားပြီး အဆိုပါဝန်ဆောင်မှု သည် အဝေးရောက် ကွဲကွာနေသော မိသားစုဝင်များအကြား အင်တာနက်ဆက်သွယ်ရာတွင် လွန်စွာအဆင်ပြေ ကြောင်း G-mail အသုံးပြုသူတဦးက ပြောကြားသည်။


သို့ရာတွင် အဆိုပါဝန်ဆောင်မှုကို G-mail တွင်သာ အသုံးပြုနိုင်ပြီး G-talk တွင် အသုံးပြု၍မရကြောင်း အသုံးပြု သူ ကွန်ပျူတာတွင် web-cam ရှိရန်လိုအပ်ပြီး ယင်းဝန်ဆောင်မှုကို http://mail.google.com/videochat ဆွဲချ ၍ မိမိကွန်ပျူတာတွင် ထည့်သွင်းထားရန်ဖြစ်ကြောင်း ကိုယ်တိုင်အသုံးပြုသူတဦးက ပြောကြားသည်။


ယခုကဲ့သို့ G-mail မှ အသံနှင့် အရုပ်ဝန်ဆောင်မှု တိုးချဲ့လိုက်သည့်အတွက် မြန်မာနိုင်ငံရှိ G-mail အသုံးပြုသူ များအကြား ယခုထက် ပိုမိုရေပန်းစားလာရန်ရှိပြီး အင်တာနက်တွင် ရုပ်မြင်သံကြားပြောဆိုနိုင်သည့် Skype နှင့် VZO စသည့် အခြားဝန်ဆောင်မှုများကို အသုံးပြုသူ လျော့နည်းသွားဖွယ်ရာရှိကြောင်း IT လောကသားတဦးက သုံးသပ်ပြောကြားသည်။ (Associated News)


The Voice Weekly

အတွဲ ၅၊ အမှတ် ၎


No comments: