စာအိတ်ပေါ်က လိပ်စာ
ဘယ်မှာမှ ရှာမတွေ့
ရွာသာယာ အဘသို့
ပို့ပေးပါ လိပ်စာရေးပေမယ့်
ပို့ပေးရန် မတွေ့။
ဒီလိုနဲ့ ဒီစာလေး
စာသေရုံကြီးက
ပုံးကြီးထဲရောက်လို့လာ
သက်ဆိုင်ရာပြန်ရောက်ဖို့
ဖောက်ကြည့်တယ်လေး။
ဖောက်ကြည့်တဲ့အခါ
ပို့သူရဲ့လိပ်စာ
မပါလာ ဒီစာလေး
နွမ်းကြေတဲ့ စာရွက်ပြဲပေါ်က
ပဲညှောက်ပေါက် စာလုံးကျဲနဲ့
ခဲတံလက်ရေး။
အဘ …
ထွေးမြ စာရေးလိုက်ပါတယ်
တလ ငွေ ၅ဝ ပေးမယ်
ပန်းကန်ခွက်ယောက် ဆေးရမယ်
ကလေးထိန်းပေးရမယ်ဆိုပြီး
သူဌေးကတော်ကြီးက
ရန်ကုန်မြို့ကြီးပေါ် ခေါ်သွားတော့
ဟုတ်လေမလား
အထင်ကြီးတခွဲသားနဲ့ 
လိုက်သွားခဲ့ပါတယ်
လားလားမှမဟုတ်ကြပါ
ကြမ်းကြုတ်ရက်စက်လိုက်ကြတာ
နားနဲ့မနာ
ဖဝါးနဲ့နာပါ
ကျမကို ဟိုဟာ လုပ်ခိုင်းကြပါတယ်။
ရိုင်းစိုင်းပက်စက်
စကောလောက်မှ
စောက်မနက်
ကျမ အသက်
ရေနက် မနစ်
ရေတိမ်နစ်ရပါတော့မယ်
ကယ်လှည့်ပါ အဘ
ခပ်မြန်မြန်
ရန်ကုန်ကိုလိုက်ခဲ့ပါ
ကျမ ရှိတဲ့
တိုက်အိမ်ကြီး
မေးပြီးလာခဲ့ပါ … အဘ
ထွေးမြ။ ။
ကြည်အောင်
၁၉၈၅ ၊ ဒီဇင်ဘာ၊ ၅ ရက်
‘မိခင်မာရသွန် ကဗျာများ’ စာအုပ်မှ
No comments:
Post a Comment