Monday, November 10, 2008

အောင်စည် (ကြာပေါ်စိန်ကို လွမ်းမိသည်) ၁


သစ်သစ်နှင့် ကျနော် လက်ထပ်ခဲ့သည်မှာ နှစ်နှစ်တင်းတင်း ပြည့်ခဲ့ပြီ။ ယခုအချိန်အထိ သားသမီးယူရန် စိတ်မကူးဝံ့ကြပေ။ အခြေအနေအရ လိုချင်ပါလျက် အချိန်တွေ ရွှေ့နေရသည်။ လင်မယားနှစ်ယောက်ဆိုပေမင့် ကြည်ကြည်နူးနူး၊ ပျော်ပျော်ပါးပါး နေခွင့်သာသည်ဟူ၍ ယနေ့အထိ မကြုံသေး။


ချောက်တိချောက်ချက် ဘွဲ့ကလေးတခုစီရခဲ့ကြသော်လည်း မှိုင်းမမည့် ကျောထောက်နောက်ခံမဲ့သဖြင့် မူလတန်းပြ ဆရာ၊ ဆရာမဘဝကိုသာ တောက်တဲ့ကပ် ကပ်ထားကြရသည်။ သစ်သစ်က မြို့ပေါ် ဆင်ခြေဖုန်း ရပ်ကွက်တခုရှိ မူလတန်းကျောင်း တကျောင်းတွင် ဆရာမ။ သူ့မိဘ (ကျနော့်ယောက္ခမ)များ အိမ်မှာပင် မှီခို စားသောက်ပြီး အလုပ်ဆင်းရသည်။


ကျနော်ကတော့ ကျွဲအင်းချောင်းရွာတွင် မူလတန်းပြဆရာ။ အိပ်တော့ ရွာဦးက ဘုန်းတော်ကြီးကျောင်း။ စားသည်ကတော့ ဆရာတော်နှင့် ရပ်ရွာမှ ပေးကမ်းစွန့်ကြဲမှုကို မှီခိုရသည်။


ကျနော်တို့ နှစ်ယောက်ရသည့် လစာကလေးကို ချွေချွေတာတာသုံးကာ သစ်သစ်က တာဝန်ယူ၍ ကုတ်ကုတ်ခြစ်ခြစ် စုသည်။ ကျနော်တို့လင်မယားမှာ တလတွင် သုံးလေးရက်သာ မျက်နှာချင်းဆိုင်ခွင့်ရသည်။ အကြင်လင်မယားဖြစ်ပါလျှက် သမီးရည်းစားဘဝ ပြန်ရောက်နေရသောကြောင့် ကံကြမ္မာကို ကျနော် မကျေနပ်နိုင်။


“မင်း အလုပ်ကရင်လည်း ထွက်လိုက်ပါတော့လား သစ်သစ်ရာ။ လင်မယား နှစ်ယောက် တကျောင်းတည်းရအောင် ကြိုးစားပေမယ့်လည်း ခုထိကို အဆင်မပြေနိုင်ဘူး။ ပြေဖို့လည်း မလွယ်တော့ဘူးထင်ပါတယ်။”


“အို … အစ်ကိုကလဲ၊ သစ်သစ်အလုပ်ကထွက်လိုက်ရင် အစ်ကိုတယောက်တည်းလစာလေးနဲ့ ဘယ်လိုလုပ်ပြီး စားလောက်မလဲ။ သားသား၊ မီးမီးလေးလည်း တယောက်လောက်တော့ လိုချင်သေးတယ်ဆို။ ဒီကနေ့ ကုန်ဈေးနှုန်းတွေရဲ့ အခြေအနေကလည်း အစ်ကိုသိသားနဲ့ကွယ်။ ငွေကလည်း အသုံးခံတာမဟုတ်ဘူး။ ဒီတနှစ်လောက် ငွေလေးစုဆောင်းပြီးမှ တမျိုးတမည် စဉ်းစားကြ တာပေါ့နော်”


ချစ်ဇနီးသစ်သစ်က စိတ်မချမ်းမသာဖြင့် ကျနော့်ကိုဖြောင်းဖျသည်။ ‘ဟင်း’ ကနဲ သက်ပြင်းချရုံမှအပ ကျနော်မည်သို့မှ အတွန့်မတက် နိုင်တော့။ အကြင်လင်မယားဖြစ်ပါလျက် သမီးရည်းစားလိုလို၊ ဘာလိုလိုကြီး နေနေရသည့်အဖြစ်ကို သစ်သစ်ကိုယ်တိုင်လည်း မနှစ်မြို့နိုင်မှန်း ကျနော်သိသည်။


လက်မထပ်ဘဲ အတူနေကြသည်ကို လစ်ဗင်းတူဂဲသား (Living Together) ဟုခေါ်လျှင် ကျနော်တို့လို လက်ထပ်ပြီး အတူမနေရသည့် ဘဝကို ဘယ်လိုများခေါ်ကြပါလိမ့်။ ဘယ်လိုများ ခေါ်ရပါလိမ့်။


ကျနော်က ကျနော့်ဝေဒနာကို ကြာပေါ်စိန်ထံ ရင်ဖွင့်မိသည်။ ခံစားနေရသည့် ဝေဒနာများမှ သက်သာလို သက်သာငြားဆိုသည့် သဘောလည်းဖြစ်သည်။


“ဝဋ်ပဲထင်ပါရဲ့ ဆရာလေးရယ်” ဟု ကြာပေါ်စိန်က ပြောလာသောအခါ ကျနော့်မှာ ပါးစပ်အဟောင်း သားဖြစ်သွားရသည်။ သူ့စကားကြောင့်လည်း ဝေဒနာက မသက်သာသည့်အပြင် ကသိကအောက်ကြီး ဖြစ်သွားရသည်။ သည်ဝဋ်ဆိုတာကြီးက ဘယ်ကများ ပါလာရပါလိမ့်။ သူပြောသလိုသာဆိုရင် ဝဋ်ခံနေရသူတွေကလည်း များလှချည်လား။ ကျနော် အတွေးလွန်နေစဉ် ကြာပေါ်စိန်က စကားဆက်သည်။


“အခုဟာက ဘယ်လောက်ပဲလုပ်လုပ် လောက်ငှတယ်လို့ကို မရှိဘူးဗျ။ ဆရာလေးတို့လို ပညာတတ်တွေသာ မကဘူး၊ ကျနော်တို့ လယ်သမားတွေလည်း လူရော နွားပါ ဂျင်ခြေကိုလည်နေတာပါပဲ။ ဥတုသုံးလီ နားရတယ်ကို မရှိဘူး။ သီးထပ် သီးညှပ်တွေ ထပ်လွန်းညှပ်လွန်းတော့ ကြပ်လိုက်ကြတာ ဖျစ်ဖျစ်ကိုမြည်နေတာပါပဲ ဆရာလေးရယ်”


ကျနော်လည်း ကြာပေါ်စိန်ကို ငေးကြည့်နေမိသည်။ ကြာပေါ်စိန်က သူ့ရင်ထဲက ပြောစရာရှိတာတွေကို ဆက်ပြောနေသည်။


“ကျုပ်တို့ခပ်ငယ်ငယ်ကတော့ ဒီ လိုမဟုတ်ဘူးဗျ။ မိုးသီးနှံစပါးက အဓိက ပဲ။ ဆောင်းသီးဆောင်းနှံ ဆိုတာက အရံသဘောလောက်ပဲ။ နွေရောက်ပြီဆိုရင် ထင်းကလေး၊ မြောတိုင်ကလေး၊ အခြင် ဝါးကလေးကအစ ခုတ်တာလောက်ပဲ အလုပ်ရှိတယ်။ နွေရာသီဆိုတာ တတ်နိုင်သမျှ လှူဟယ်၊ တန်းဟယ်။ ဟိုဘုရား ပွဲသွား၊ ဒီဘုရားပွဲသွားနဲ့ လယ်သမားနဲ့ နွား၊ နားတဲ့ရာသီလေ။ အခုတော့ တပေါင်းနွေဆူဆူကြီးမှာ ထွန်ဟ၊ ထယ်ဟနဲ့ ဝါစိုက်ရ၊ နွေစပါးကြဲရနဲ့ လူရော နွားပါ ကျောကွဲခမန်းပဲ။ ဟိုတုန်းက ကုန်ဈေးနှုန်းကလည်း အခုလို မကြီးသေးဘူး။ ရွှေတကျပ်သားမှ သုံးရာကျော် အများဆုံးပဲလို့ လူကြီးတွေပြောကြတာ မှတ်မိသေးတယ်။ အခုနေ ငွေသုံးရာနဲ့ဆို ကြက်တပိဿာတောင် မရဘူးမို့လား”


ကြာပေါ်စိန်တယောက် ပြောရင်း ပြောရင်းနဲ့ အတိတ်ကို တမ်းတမိပုံပေါ်သည်။ စကားပြောရင်း မျက်လုံးများက ရီဝေကာ အဝေးကို ငေးမောကြည့်နေသည်။ ကျနော်ကလည်း ကိုယ့်အမောနှင့် ကိုယ်ဆိုတော့ ဘာစကားမှ မဆက်ဖြစ်။ ခဏကြာမှ ကြာပေါ်စိန်က သူ့စကားကိုဆက်လိုက်သည်။


“ဘယ့်နှယ့်ကြောင့် ဒီလောက်ဖြစ်ကုန်တယ်မသိပါဘူး ဆရာလေးရာ။ ကုန်ဈေးနှုန်းတွေများ ဘကြီးပေါ မီးပုံးပျံလိုပဲ တရိပ်ရိပ်နဲ့ တက်လိုက်တာများ မှေးနေအောင်ကိုပဲ။ သမုဒ္ဒရာဝမ်းတထွာမို့ပေါ့ ဆရာလေးရယ်။ တတောင်သာဆိုရင် မြေကြီးတွေကို ကြုံးစားရသဗျ”


ကြာပေါ်စိန့်စကားကြောင့် စောစောက ကသိကအောက်ကြီး ခံစားနေရသည်များမှာ ပြေလျော့သွားပြီး မျက်ရည်ကျအောင်ပင် ရယ်လိုက်မိသည်။


ကျွဲအင်းချောင်းရွာမှ ဘကြီးပေါမှာ မီးပုံးပျံအချိုးကောင်းသူဖြစ်သည်။ ဘကြီးပေါချိုးသော မီးပုံးပျံများမှာ မှိုင်းဝ၍ လွှတ်လိုက်သည်နှင့် တရိပ်ရိပ်တက်သွားလိုက်သည်မှာ မမြင်ရတော့သည်အထိဟုပြော စမှတ်ပြုသည်။ ထို့ကြောင့်လည်း သီတင်းကျွတ်၊ တန်ဆောင်မုန်း ဆိုလျှင် ရွာနီးချုပ်စပ်မှ ဘကြီးပေါထံ မီးပုံးပျံလာအပ်ကြသည်မှာ အလုအယက်။


‘ဘကြီးပေါ မီးပုံးပျံလိုပဲ’ တဲ့။ ကြာပေါ်စိန်နှယ့် ကြံကြံဖန်ဖန် ပြောတတ်လိုက်ပလေ။


ကြာပေါ်စိန်တို့ အိမ်ကလေးနှင့် ဘေးချင်းကပ် မလှမ်းမကမ်းတွင် ကိုဝက်ကြီး မကုလားမတို့ အိမ်ရှိသည်။ ကိုဝက်ကြီးတို့လင်မယားမှာ မကြာမကြာ ခွန်းကြီးခွန်းငယ် ခုနှစ်အိမ်ကြား ရှစ်အိမ်ကြား စကားများ ရန်ဖြစ်တတ်ကြသည်။ တညနေ ကြာပေါ်စိန်အိမ်တွင် ကျနော် ရောက်နေခိုက် …


“အောင်မလေး။ လာကြပါဦး အရပ်ကတို့ရေ၊ ဟော့ဒီမှာ ကိုဝက်ကြီး ကျုပ်ကို သတ်နေပါပြီတော့ …”


ဟူသော မကုလားမ၏ မထိတ်သာ မလန့်သာ ခုနှစ်သံချီငိုချင်းကို ကြားလိုက်ရသည်။ ကျနော်က စိုးရိမ်တကြီးဖြစ်ခါ ခြေလွန်လက်လွန် မဖြစ်အောင် သွားရောက်တားဆီးဖျန်ဖြေမည်ဟူသော စိတ်ကူးဖြင့် နေရာမှထလိုက်သည်။ ကြာပေါ်စိန်ကတော့ ရေနွေးသောက်ပင် မပျက်ဘဲ ကျနော့်ကို တားသည်။


“အေးအေးဆေးဆေး ရေနွေးသာ သောက်စမ်းပါ ဆရာလေးရာ။ ဒီ အကယ်ထမီ မကုလားမ အလကားလုပ်နေတာ” ဟု ပြောလိုက်သဖြင့် ကျနော့်မှာ အူတိအူကြောင်နှင့် ပြန်ထိုင်လိုက်ရသည်။


“အကယ်ထမီ”ဟု မပီမသပြောလိုက်သဖြင့် ကျနော်ကပြုံးရင်း “အကယ်ဒမီပါဗျ”ဟုလည်း ပြောလိုက်မိသည်။


“မယုံမရှိနဲ့ ဆရာလေးရ။ အပိုပြောတာ မဟုတ်ဘူး။ ကျုပ် ကိုယ်တွေ့ဗျ။ တခါက ဝက်ကြီးခေါ်တိုက်လို့ ပင်ကျရည် ငှက်ခါးတောင်လေး တမြူကို နှစ်ယောက်သားသောက်နေတုန်း သူတို့လင်မယား စကားပြော အဆင်မပြေဘဲ ကတောက်ကဆဖြစ်ကြတယ်။ ဝက်ကြီးက စိတ်မရှည်တော့ ဒီမိန်းမ ငါလုပ်လိုက်ရဆိုပြီး လက်ဝါးနဲ့ ရွယ်ယုံရှိသေးတယ် ကုလားမက အခုလို ထအော်တော့တာပဲ။ လက်ညှိုးလေးနဲ့ တောင် မတို့ရသေးဘူး ကုလားမတို့က နန့်ကြောဆွဲနေပြီ။ ကုလားမတို့များ ရုပ်ရှင်မင်းသမီးသာဆိုရင် အကယ်ထမီ အဲလေ ဆရာလေးပြောတဲ့ အကယ်ဒမီရမှာ သေချာပဲဗျ” ဟုဆိုကာ ရေနွေးခွက်တခွက်ကို ငှဲ့လိုက်ပြန်သည်။ အတန်ကြာမှ …


“ကုလားမကိုသာ အပြစ်ပြောနေရတာ ဆရာလေးရေ။ တကယ်တော့ ဘယ်နေရာမျိုးမဆို ဟန်ဆောင်ကောင်းတဲ့သူတွေ အကယ်ဒမီရနေကြတာပါပဲ ဗျာ” ဟု သက်ပြင်းတချက်ချရင်း လေးလေးပင်ပင်ကြီး ပြောလိုက်သည်။


သြော် … ကြာပေါ်စိန်၊ ကြာပေါ်စိန် … ။



ဆက်လက်ဖော်ပြပါမယ်။

ရေစီးသံဂျာနယ်

အတွဲ ၄ အမှတ် ၂

ဧပြီလ ၁၆ ရက် ၂၀၀၁ ခုနှစ်


No comments: