Wednesday, December 31, 2008

ဟန်ပျက်ခြင်း

ဆယ့်ခြောက်အဆင်နဲ့

ဘဝကို ရင်မခုန်ချင်လို့

နောက်တဖဲ ထပ်ဆွဲလိုက်ခါမှ

ဆယ်ဖဲက တက်လာ။



စိုင်းဝင်းမြင့်

ရုပ်ရှင်တေးကဗျာ၊ နိုဝင်ဘာ ၁၉၉၇


သာဒွန်း


(၁)


အခုပြောမယ့်အကြောင်းအရာက သူကြီးခေတ်က ဖြစ်ခဲ့တာလေးပါ။ တချို့က အခု မနေ့တနေ့ကဖြစ်တယ်လို့ ထင်မှာစိုးလို့ပြောရတာ။


သိပ်ထူးထူးဆန်းဆန်းကြီးတော့လည်း မဟုတ်ဘူး။ လူငါးယောက်နဲ့ ကခဲ့တဲ့ တခန်းရပ် ပြဇာတ်ကလေး တပုဒ်အကြောင်း ဆိုပါတော့။


(၂)


သဖန်းချောင်း ဘုန်းကြီးက ရွာဆွမ်းသိမ်းပွဲအတွက် အစည်းအဝေးခေါ်တယ်။ သွားကြရတော့တာပေါ့။ တနယ်လုံးက ကြည်ညိုတဲ့ ဆရာတော်ကြီးကိုး။ သဖန်းချောင်းက မြို့မဟုတ်တော့ ရွာထဲက အပိုင်းအပိုင်းလေးတွေ၊ အစုလေးတွေကို ရပ်ကွက်လို့ မခေါ်တော့ဘူး။


အစု တဲ့၊ ချောင် တဲ့၊ ထားပါတော့လေ ချောင်ပဲ။ သဖန်းချောင်းမှာ ချောင် ၅ ခုရှိတယ်။ လက်ခုပ်ချောင် တဲ့၊ အလိုလေးချောင် တဲ့၊ ဘောဂချောင် တဲ့၊ မြို့မ တဲ့၊ မင်းလမ်း တဲ့၊ မြို့မနဲ့ မင်းလမ်းက နည်းနည်းအလယ်ကျပြီး ပိုက်ဆံရှိတဲ့လူ ပေါတဲ့အစုတွေပါ။ လက်ခုပ်ချောင်၊ အလိုလေးချောင်၊ ဘောဂချောင်တွေကတော့ ဆင်းဆင်းရဲရဲ လက်လုပ်လက်စားများတယ် ပြောပါတော့။


ဘာပဲဖြစ်ဖြစ်နှစ်စဉ်လုပ်နေကျ ဆွမ်းသိမ်းပွဲကြီး ဒီနှစ်လည်း စည်ကားချင်တော့ တရွာလုံးပါရတော့တာကိုး။ တချောင် ၃ ယောက်ကျနဲ့ အစည်းအဝေးတက်တော့ ဘောဂချောင်က လူကြီး ၃ ယောက်လည်း ပါတယ်။


ထုံးစံအတိုင်းပေါ့။ သူကြီးက ဆွမ်းသိမ်းပွဲအစီအစဉ်တွေ နှစ်စဉ်နှစ်တိုင်းလိုပဲ စည်စည်ကားကားဖြစ်ချင်တဲ့ အကြောင်း၊ အိုးစည်ဝိုင်း၊ ဒိုးပတ်ဝိုင်းတွေနဲ့ မနှစ်ကစီစဉ်သွားတာ တော်တော်လေး အဆင်ပြေတဲ့အကြောင်း၊ သည်နှစ်တော့ တချောင် တမျိုး တာဝန်ယူပြီး ကြည့်ချင်ပွဲလေးလုပ်ရင် ပိုများသင့်မြတ်မလားလို့ထင်ကြောင်း၊ ရွာကလည်းခေါင်တော့ ကိုယ့်အရပ်နဲ့ကိုယ့်ဇာတ်လေးလုပ်ပါမှ ရွာသူရွာသားတွေကြည့်ကြရမှာဖြစ်ကြောင်း အမိန့်ရှိတော့ သင့်မြတ်ပါတယ် ဘုရားပေါ့။


ကတိပေးကြတယ်။ ဆွမ်းသိမ်းပွဲတွေကလည်း မိုးလေဝသကင်းမှဆိုတော့ လုပ်မယ်ဆိုရင်လည်း ဖြစ်နိုင်တော့ လွယ်လွယ်ပဲ ကတိပေးလိုက်ကြတယ်။


ဒါပေမယ့် အစည်းအဝေးပြီးလို့ အိမ်ပြန်ကြတော့ စိတ်ညစ်သွားတာ ဘောဂချောင်က လူကြီး ၃ ယောက်ပဲ။ ‘ကိုင်း ဘယ့်နှယ့်လုပ်မတုံး၊ တချောင် တမျိုးနဲ့ တာဝန်ယူပြီး ဇာတ်လမ်းကလေးသွင်းရမတဲ့’ ဆိုတော့ ကျန်တဲ့နှစ်ယောက် ကလည်း ဘာမှပြန်မပြောနိုင်ဘူး။ ကိုယ့်ချောင်အကြောင်း ကိုယ်သိတာကိုး။


ထိုးဇာတ်ကလေးနေနေသာသာ ထမင်းစားဖို့ ဖတ်သီဖတ်သီရှာနေရတဲ့ချောင်။ ပြေးကြည့်မှ တချောင်လုံး လူတရာ မပြည့်တဲ့ချောင်။ အဘိုးကြီးတွေ၊ ကလေးတွေ၊ မိန်းကလေးတွေ နုတ်လိုက်ရင် ယောက်ျားသားဆိုလို့ ရှိလှရင် ၃၀ ပေါ့။


အဲသည်အထဲမှာ လူငယ်ဆိုလို့ လေးငါးဆယ်ယောက်လောက်ရှိတယ်။ ကျန်တဲ့ယောက်ျားသားတွေကလည်း ကိုယ့်အသက်အရွယ်နဲ့ မျက်နှာချေအဖွေးသားလိမ်းပြီး ဘယ့်နှယ်လုပ် ဇာတ်စင်ပေါ်တက်မတုံး။ ကိုင်း … တက်ပါပြီတဲ့ ဘာ ကကြမှာတုံး။ ဘယ်သူက သင်ပေးမှာတုံး။


‘သူများချောင်တွေက ဖြစ်ပါတယ်ဆိုလို့သာကိုး မခံချင်လို့သာ ခေါင်းညိတ်ရတယ် ကျုပ်တို့ချောင်က ဘာသွားကရမှာတုံး စိတ်စက်များ ညစ်ပါတယ်’


ပြန်သာလာရတယ်။ မျက်နှာမကောင်းကြဘူး။ ရက်ကတော့ ရပါသေးတယ်။ သီတင်းကျွတ်မှဆိုတော့ လုပ်မယ်ဆိုရင် တိုက်ဖို့ပြုဖို့ ရက်ကလေးကတော့ ရတယ်။ ဒါပေမယ့် ဘယ်သူက ဘာဇာတ်ကို ကမှာတုံး။ တယောက်ကတော့ အကြံပေးတယ်။


“ကျုပ်တို့ချောင်က ယောက်ျားလေးကနည်းရတဲ့အထဲ လူငယ်ကာလသားက ဘယ်နှယောက်ရှိလို့တုံး၊ သည်တော့ ရှိတဲ့အထဲက သာဒွန်းတို့ တာဝန်ပေးရင် ကောင်းမလား”


“မိန်းကလေးကကော ဘယ်သူက မင်းသမီးလုပ်မှာတုံး၊ နေ့ နဲ့ ည ထဘီတောင် အနိုင်နိုင်လဲရတဲ့ ကလေးမတွေက ဘယ်က ထဘီအင်္ကျီရမှာတုံး၊ ဒါလည်း တွက်ပါဦး”


“အင်းဗျာ ဘာလုပ်ရမှန်းတောင် မသိတော့ဘူး”


“နေဦးဗျာ၊ သာဒွန်း မေးကြည့်ပါဦး”


လူကြီးတွေကလည်း တာဝန်သာယူလာတာ ဘောဂချောင်က တင်ဆက်ရမယ့် တခန်းရပ်ပြဇာတ်ကို ဘယ်လိုမှ စဉ်းစားလို့ မရဘူး။ ဘယ်လိုလုပ်လို့ လုပ်ရမှန်းမသိဘူး။ နောက်ဆုံးတော့ ချောင်ထဲက အမြဲမူးနေတဲ့ သာဒွန်းကို ဆရာတင်ဖို့ လုပ်ရတော့တယ်။


သာဒွန်းက ဟိုစပ်စပ် ဒီစပ်စပ်တော့ ပါတယ်။ စည်းလေးဝါးလေး နည်းနည်းပါးပါး နားလည်တယ်။ ဒိုးလေး စခွန့်လေး တီးတတ်တယ်။ သီချင်းလည်းဆိုတတ်တယ်ဆိုပေမယ့် နှဲက စီရှပ်ဆိုရင် သူက ငါးပေါက် အောက်ပြန်လောက်နဲ့  အော်ချင်အော်နေတဲ့ကောင်ပေမယ့် ဘောဂချောင်မှာတော့ သူလည်း တေးသံရှင် “ဘောဂချောင် သာဒွန်း” ပေါ့လေ။


“ဒီကောင်လုပ်ရင်တော့ ဖြစ်မယ်ထင်တာပဲဗျာ၊ မေးကြည့်တာပေါ့”


(၃)


သာဒွန်းနဲ့ သူ့သူငယ်ချင်းလေးယောက်က သူတို့ ရှေ့က လူကြီးသုံးယောက်ကို အံ့သြတကြီး ကြည့်နေကြတယ်။ သူတို့တသက် ချောင်ကလူကြီးတွေက သည်လိုယုံယုံကြည်ကြည် တာဝန်ပေးတာမျိုး မရှိခဲ့ဖူးဘူး။ သူတို့ကို အားကိုးတယ်လို့လည်း တခါမှ ပြောဖူးတာ မဟုတ်ဘူး။


မင်းတို့မရှိရင် ချောင်ကဘယ်လိုမှကို နားလန်ထူမှာ မဟုတ်ဘူး။ ဘောဂချောင်ရဲ့ဂုဏ်သိက္ခာကို မင်းတို့ ထိန်းသိမ်းရမယ်ဆိုတာမျိုးကိုလည်း သူတို့မကြားဖူးဘူး။ ဒါပေမယ့် ကနေ့တော့ လူကြီးသုံးယောက်က ခေါ်တယ် ဆိုလို့ လာကြတော့ တကယ့်ကို တာဝန်ပေးနေပြီ။ တာဝန်ကလည်း ကြည့်ဦး၊ တရွာလုံးက ကြည့်မယ့်ပွဲ တဲ့။ ဆွမ်းသိမ်းပွဲ တဲ့။ ချောင် ၅ ခုစလုံးက တချောင် တမျိုး အသုံးတော်ခံကြမှာ တဲ့။ ကိုယ့်ချောင်က ညံ့ရင်ကိုယ်ခံ တဲ့။ ပြဇာတ်၊ ထိုးဇာတ်၊ တခန်းရပ်၊ အော်ပရာ ကြိုက်ရာတခုခုလုပ် တဲ့။ ဘယ်သူမှ မစွက်ဖက်စေ တဲ့။ ဘယ်သူကမှ မင်းတို့ကို သြဇာမပေးစေရဘူး တဲ့။ ဘောဂချောင်မှာရှိတဲ့ ပစ္စည်းပစ္စယ ကြိုက်တဲ့ထဲက ကြိုက်တဲ့အိမ်က ယူသုံးခွင့်ပြုသတဲ့။ ဒါပေမယ့် ဆွမ်းသိမ်းပွဲမှာတော့ ဘောဂချောင်က တာဝန်ယူတင်ဆက်မယ့် အခန်းတခန်းတော့ ပါကိုပါရမတဲ့။


“ကိုင်း မင်းတို့ဖြစ်မလား သာဒွန်း”


သာဒွန်းကလည်း သူ့သူငယ်ချင်း ၄ ယောက်ကို လှမ်းကြည့်တယ်။ သူငယ်ချင်း ၄ ယောက်ကလည်း သာဒွန်းပြီးရင်ပြီးတာပဲဆိုတော့ သာဒွန်းကိုပဲ ပြန်ကြည့်ကြတယ်။


အမှန်တော့ ကိုယ့်ချောင်အကြောင်းတော့ ကိုယ်သိတယ်။ အမည်ကသာ ဘောဂချောင်။ ဆင်းရဲလိုက်ကြတာ တာတေလံ လို့။ ဘယ်အိမ်မှ တံခါးရှိတာ မဟုတ်ဘူး။ ဘယ်အိမ်ကမှ နွားတရှဉ်း ကျွဲတစီးပိုင်တာ မဟုတ်ဘူး။


ဟင်းရွက်လေး ခူးလိုက်၊ ကောက်သင်းလေး ကောက်၊ စပါးလေးရိတ်နဲ့ ဝမ်းတထွာရှာရတဲ့ချောင်မှာ တခမ်းတနား တင်ဆက်ရမယ့် ထိုးဇာတ် ဘယ်လိုစီစဉ်မလဲ။ သာဒွန်း စဉ်းစားတယ်။ ခဏနေတော့မှ …


“ရတယ်ဗျာ၊ ကျုပ်လုပ်မယ်”


“ဟေ”


လူကြီး ၃ ယောက်ကတော့ ဝမ်းသာကြတာပေါ့။ ဆရာတော်ကိုလည်း လေးစား၊ သူကြီးကိုလည်း ကြောက်လို့သာ ယူရတဲ့တာဝန်၊ ပခုံးပြောင်းပေးရတော့မယ်ဆိုတော့ ဝမ်းသာတာပေါ့။


“ဟုတ်မှလဲလုပ်ပါ မောင်ရာ”


“သိပ်ဟုတ်တာပေါ့ဗျာ”


“လူဘယ်နှယောက်ကုန်မှာတုံး”


“ငါးယောက်”


“ဟေ”


“တော်ပြီ ကျုပ်တို့ ငါးယောက်ပဲ”


“ဟဲ့ကောင် သာဒွန်း၊ ငါးယောက်နဲ့ ပြဇာတ်ဖြစ်လို့လားဟ”


“ဖြစ်တယ်၊ ငါးယောက်ပဲ ကုန်မယ်”


“မိန်းကလေးကကော ပြဇာတ်မင်းသမီးလုပ်ဖို့”


“မလိုဘူး မင်းသမီးမပါဘူး”


“ဟေ”


မင်းသမီးမပါဘဲ လူငါးယောက်နဲ့ ကမယ့်ဇာတ်လမ်း သူတို့လည်း မကြားဖူးတော့ ဝမ်းသာတဲ့ကြားက စိုးရိမ်တယ်နဲ့ တူပါတယ်။ တယောက်က …


“ဟဲ့ကောင် … တရွာလုံးကြည့်မယ့်ပွဲနော်၊ မင်း ပေါ့ပေါ့ဆဆတော့ သဘောမထားနဲ့ ငါ့ကောင်ရ၊ မင်းအစွမ်းတော့ ငါ သိပါတယ်၊ ဒါပေမယ့် မင်းသမီးလည်းမပါဘဲ လူ ၅ ယောက်နဲ့ကမယ့် ဇာတ်ရှိလို့လား”


“ရပါတယ်ဗျာ။ ဆွမ်းသိမ်းပွဲဆိုတော့ ဘာသာရေးနဲ့ပတ်သက်ရမှာကိုးဗျ၊ ဒါလည်း စဉ်းစားရသေးတယ်။ ဘောဂချောင်က ဆင်းရဲပေမယ့် သာဒွန်း ဖြစ်အောင်လုပ်နိုင်ပါတယ်”


“ကောင်းပါ့မောင်ရာ၊ ဒါ့ထက် အဝတ်အစားကကော”


“မလိုဘူး။ မင်းညီမင်းသား အဝတ်အစားတစုံနဲ့ သင်္ကန်းဟောင်းတထည်ပဲ လိုတယ်”


“ဟေ”


“ဘကြီးတို့ စိတ်အေးအေးသာ ထားပါဗျာ၊ ကျနော် ရှာခိုင်းတာသာ ရှာပေးပါ”


“ဒါလောက်ဖြစ်ပါတယ်၊ ကျန်တဲ့ ၃ ယောက်က ဘာဝတ်မှာတုံး၊ ဇာတ်က ဘာဇာတ်တုံး”


“နာမည်မပြောနဲ့ဦး၊ တခန်းရပ်လို့ပဲပြောထား။ ကပ်ပြီးမှ ကြေညာမယ်၊ ကျန်တဲ့ ၃ ယောက်ကလည်း ဘာမှ ဝတ်စရာမလိုဘူး ရတယ်”


ဘောဂချောင်က လူကြီး ၃ ယောက်ကတော့ နားကိုမလည်နိုင်တော့ဘူး။ လူ ၅ ယောက်နဲ့ကမယ့် တခန်းရပ် တဲ့။ အဝတ်အစား မလိုဘူး တဲ့။ အမျိုးသမီး မလိုဘူးတဲ့။ ဘာဇာတ်လည်းဆိုတာလည်း မပြောနိုင်ဘူးတဲ့။ လျှို့ဝှက်တောင် ထားရဦးမတဲ့။ ဘာပဲဖြစ်ဖြစ်လေ ဆွမ်းသိမ်းပွဲမှာ ‘ဘောဂချောင် သာဒွန်း’ ရဲ့ တခန်းရပ်ပြဇာတ် တင်နိုင်ပြီးတာပဲ။ သည်လိုပဲ သဘောထားရတော့တာပေါ့လေ။


ဆက်လက်ဖော်ပြပါမယ်။


Monday, December 29, 2008

စစ်အုပ်စု သက်တမ်းရှည်နေသရွေ့- ၅

(၄)

ရက် ၄ဝ တိုက်ပွဲ

ကိုယ်ထူကိုယ်ထရဲ့ဒဏ်ကို ကျနော်တို့တတွေ ဘယ်အထိခံလိုက်ကြရပါသလဲ? ချက်ချင်းတော့ မသိသာပါ၊ သိပ်အကြာကြီးလည်း မစောင့်လိုက်ရ။ လအချို့ ဖြတ်သန်းလိုက်တာနဲ့ ဖော်ပြချက်တွေက စပါပြီ။ အလံနီမှ ရဲနီထွန်းစိန်တယောက် ထင်းခွဲရင်း အားပြတ်မေ့လဲသွားတာ၊ အဟာရချို့တဲ့ ကျန်းမာရေးထိခိုက်ပြီး လူထု ကိုစိန်ဝင်းလည်း မေ့မျောသွားခဲ့တာ စသဖြင့် ကြုံလာရပါတော့တယ်။

ကျနော်တို့က ရဲဘော် စိန်ဝင်းကို ပြည်မ ပို့ပြီး ဆေးကုပေးပါ။ မပေးရင် အစာငတ်ခံ ဆန္ဒပြရလိမ့်မယ်လို့ ရာဇသံပေးပြီး ပြင်ဆင်ပါတယ်။ ဒီတော့မှ ပြည်မကို ပြန်ပို့ခဲ့ပါတယ်။ ပို့သင့်သော လူအများအပြား ကျန်သေးသော်လည်း ပို့မပေးပါ။ နောက် ဗမာပြည်ကွန်မြူနစ်ပါတီမှ ကိုထွန်းရှိန်တယောက် ကမ်းပါးယံတွေအကြား ကျောက်ခမောက် လိုက်ခွာရင်း ဒီလှိုင်းရိုက်ချခံခြင်းခံရကာ ပင်လယ်ထဲ မျောပါ သေဆုံးသွားပြန်ပါတယ်။

ကိုထွန်းရှိန်ရဲ့ဈာပနအခမ်းအနားမှာ ဗမာပြည်ကွန်မြူနစ်ပါတီက တင်ပြချက်တခု တင်ပြီး လှုံ့ဆော်ပါတယ်။ နိုင်ငံရေးအကျဉ်းသားများ အခုလို သေကြကြေကြ၊ ဒဏ်ရာအနာတရ ဖြစ်ကြရတာဟာ ‘ကိုယ်ထူကိုယ်ထ ပေါ်လစီ’ ကြောင့်ဖြစ်တယ်။ ဒီလို မဖြစ်ကြရအောင် တိုက်ပွဲများ တိုက်ကြရပါလိမ့်မယ်။

အဆင့် ၃ ဆင့်ထား တိုက်ဖို့လိုမယ်ထင်ကြောင်း၊ (၁)ထောင်တွင်းရပိုင်ခွင့် တိုက်ပွဲ များ၊ (၂)ကိုယ်ထူကိုယ်ထ ဖျက်သိမ်းရေးတိုက်ပွဲများ၊ (၃) ကျွန်းဖျက်သိမ်းရေး တိုက်ပွဲဆိုပြီး သတ်မှတ်လိုက်ကြောင်း ဘဝတူများဖြစ်လို့ အဖွဲ့အစည်းပေါင်းစုံ လက်တွဲတိုက်ပွဲဝင်ကြ စေလိုကြောင်း စသဖြင့် တင်ပြလိုက်ပါတယ်။

၁၉၇၁ ခုနှစ်၊ နွေဦးကို ရောက်ခဲ့ပါပြီ။ နှစ်ချီကြာလာတော့ စည်သွတ်ဗူး စားလာရတဲ့ဒဏ်တွေကို ထိန်းသိမ်း (အချုပ်သား)များ လှိမ့်ခံရပါတော့တယ်။ ဂျွမ်းဒစ်လို့ ခေါ်တဲ့ အသားဝါရောဂါ စတင်ဖြစ်ပွားလာပါတယ်။ ဟောတယောက် ဟောတယောက် ဖြစ်လာတာပါ။ ဘယ်လောက်ပဲ အသားမဲ သူဖြစ်ပါစေ သူ စွဲကပ်လိုက်တာနဲ့ တကိုယ်လုံး ဝါထိန်သွားပါတော့တယ်။

ဒီအထဲမှာ ရဲတပ်သား ဟောင်းတယောက်ဖြစ်တဲ့ ရဲနီ တင်ငြိမ်းကတော့ အဆိုးဆုံးပါ။ ဆရာဝန်ကလည်း လုံလောက်တဲ့ ဆေးဝါးကုသမှု မပေးတော့ ပိုဆိုးလာပါတယ်။ တညချမ်း သန်းခေါင်းယံမှာ ‘သားရေ’ ဆိုတဲ့ အသံနက်ကြီးတသံ ကြားလိုက်ရပြီး ရဲနီ တင်ငြိမ်း အသက်ပျောက်သွားပါတော့တယ်။

ဘဝတူအကျဉ်းသားလည်းဖြစ်၊ ကိုယ်တိုင်ကလည်း စစ်အာဏာရှင်ကိုတိုက်ဖို့ ပိုင်းဖြတ်ပြီးဖြစ်နေတာကြောင့် ထိုညမှာပဲ ဗမာပြည်ကွန်မြူနစ်ပါတီက အလံနီပါတီကို သွားဆွေးနွေးပါတယ်။ သဘောထားမေးပါတယ်။ နောက် ကျန်အဖွဲ့အစည်းတွေကို တဖွဲ့ချင်း၊ တဦးချင်း လိုက်လံဆွေးနွေးပါတယ်။

ပါတီထဲမှာတော့ ရဲနီ တင်ငြိမ်း မကွယ်လွန်မီကတည်းက လှုံ့ဆော်မှုတွေ လုပ်ထားပြီးဖြစ်ပါတယ်။ တိုက်ပွဲ တိုက်တော့မယ်ဆိုတာသိတာနဲ့ တိုက်ပွဲဝင်သူ (ကျွန်း အသုံးအနှုန်းအရ Striker) ဖြစ်လိုကြောင်း တောင်းဆိုမှုတွေ ပလုံစီပြီး တက်သွားပါတော့တယ်။ ပါတီကလည်း လူရွေးတဲ့အခါ စံချိန် ၃ ချက်နဲ့ ရွေးမယ်။ (၁) နိုင်ငံရေး ရပ်တည်ချက်၊ (၂) ကျန်းမာရေး၊ (၃) အထူးတာဝန်မရှိသူများ ဟူ၍ ဖြစ်ပါတယ်။

ကျနော်တို့အစုက (၁) ကြိုက်တဲ့စံချိန်နဲ့ ရွေးပါ၊ (၂) အဖိုးကြီး နှစ်ယောက် မပါရ။ ဆရာ ရာဂျန် နှစ်ရက်နဲ့ ထိခိုက် သွားတာ သင်ခန်းစာယူပါ။ (၃) က သုံးလုံး ပေါ်လစီ (အကျိုးအကြောင်း ခိုင်လုံရမယ်၊ အကန့်အသတ်နဲ့ တိုက်ရမယ်၊ အကျိုးအမြတ် ရှိရမယ်) အရ တိုက်တာဖြစ်ရမယ်လို့ တင်ပြလိုက်ကြပါတယ်။

ဒီအခါက တိုက်ပွဲဝင်ချင်သူတွေ များလှပါတယ်။ အားလုံးကလည်း အောင်ဘာလေ မဲပေါက်မှာကို စိတ်ကူးယဉ်ကြပါတယ်။ ကိုအောင်ဘော်ဆိုရင် ‘နံပတ် ၁ မပြေးသော်လည်း ရှေ့ဆုံးတန်းက ပါမယ်ထင်’ ဆိုတဲ့ သီချင်းလေးကို ပြုံးစစနဲ့ မကြားနိုးနား သီဆိုနေပါတော့တယ်။ ထိုညက အဖွဲ့အစည်း အသီးသီးညှိကြရာမှာ တိုက်ပွဲတောင်းဆိုချက်တွေကိုတော့ ခပ်မြန်မြန်နဲ့ သဘောတူလိုက်ကြပါတယ်။

၁။ ရဲနီ တင်ငြိမ်းအလောင်းကို ပြည်မရှိ သူ့မိသားစုထံ ပြန်ပို့ပေးရန်။
၂။ နာတာရှည် ရောဂါသည်များကို ပြည်မပြန်ပို့ပေးပြီး ဆေးကုပေးရန်။
၃။ စည်သွတ်ဗူး အစား အသားစို ကျွေးရန်။
၎။ တရားဝင်ထုတ်ဝေတဲ့ စာနယ်ဇင်းများ ဖတ်ရှုခွင့်ပြုရန်။
၅။ အိမ်နှင့်စာရေး ဆက်သွယ်ခွင့်ပြုရန် စတဲ့အချက်တွေ ပါဝင်ပါတယ်။

တိုက်ပွဲကော်မတီကိုလည်း ချောချောမောမော ဖွဲ့လိုက်နိုင်ပါတယ်။ ထစ်နေတဲ့ ပြဿနာက ကွန်မြူနစ်ပါတီအနေနဲ့ အင်အားများများသုံးပြီး တိုက်ချင်တယ်။ ဒါကို အလံနီပါတီက မကြိုက်လှပါ။ လူ နည်းနည်းနဲ့ပဲတိုက်ဖို့ အဆိုပြုပါတယ်။

ရဲနီ တင်ငြိမ်းကိစ္စအပေါ်က တိုက်ရတာဖြစ်လို့ ထောက်ထားဖို့ကလည်း လိုပြန်ပါတယ်။ ညှိရင်း ဈေးဆစ်ကြရင်း က ပထမအသုတ်မှာ လူ ၉ဝ ကျော်ရှိတဲ့ ကွန်မြူနစ်ပါတီဖို မှ ၁ဝ ယောက်။ အလံနီမှ ၅ ယောက်၊ မလညပ မှ ၁ ယောက် ပေါင်း ၁၆ ယောက်ဖြစ်သွားပါတယ်။

နောက်တရက်မှာပဲ တိုက်ပွဲစဖြစ်ပါတယ်။ နံနက်စောစော အလင်းရောင်တောင် မရောက်လာသေးပါ။ မတ်လတွင်းမှာမို့ အိပ်လို့အကောင်းဆုံးအချိန်။ ကျောင်းသား ခေါင်းဆောင် ကိုဉာဏ်ဝင်းတယောက် ပထမအသုတ် တိုက်ပွဲဝင်ရဲဘော်တွေကို တခန်းဝင်တခန်းထွက် လိုက်နှိုးနေပါတယ်။ အိပ်နေတဲ့ ရဲဘော်ရဲ့ခြင်ထောင်ထဲ လက်လျှိုပြီး ခြေမလေးကိုကိုင်ကာ လှုပ်နိုးလိုက်တာနဲ့ ငေါက်ကနဲ ထလိုက်လာသူချည်းပါ။ အဆောင်တိုင်းရဲ့ ထောင့်တနေရာမှာ စတိုခန်းလေးတွေ ရှိပါတယ်။ ကိုဉာဏ်ဝင်းခေါ်သွားတာက ၈ ဆောင်ရဲ့ စတိုခန်းဖြစ်ပါတယ်။

ရေနံဆီမီးအိမ် မှိန်မှိန်ထွန်းထားတဲ့ စားပွဲဘေးမှာ လူအချို့ရှိနေပါတယ်။ ထိပ်မှာ အဖိုးကြီး ၂ ယောက်၊ ဘေးမှာ အေးဆေးစွာထိုင်နေတဲ့ ဦးတင်အောင်။ အသားထူ မျက်မှန်ကြီးနဲ့ ဦးမြသန်း။ ကိုထင်ရှိန် (ဦးတင်ရီ)၊ ရခိုင် အမျိုးသားကြီး ဦးသိန်းဖြူ၊ ကိုလှဖေ၊ စသည်။ နောက်ကလည်း တဦးစီဝင်လာကြရာ ကျောင်းသားတွေ ဖြစ်ကြတဲ့ ကိုအုန်းမြင့်လှိုင်၊ ဗဖူးညွန့်၊ ကိုအောင်ငြိမ်း နောက်ဆုံး ဝင်လာတာက ကိုအောင်ထီ နဲ့ ကိုဖုန်းဆိုတော့ ၁ဝ ယောက် ပြည့်သွားပြီ။

လူစုံတာနဲ့ခေါင်းဆောင်များက ရဲဘော်တို့ကို တိုက်ပွဲဝင်ဖို့ ပထမအသုတ်မှာ ရွေးချယ်ထားကြောင်း ဒီတိုက်ပွဲဟာ ငါးပိတိုက်ပွဲနဲ့မတူ ခက်ခဲရှည်ကြာမှာ ဖြစ်ကြောင်း၊ အသက်စွန့်တန် စွန့်ကြရမှာဖြစ်လို့ ပိုင်းဖြတ်ချက်ရှိ မရှိ တဦးစီ ကို မေးမြန်းပါတယ်။

ပထမဆုံး ဦးတင်အောင်က တိုက်သင့်တဲ့အချိန်ရောက်ပြီ၊ အသက်စွန့်ပြီး တိုက်ပွဲဝင် ဖို့အသင့်ရှိကြောင်း အေးအေးဆေးဆေးပဲ အဖြေပေးပါတယ်။ သူပြီးတော့ အသံပြာအက်အက်နဲ့ ဦးမြသန်းရဲ့ မီးပင်လယ်ကိုဖြတ်သန်းမယ့် အသံ။
နောက် တယောက်ပြီးတယောက်ရဲ့ သန္နိဋ္ဌာန်ချသံများ။ နောက်ဆုတ်မယ့်သူကတော့ တယောက်မှ မရှိ၊ နှလုံးသားတိုက်ပွဲမို့ အားလုံးက အေးဆေးတည်ငြိမ်နေကြတာကို ခံစားလိုက်မိတယ်။

ခံယူချက်သဘောထားကို ပြောပြကြတာတွေမှာ တချို့က တိုတို ရှင်းရှင်း။ တချို့က ပြည့်ပြည့်စုံစုံ (ဒီအထဲမှာ ဦးမြသန်း ပါ,ပါတယ်) ချုပ်ကြည့်လိုက်ရင် ပြောစကားတိုင်းမှာ ယုံကြည်ချက်နဲ့ အားမာန် အပြည့်အဝ ပါနေတာကို သတိထားမိတယ်။

အလင်းရောင်လည်း အခန်းထဲကို ဝင်စပြုလာပါပြီ။ ထွန်းထားတဲ့ မှန်အိမ်လေးရဲ့ အလင်းရောင်တောင် မှိန်ဖျော့ လာတဲ့အချိန်မှာ ပါတီဆေးမှူး ကိုအေးမြင့် အသင့်ဖျော်ထားတဲ့ ဆားခါးရည်ကို တယောက်တခွက် သောက်လိုက် ကြပြီး ကိုယ့်အဆောင်ကိုယ် ပြန်ခဲ့ကြပါတယ်။

တိုက်ပွဲဝင်နေတဲ့နေ့ကစပြီး ဘယ်သူမှ စခန်းအပြင် မထွက်ကြတော့ပါ၊ ထင်းတွေကို လည်း လွန်ခဲ့တဲ့ တပတ် လောက်က ကြိုသယ်ထားပြီးနှင့်ပါပြီ၊၊ ၂ လစာ မှန်းသယ်ထားတာပါ၊၊

တိုက်ပွဲဆောင် နံပါတ် ၁ အဖြစ် ကျနော်တို့နေတဲ့ အဆောင် ၉ ကို ရွေးထားတာ ဖြစ်လို့ ဦးမြသန်း၊ ကိုလှဖေ၊ ဦးသိန်းဖြူနဲ့ ကျနော်က အဆောင် မပြောင်းရတော့ပါ၊ ကျန်တဲ့သူတွေက တခြား အဆောင်တွေကိုခွဲပြီး ရွှေ့ကြရတယ်။ ဦးတင်အောင် ပစ္စည်းတွေကိုတော့ တခြား Striker များနည်းတူ ရဲဘော်တယောက် လိုက်ပို့ ပါတယ်၊၊

စောင်ပါးပါး၊ ခြင်ထောင်နဲ့ အဝတ်စားလောက်သာ လိုအပ်ပါတယ်။ ဆေးရုံတက် လူနာလောက်တောင် ပစ္စည်း ပစ္စယ မလိုပါ။ အိပ်စင်တွေပေါ်မှာ ခပ်ချဲချဲအိပ်ယာနဲ့ အစာအငတ်ခံသူတွေကလွဲပြီး တခြားမရှိပါ။ တချို့ ဘေးမှာတော့ ဆေးလိပ် တလိပ် နှစ်လိပ်၊ စာအုပ် တအုပ် နှစ်အုပ်ရှိပါရဲ့။ နံရံတွေပေါ်မှာတော့ ကမ္ဘာ့ပစ္စည်းမဲ့ ခေါင်းဆောင်းကြီးတွေရဲ့ ပုံတူပန်းချီကား မီးခံပြားကြီးတွေ အမြိုင့်သား ချိတ်ထားပါတယ်။

တန်းဖွင့်ချိန်ရောက်တာနဲ့ ထိန်းသိမ်းအားလုံး စခန်းဗူးဝကို သွားကြပါတယ်၊၊ အာဏာပိုင်တွေကို ခေါ်တွေ့ပြီး တောင်းဆိုချက်တွေ တောင်းပါတယ်။ သူတို့က အထက်ကိုတင်ပြပေးပါမယ်လို့ အကြောင်းပြန်တာနဲ့ တောင်းဆို ချက်တွေ မရမချင်း ဒီနေ့ကစပြီး တိုက်ပွဲဝင်ပြီဖြစ်ကြောင်း ကြေညာလိုက်ခဲ့ကြပါတယ်။

နောက်တော့ …

ရဲနီ တင်ငြိမ်းကို သတ်တာ (စစ်အစိုးရ … … စစ်အစိုးရ)

ဖိနှိပ်ချုပ်ချယ်မှု (ဖျက်သိမ်းပစ် … … ဖျက်သိမ်းပစ်)

ထောင်တွင်းအခွင့်အရေး (ချက်ချင်းပေး … … ချက်ချင်းပေး)

စတဲ့ကြွေးကြော်သံတွေ လျှံတက်သွားပါတယ်။ (ဒီလိုကြွေးကြော်သံတိုင်တဲ့ အလုပ်ဟာ နေ့စဉ်အလုပ်ဖြစ်ပြီး နံနက်တကြိမ် ညနေတကြိမ် တိုင်ကြပါတယ်။ ရက်အတန်ကြာလာတဲ့အခါ Striker တွေ မပါရတော့ပါ။)

၉ နာရီအချိန်လောက်မှာ ထောင်အာဏာပိုင်တွေနဲ့အတူ ဆရာဝန် ဒေါက်တာ သန်းအောင် ရောက်လာပါတယ်။ သူတို့က “အခုလို အစာငတ်ခံ တိုက်ပွဲဝင်တာမှာ မိမိတဦးချင်းရဲ့သဘောထား ဟုတ် မဟုတ်” လိုက်မေးပါတယ်။

အိပ်စင် ၄ ခုရှိတဲ့အနက် ဦးတင်အောင်နဲ့ ဦးမြသန်းတို့ အိပ်စင်က ကျနော်နဲ့ မျက်စောင်းထိုး အရှေ့မြောက်ဘက် မှာရှိတယ်။ အားလုံးဟာ တိတ်ဆိတ်ငြိမ် သက်နေပါတယ်။ ဒါ့ကြောင့်လည်း သူတို့ရဲ့ ဖြေဆိုသံတွေကို ရှင်းရှင်းလင်းလင်း ကြားကြရတယ်။ လူကြီးတွေဖြစ်တဲ့အတိုင်း အေးအေးဆေးဆေး တည်တည် ငြိမ်ငြိမ်။

သို့သော် ပြတ်ပြတ်သားသား ရှိလှတဲ့ သူတို့အသံ။ မရမချင်း တိုက်မယ်ဆိုတဲ့ ပိုင်းဖြတ်ချက်တွေကို ကြားတာနဲ့ ကျန်တဲ့လူငယ်ပိုင်းက ပြောချင်လွန်းလို့ လှုပ်လှုပ်ရွရွ လည်တဆန့်ဆန့် ဖြစ်နေတာကိုလည်း သတိထားမိတယ်။

တော်လှန်ရေးသမားကြီးတွေရဲ့တိုက်ပွဲဝင်သံဟာ လူငယ်တွေကို အားဖြစ်စေတာကတော့ ရှင်းနေပါတယ်။ ကိုယ့်ကိုမေးလာတော့လည်း ရှင်းရှင်းပြတ်ပြတ် ဖြေချလိုက်မိတယ်။ ဆရာဝန်နဲ့အတူ Male nurse လို့ခေါ်တဲ့ ယောက်ျားသူနာပြုတယောက်လည်း ပါလာပါတယ်။
‘ငရဲပြည်ကို သူတို့တတွေ ဘာကြောင့်များ လိုလိုလားလား သွားနေပါလိမ့်’ လို့များ စဉ်းစားနေသလား မသိ။ ပထမ သူ့မျက်လုံးများက ဝိုင်းဝိုင်းလည်နေတာကို မြင်လိုက်မိပြီး နောက်တော့ ငြိမ်ပြီး တွေနေပါတယ်။ ဆရာဝန်က တိုက်ပွဲဝင်သူ အားလုံးကို ဆေးစစ်တယ်၊ ပေါင်ချိန်ကြည့်တယ်။ ပြီးတော့ ဆေးမှတ်တမ်း ရေးပါတယ်။ ဒါဟာ နေ့စဉ်လုပ်ငန်းပါ။

အုပ်ချုပ်သူတွေဘက်က ပထမဆုံးလှမ်းလာတဲ့ ခြေလှမ်းကတော့ ရဲနီ တင်ငြိမ်း အလောင်းကို တောင်းခြင်းဖြစ်ပါတယ်။ အလောင်းကို ပြာချပြီး ပြန်ပို့ပေးမယ်။ ကျန်တဲ့တောင်းဆိုချက်တွေ အထက်ကို တင်ပြထားတယ်။ ဒီကြားမှာ ခင်ဗျားတို့အနေနဲ့ တိုက်ပွဲကိုဆက်တိုက်နိုင်တယ်လို့ ပြောလာကြပါတယ်။

ဒါကို တိုက်ပွဲကော်မတီက ပယ်ချလိုက်ပါတယ်။ ထမင်းဖိုမှ သံချောင်းခေါက်သံများ မကြားရတော့ပါ။ တစခန်းလုံး တိတ်ဆိတ်ငြိမ်သက်နေပါတယ်။ အားလုံးရဲ့ လှုပ်ရှားမှုဟာ ညင်ညင်သာသာချည်း ဖြစ်ကုန်ပါတယ်။ ပြောကြဆိုကြရင်လည်း တိုးတိုးတိတ်တိတ်သာ။

ရဲနီတင်ငြိမ်းရဲ့ခေါင်းကို သူနေတဲ့နံပါတ် ၇ အဆောင်နဲ့ အလံနီဖိုကြား မျက်စောင်း ထိုး မြေကွက်လပ်ပေါ်မှာ တဲထိုးပြီး စင်တင်ထားပါတယ်။

ဆက်လက်ဖော်ပြပါမယ်။

Sunday, December 28, 2008

စစ်အုပ်စု သက်တမ်းရှည်နေသရွေ့- ၎



(၃)

သံဆူးကြိုးအထပ်ထပ်ထဲက ကိုယ်ထူကိုယ်ထ စခန်း

စစ်တပ်ဘားတိုက်ပုံ အဆောင် ၁၂ ဆောင်ရှိပါတယ်။ တောင်ဘက်ခြမ်း၊ မြောက်ဘက်ခြမ်း၊ ၆ လုံးတန်းစီခွဲထားပြီး ပထမတော့ အာဏာပိုင်တွေက သူတို့ကြိုက်သလို လူခွဲထားတာဖြစ်တယ်။ အရှေ့ဘက်ထိပ်မှာ ဖိုကြီးနှစ်ဖိုနဲ့ တွဲလျက် ထမင်းစားခန်း ရှိပါတယ်။
မကြာလိုက်ပါ၊ ကျန်ထိန်းသိမ်းတွေက လူအများဆုံး ပါတီကြီးများဖြစ်တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ အလံနီ ပါတီတို့ကို ဖိုတဖိုစီ ပေးထားခဲ့တယ်။ မလညပ ဖို၊ တသီးပုဂ္ဂလ ဖို စသဖြင့် ဖိုအသီးသီး ပေါ်လာပါတယ်။

အဆောင်တွေကိုလည်း ဗကပ က ၅ ဆောင်၊ အလံနီ က ၃ ဆောင်၊ မလညပ က ၁ ဆောင် ကျန်တာက တသီးပုဂ္ဂလတွေအတွက်နဲ့ ပစ္စည်းထားတဲ့အခန်း၊ ဆေးခန်း စသည် ခွဲလိုက်ကြတယ်။ ဗိုလ်အုန်းမောင်၊ ဆရာ ရာဂျန်၊ ဦးတင်အောင်တို့က အဆောင် ၄၊ ဦးမြသန်း အပါအဝင် ကျနော်တို့က အဆောင်နံပတ် ၉ ဆိုတော့ တောင်ဘက် မြောက်ဘက်တန်းနေလို့ သံဆူးကြိုးတွေကြားက ဟိုဘက်ဒီဘက် လှုပ်ရှားမှုကို မြင်နေကြရပါတယ်။

ရောက်ပြီး နောက်တနေ့ ရေတပ်စခန်းဘက်ပြောင်းဆိုက်ထားတဲ့ သင်္ဘေပေါ်က ရိက္ခာတွေ သယ်ချပေးဖို့ အလုပ်ဆိုင်းတဆိုင်းကို ကားနဲ့ ခေါ်သွားပါတယ်။ ‘စခန်းတနေရာ’လို့ စာရေးထားတဲ့ အိတ်တွေ၊ ပုံးတွေ၊ အထုပ်တွေ ချကြရတယ်။ ကားနဲ့သယ်လာပြီး အကျဉ်းဌာန ဂိုဒေါင်ထဲ ထည့်ပေးရတယ်။ ရိက္ခာကို အဲဒီမှာ ထုတ်ရတာဖြစ်တယ်။

ဆန်ကျတော့ စီမံကိန်းရှိရှိ ခပ်စောစောကတည်းက ကြိုပို့ထားပါတယ်။ ထားတဲ့နေရာက ကျွန်း အလယ်ပိုင်း ရဲစခန်းနားမှာပါ။ ကျနော်တို့ရောက်တော့ ဆန်က ဟောင်းနေရုံမက ပိုးထိုးလောက်ကိုက် အဆင့်တောင် ရောက်နေပါပြီ။ ဒီအတိုင်း ခြင်ယူလို့လည်း ရတယ်။ ဆန်ကောင်းချည်းလိုချင်ရင် ကိုယ့်ဖာသာ ပြာသန့်ယူလို့ ခိုင်းပါတယ်။
ကိုကိုးကျွန်း အကျဉ်းစခန်း

နိုင်ငံရေးသမားတွေကို အချိန်ပို မပေးချင်လို့ တမင်အကွက်ချ စီစဉ်ထားတာပါ။ အပွန်းအပဲ့ မခံနိုင်တာနဲ့ ‘ဆန်သန့်’ ဆိုပြီး အလုပ်အဖွဲ့တဖွဲ့ ထုတ်ပေးရပါတယ်။ ရိက္ခာစကေးက တနေ့ တကျပ်ခွဲနှုန်းပါ။ ဒီအထဲက သင်္ဘောခ နှုတ်ပါသေးတယ်။

ပိုပိုလျှံလျှံစားချင်ရင် ကိုယ့်ဖာသာ စိုက်စားဆိုလို့ တောင်ယာ အလုပ်ဆိုင်း တဆိုင်း၊ ရေအဆိုင်း၊ ထင်းအဆိုင်း၊ ဖိုအဆိုင်း စသည်ခွဲလိုက် ကြရတော့ လူကြီးတွေရယ်၊ မကျန်းမာသူတွေရယ်ပဲ ကျန်ပါတော့တယ်။

ကိုယ့်ဖာသာ ငါးဖမ်း၊ ခရုငုပ်၊ ကျောက်ခမောက်ခွာ၊ အုန်းသီးကောက်၊ အုန်းပင်တက် ရတာတွေလည်း ရှိတယ်။ လိပ်ဖမ်း၊ လိပ်ဥရှာရတာလည်း ရှိတယ်။ ဒါကိုတော့ ပုံမှန်မဟုတ်တဲ့ ရှာဖွေရေးအဖွဲ့လို့ ဆိုပါမယ်။

ဦးတင်အောင်က အသက် ၅ဝ ပိုင်းမို့ အလုပ်ဆိုင်းထဲ မထည့်ပါ။ ဦးမြသန်းက ၄ဝ ကျော် ဖြစ်ပါတယ်။ သူ့ကိုလည်း ကျနော်တို့က မထည့်ချင်ပါ။ ဒါပေမယ့် သူက ဇွတ်လိုက်ပါတယ်။ သူရွေးတာက လုပ်ရင်လုပ်သလောက် ပင်ပန်းတဲ့ ထင်းအဆိုင်းပါ။

အင်မတန် မာ၊ အင်မတန် မြင့် လုံးပတ် အင်မတန်ကြီးတဲ့ သစ်နီပင်ကြီးတွေကို ရေခဲခွဲတဲ့လွှမျိုးနဲ့ လှဲရ၊ ဖြတ်ရ ပုဆိန်နဲ့ ခွဲရတဲ့ အလုပ်၊ သူ့ကိုတော့ များသောအားဖြင့် လွှဆွဲတဲ့နေရာမှာ ထားကြပါတယ်။

အလုပ်ဆိုင်းတွေကို ဝါဒါတွေက လိုက်ကြီးကြပ်ပါတယ်။ ဒါပေမယ့် ဘယ်လိုမှ ထိန်းမရတာရယ်၊ ပြည်မ ထောင်တွေတုန်းက သူတို့လုပ်ခဲ့တဲ့ ရာဇဝင်ကြွေး တွေအတွက် သွေးလန့်နေတာရယ် သူတို့ ကိုယ်တိုင်ကလည်း ရေခြားမြေခြားမှာ မတက်ကြွတာရယ်ကြောင့် နောက်ပိုင်း မလိုက်ကြတော့ပါ။

ရောက်စမှာ စိတ်ဝင်စားစရာ အကောင်းဆုံးအလုပ်က ပင်လယ်ဆင်းပြီး ရေချိုးရခြင်းဖြစ်ပါတယ်။ တခါချိုး တနာရီ၊ တသုတ်လူ ၃ဝ ကို ဝါဒါအစောင့်နဲ့ ထုတ်ပါတယ်။ ဗူးဝသံဆူးကြိုးတံခါးရှေ့မှာ လူ ၃ဝ ပြည့်အောင် တန်းစီ စောင့်ကြရပါတယ်။

အများစုက ထုတ်ပေးထားတဲ့ လံကွတ်တီ ဘောင်းဘီလေးတွေနဲ့ လက်ထဲမှာ သံချောင်းရှည်ရှည် တုတ်ရှည် ကိုယ်တိုင်လက်ဖြစ် မှိန်း၊ လှံ စတာတွေနဲ့ ဟေးဝါးအော်နေကြပုံမှာ အာဖရိက တောတွင်းသား ဇူးလူးစစ်သည်များ စစ်ထွက်မယ့်ပုံစံမျိုး ပေါက်နေပါတယ်။

မြင်ရသူများ ရင်နာစရာကတော့ တန်းစီရပ်နေသူတွေထဲမှာ ထောင်တွင်း ညှဉ်းပမ်း နှိပ်စက်မှုများကြောင့် ထင်ကျန်ရစ်တဲ့ အရှိုးတွ၊ အစင်းတွေ၊ အမာရွတ်တွေကို ထင်းခနဲ ကွင်းခနဲ တွေ့ကြရခြင်းပါ။ အင်းစိန်ထောင် အကျဉ်းသားများက ပိုခံရပါတယ်။ ကျနော်တို့ အဆောင်က ကိုလှဖေ၊ တပ်ကြပ်ကြီး မြတ်ဆွေ၊ အဆောင် ၄ မှ ကိုသက်ဝင်းတို့ကိုတော့ ရင်းလည်းရင်းနှီး အနီးကပ်လည်း နေရတော့ မျက်စေ့ထဲက ခုအချိန်ထိမပျောက်၊ တင်ပါးရင်းကနေ ပေါင်၊ ခြေသလုံးအထိ တန်းစီနေတဲ့ ကြိမ်ရာတွေဟာ မြင်မကောင်းပါ။

ဗူးတံခါးဖွင့်လိုက်တာနဲ့ ဟေးကနဲ အော်လိုက်ကြကာ လူငယ်တွေက ရှေ့မှ ပြေးကြရပါတယ်။ တနာရီအတွင်း အချိန်ကို အကျိုးရှိစွာ အသုံးချခြင်းပါ။ ပါလာတဲ့ လက်နက်ကိရိယာတွေနဲ့ ဒီရေကျ ပေါ်လာတဲ့ ကျောက်တုံး ကျောက်ခဲ တွေကို ကော်ထုတ်၊ လှန်လှောကြ၊ တွေ့သမျှထဲက စားကောင်းမယ့် ရေသတ္တဝါငယ်တွေကို ဖမ်းကြ၊ ကောက်ကြပါတယ်။

လူကြီးတွေကတော့ ကမ်းစပ်မှာ အညောင်းပြေ လမ်းလျှောက်နေတတ်ကြတယ်။ အစောဆုံး ရေထဲဆင်းသူက ဦးမြသန်း၊ အချိန်စေ့တဲ့ အထိ ရေထဲက တက်မလာ တော့ပါ။ မျက်စေ့မှုန်သူဖြစ်လို့ ခပ်ဝေးဝေးအထိ မကူး၊ ကမ်းစပ်တလျှောက် ခေါက်တုံ့ခေါက်ပြန် ကူးနေပါတော့တယ်။

တချို့က ခပ်လှမ်းလှမ်းရှိ အိုနာဆစ် သင်္ဘောကြီးဆီကူးသွားပြီး သင်္ဘောပေါ် တက်ကာ လိုအပ်တဲ့ သံတိုသံစ၊ သံချောင်း တိုရှည်၊ သံပြား၊ ကြေးပြားများကို ဖြုတ်ကြ၊ ခွာကြပါတယ်။ လိုသလောက်ရတာနဲ့ ဖောင်ကလေးပေါ် တင်ဆွဲကာ ပြန်ကူးလာတတ်ကြပါတယ်။ ယူ၍ မကုန်နိုင်ပါ။

လူကြီးတချို့က ရောင်စုံခရုခွံလှလှတွေ ကောက်လေ့ရှိပါတယ်။ လူငယ်တချို့က အိုနာဆစ်သင်္ဘောပေါ်မှ ရေထဲ ဒိုင်ဗင်ထိုးဆင်းသူက ဆင်းပါတယ်။ ဒီလိုအချိန်မှာ ကျနော်တို့ရဲ့ လင်းယုန်ကြီးကကော ဘာတွေလုပ်နေတယ် ထင်ပါသလဲ?။

ရောက်စမှာ လမ်းလျှောက်ပါမယ်။ အသက်ရှူ လေ့ကျင့်ခန်း လုပ်ပါမယ်။ ပြီးတော့မှ ပုဆိုးကို ခါးတောင်းကျိုက်ကာ သဲပြင်ပေါ် ဇောက်ထိုးမိုးမျှော် အုန်းပင်စိုက်နေလိုက် ပါတော့တယ်။ စောစောပိုင်းရက်တွေမှာ လက်နှစ်ဖက် ခပ်ချဲချဲထောက်ပြီး စိုက်ပါ တယ်။ နောက်ပိုင်း ပိုကျွမ်းကျင်လာတော့ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂူရီယံနည်း လို့ခေါ်တဲ့ လက်ဝါးနှစ်ဘက်ယှက် နောက်စေ့ကိုထိန်းပြီး စိုက်ပါတယ်။ အရပ်ကရှည်တော့ တကယ့်ကို အုန်းပင်ကြီးပါ။

ကျနော်တို့ရှောင်ရမယ့်နေရာ နှစ်နေရာရှိပါတယ်။ တနေရာက သူ အုန်းပင်စိုက်တဲ့ နေရာ။ ခြေအကြွမှာ လေတိုက်လိုက်ရင် သဲမှုန်တွေ သူ့မျက်နှာပြေးကပ်မှာ စိုးလို့၊ နောက် တနေရာက ပိုဆိုးပါတယ်။ အချိန်စေ့ခါနီး လူတပြုံကြီး ရေထဲဆင်းပြေးကြ တဲ့အခါ ဥသြသံ မပေး ဘာမပေး မျက်စိမှုန်မှုန်နဲ့ လူကိုဝင်ဆောင့်တတ်တဲ့ ဦးမြသန်းရေကူးတဲ့ ကမ်းစပ်နေရာ။ ကမ်းစပ်ဆိုပေမယ့် လူခါးလောက် နက်တာကလား။
ငါးပိတိုက်ပွဲ

ကျနော်တို့မှာ နံနက်စာကို ပဲဟင်းနဲ့ငါးပိ၊ ညနေစာကို စည်သွတ်ဗူးများဖြစ်ကြတဲ့ အမဲသား စားချင်စား၊ ဒါမှမဟုတ် အသီးဗူးကိုသာ စားကြရပါတယ်။ ဒါကလည်း နေ့စဉ် ရာရှင် မဟုတ်။ နည်းနည်း နည်းနည်း ဆန့်စားလို့ နေ့စဉ် စားနိုင်ခြင်း ဖြစ်ပါတယ်။ ကြာလာတော့ အနံ့ကိုပင် မခံချင်တော့ပါ။ ဒါပေမယ့် ပထမဆုံး ရင်ဆိုင်ရတဲ့ပြဿနာက ငါးပိပျက်များ ထုတ်ပေးတဲ့ကိစ္စဖြစ်ပါတယ်။

ဒါကို ထိန်းသိမ်း (အကျဉ်းသားအားလုံးက) တညီတည်း လက်မခံကြပါ။ ကျန်းမာရေးနဲ့ မညီညွတ်ဘူး။ လဲပေးရမယ်လို့ တောင်းဆိုတာကို အာဏာပိုင် တွေက ပယ်ချပါတယ်။ သူတို့လည်း ဒီငါးပိစားနေတာပဲလို့ မဟုတ်မဟတ် အကြောင်းပြကြတယ်။ ဒီလိုနဲ့ ငါးရက်ကြာ ငါးပိတိုက်ပွဲ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်တယ်။ သွေးတိုးစမ်းတိုက်ပွဲ ပွဲဦးထွက်တိုက်ပွဲမို့ အရေးကြီးပါတယ်။

ပထမအသုတ်မှာ ဗမာပြည်ကွန်မြူနစ်ပါတီမှ ဆရာ ရာဂျန်ဦးဆောင်ပါဝင်တယ်။ ၂ ရက် ကြာတော့ နားပြဿနာရှိတဲ့ ဆရာ ရာဂျန် လုံးဝ နားထိုင်းသွားပါတော့တယ်။ ၃ ရက်အကြာမှာ ဒုတိယအသုတ် တိုက်ပွဲဆက်ဝင်ပါတယ်။ ၅ ရက်ရောက်တော့ ကျွေးတဲ့ငါးပိ ကျန်းမာရေးနဲ့ ညီညွတ်မှု ရှိ မရှိ ဆရာဝန်ကို ပြကြည့်ပါတယ်။ ဒေါက်တာ ဖေစိန်က ‘စားမဖြစ်ဘူး’ဆုံးဖြတ်တာနဲ့ တိုက်ပွဲနိုင်လိုက်ပါတယ်။

ငါးပိကောင်းတွေ အစားထိုးပေးလာပါတယ်။ လွတ်လပ်ခွင့်တွေလည်း ပိုရလာ ပါတယ်။ ဆရာဝန်ကိုတော့ ခြောက်လနဲ့ပြန်ပို့လိုက်ပြီး ဆရာဝန်အသစ် အစားထိုး ပို့ပါတယ်။ ရခိုင်အမျိုးသား ဒေါက်တာ ကျော်ဇံဝင်းပါ။ သူလည်း စာနာစိတ်ရှိပြီး သဘောကောင်းတာမို့ ၃ လနဲ့ ပြန်အပို့ခံရပြန်တယ်။

သူ့ရဲ့ဆိုစမှတ်ပြုစကားတခွန်းကတော့ “သူတို့က နိုင်ငံရေးသမားတွေ၊ ဒီ အထဲမှာ နောင်တနေ့ ဘယ်သူ သမ္မတ ဖြစ်မယ်၊ ဘယ်သူ ဝန်ကြီးချုပ်ဖြစ်မယ် ပြောနိုင်တာမှ မဟုတ်ပဲ” တဲ့။

တတိယမြောက် ဆရာဝန် ဒေါက်တာ သန်းအောင်ကိုတော့ အာဏာပိုင်တွေ အကြိုက် တွေ့သွားပါတယ်။ သူက အာဏာပိုင်တွေ အလိုကျ ဆက်ဆံပါတယ်။ ဆေး ချွေတာလွန်း၊ ဟန်ရေးပြလွန်း လို့ “မျက်စိကိုဖြဲ၊ လက်ကိုဆွဲ၏။ လမ်းများများ လျှောက်၊ ရေကိုသောက် လမ်းသူရဲ ဆရာဝန်” လို့ စာချိုးခံရသူပါ။

အာဏာပိုင်တွေက အသုံးတည့်တဲ့သူဆိုတော့ အချိန်ကျတဲ့တိုင် ပြန်မလွှတ်တော့ပါ။ တနှစ်ခွဲလောက်ရှိလာတော့ ကျုပ်တော့ သွားပါပြီဗျာ၊ Further Study (နောက်ထပ် အဆင့်မြင့် ဘွဲ့အတွက်) မလုပ်နိုင်တော့ပါဘူး။ ဒုက္ခပဲဗျာလို့ အော်ညည်းခဲ့ရသူ ဖြစ်တယ်။

ဆက်လက်ဖော်ပြပါမယ်။

Friday, December 26, 2008

ဒေါ်ခင်ကြည် ကွယ်လွန်ခြင်း နှစ် ၂၀ ပြည့် အမှတ်တရ


မြန်မာ့လွတ်လပ်ရေးခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၏ ချစ်ဇနီး

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မိခင်

ပထမဦးဆုံး မြန်မာအမျိုးသမီးသံအတ်ကြီး


မဟာသီရိသုဓမ္မ ဒေါ်ခင်ကြည် ကွယ်လွန်ခြင်း နှစ် ၂ပည့် အမှတ်တရ


ဒေါ်ခင်ကြည်ကို မြောင်းမြမြို့တွင် ၁၉၁၂ ခုနှစ် ဧပြီလ ၁၆ ရက်နေ့တွင် အဖ ဦးဖိုးညှင်း၊ အမိ ဒေါ်ဖွားစုတို့မှ မွေးဖွားခဲ့။


ရန်ကုန်မြို့ ကြည့်မြင်တိုင် အေဘီအမ်မိန်းကလေးကျောင်း၌ စတင်ပညာ ဆည်းပူးခဲ့ပြီး မော်လမြိုင်မြို့ မော်တင်လိန်း ဆရာအတတ်သင်ကျောင်းမှာ ဆက်၍ပညာသင်ကြားခဲ့။


မြောင်းမြမြို့ အမျိုးသားကျောင်းတွင် ဆရာမအဖြစ် အမှုထမ်းခဲ့။


ရန်ကုန် ဆေးရုံကြီးနှင့် ဒပ်ဖရင်ဆေးရုံတွင် သူနာပြုသင်တန်းများတက်ရောက်ခဲ့ပြီး ရန်ကုန်ဆေးရုံကြီးတွင် တာဝန်ထမ်းဆောင်ခဲ့။



၁၉၄၂ ခုနှစ် စစ်အတွင်းမြန်မာနိုင်ငံ၌ ပထမဆုံးသော ဆေးရုံဖွင့်လှစ်ရာ အဖွဲ့ဝင်တဦးဖြစ်ပါဝင်ခဲ့ပြီး သူနာပြုချုပ်အဖြစ် ထမ်းဆောင်နေစဉ် လူနာအဖြစ် လာရောက်တတ်သော ဗိုလ်ချုပ်အောင်ဆန်းဖြင့်ွေ့ဆုံမေတ္တာမျှကာ ၁၉၄၂ ခုနှစ်၊ စက်တင်ဘာ ၆ ရက်နေ့တွင် လက်ထပ်ထိမ်းမြားခဲ့။


သား အောင်ဆန်းဦး၊ အောင်ဆန်းလင်းနှင့် သမီး အောင်ဆန်းစုကြည်တို့ကို မွေးဖွား ခဲ့။


စတုတ္ထမြောက်သမီးလေးကတော့ မွေးဖွားပြီးရက်ပိုင်းအတွင်း ၂၆-၉-၁၉၄၆ ရက်နေ့မှာ ကွယ်လွန်သွားခဲ့ပါတယ်။


တဖန် အလွန်ထက်မြက်သွက်လက်သော သား အောင်ဆန်းလင်းကလည်း ဗိုလ်ချုအောင်ဆန်း မကွယ်လွန်မီ တာဝါလိန်းလမ်း (နတ်မောက်လမ်း) နေအိမ် ဝင်းအတွင်းရှိ ရေကန်တွင် ရေနစ်သေဆုံးခဲ့ရရှာပါတယ်။



ဗိုလ်ချုပ်အောင်ဆန်း ၁၉၄၇ ခုနှစ်၊ ဇူလိုင် ၁၉ ရက်နေ့တွင် လုပ်ကြံခံရပြီးနောက် ခင်ပွန်းသည်ချမှတ်ခဲ့တဲ့ တိုင်းပြုပြည်ပြုလုပ်ငန်းများ၊ အမျိုးသားရေးရည်မှန်းချက် များကို ဆက်လက်အကောင်အထည်ဖော်ခဲ့ပါတယ်။


အမျိုးသမီးလွတ်လပ်ရေး၊ ကာကွယ်ရေးအဖွဲ့ချုပ်တွင် ဦးဆောင်အဖွဲ့ဝင်၊ ပါလီမန် အမတ်၊ ၁၉၅၃ ခုနှစ်တွင် လူမှုစီမံကိန်းကော်မရှင်ဥက္ကဋ္ဌ၊ လူမှုရေးကောင်စီဥက္ကဋ္ဌ စသည့်တာဝန်များကို ထမ်းဆောင်ခဲ့တယ်။



၁၉၅၉-၆ဝ ခုနှစ်များမှာ ပြည်ထောင်စုပါတီအတွက် စည်းရုံးရေးတာဝန်များကို အထူးကြိုးစားဆောင်ရွက်ခဲ့ပြီး ၁၉၆ဝ ခုနှစ်၊ ဇူလိုင်လတွင် သံအမတ်ကြီးအဖြစ် ခန့်အပ်ခြင်းခံခဲ့ရသည်။


ဒေါ်ခင်ကြည်ဟာ ယနေ့အထိ မြန်မာအမျိုးသမီးများထဲမှ သံအမတ်ကြီးအဖြစ် တာဝန်ပေးအပ်ခြင်းခံရသည့် တဦးတည်းသောအမျိုးသမီး ဖြစ်ပါတယ်။



အိန္ဒိယနိုင်ငံလုံးဆိုင်ရာနှင့် နီပေါနိုင်ငံလုံးဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် အမှု ထမ်းခဲ့တယ်။


နယူးဒေလီရှိ မြန်မာသံရုံးတွင် ၁၉၆၇ ခုနှစ် အငြိမ်းစားယူခဲ့သည်အထိ ၇ နှစ်မျှ တာဝန်ထမ်းဆောင်ခဲ့ပြီး သူမ၏ ဘဝနောက်ဆုံးပိုင်းနှစ်များကို ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်း အမှတ် ၅၄-၅၆ နေအိမ်တွင် သစ်ပင်ပန်းမလ်များပြုစုခြင်း၊ ဘုရားတရားအာရုံပြုခြင်းဖြင့် ကုန်လွန်ခဲ့ရပါတယ်။


သားကြီးအောင်ဆန်းဦး၏မိသားစုမှာ အမေရိကတွင် နေထိုင်ပြီး သမီး အောင်ဆန်း စုကြည်နှင့် မိသားစုမှာ အင်္ဂလန်တွင် နေထိုင်ကြပါတယ်။ ဒေါ်ခင်ကြည်၏ အထီးကျန်ဘဝနှင့် နိုင်ငံတော်ရဲ့ပစ်ပယ်ခံထားရမှုကို ဦးအောင်ကြီးက စာဖွဲ့ခဲ့၍ ဗမာပြည်သူတရပ်လုံး၏ စာနာမှုကိုရရှိခဲ့ပါတယ်။



နောက်ဆုံး နာမကျန်းဖြစ်သည့်ကာလမှာ သမီး ဒေါ်အောင်ဆန်းစုကြည်က အနီးကပ် လာရောက်ပြုစုစောင့်ရှောက်ပေးခဲ့ပါတယ်။


မဟာသီရိသုဓမ္မ ဒေါ်ခင်ကြည်သည် အသက် ၇၇ နှစ်ဟာ ၁၉၈၈ ဒီဇင်ဘာ ၂၇ ရက်၊ အင်္ဂါနေ့ နံနက် ၇ နာရီ ၁၇ မိနစ်တွင် ဘဝတပါးသို့ ကူးပြောင်းသွားခဲ့ပါတယ်။


ဈာပနကို ၁၉၈၉ ဇန်နဝါရီ ၂ ရက်နေ့မွန်းလွဲ ၁ နာရီမှာ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်မှသယ်ဆောင်၍ ရွှေတိဂုံ ဘုရားလမ်းရှိ ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ ဂူဗိမာန်နှင့် သီပေါမင်း၏မိဖုရားခေါင်ကြီး စုဘုရားလတ်တို့၏ ဂူဗိမာန်အကြား မြေကွက်လပ်ရှိ ဂူဗိမာန်တွင် သင်္ဂြိုလ်ခဲ့ပါတယ်။



ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ ဂူဗိမာန်၏ အခြားတဖက်မှာ ကမ္ဘာ့ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်၏ ဂူဗိမာန်ရှိပါတယ်။


ညိုထွန်း၏ ‘ဗမာ့သမိုင်းမော်ကွန်းဝင် ဈာပန’ဆောင်းပါးမှ ထုတ်နှုတ်ဖော်ပြပါသည်။


Thursday, December 25, 2008

ရဲဘော်နိုင်ထွန်း ကွယ်လွန်ခြင်း ၄ နှစ်ပြည့် အမှတ်တရ


ရဲဘော် နိုင်ထွန်း - လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ

(၁၉၆၅-၂ဝဝ၄)

ပါတီဝင်အမှတ် (၇၁၂ဝ)


ရဲဘော် နိုင်ထွန်းအား ၁၉၆၅ ခုနှစ် နိုဝင်ဘာလ ၂ဝ ရက်နေ့တွင် အဖ ဦးခင်ထွန်း၊ အမိ ဒေါ်မမလေးတို့မှ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့တွင် မွေးဖွားခဲ့သည်။


၁၉၇ဝ ခုနှစ်တွင် စစ်ကိုင်းမြို့ရှိ အမှတ် ၁ မူလတန်းကျောင်းတွင် စတင်ပညာသင် ကြားခဲ့သည်။


၁၉၇၆ ခုနှစ်တွင် စစ်ကိုင်းမြို့ အမှတ် ၁ အထက်တန်းကျောင်းသို့ ပြောင်းရွှေ့ ပညာင်ကြားခဲ့သည်။


၁၉၈၈ ခုနှစ် ရှစ်လေးလုံးအရေးတော်ပုံကြီး ဖြစ်ပွားသောအခါ စစ်ကိုင်းမြို့ လူထုဆန္ဒပြပွဲများ၌ တက်ကြွစွာပါဝင်ခဲ့ပြီး ကျောင်းသားသမဂ္ဂ ဖွဲ့စည်းပြီးသောအခါ စည်းရုံးရေးကော်မတီဝင်အဖြစ် တာဝန်ယူခဲ့သည်။


၁၉၈၉ ခုနှစ်တွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီသို့ ဝင်ရောက်ခဲ့ပြီး စစ်ကိုင်းမြို့၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ ပြန်ကြားရေး တာဝန်ခံအဖြစ် တာဝန်ပေးအပ် ခြင်းခံရသည်။


၁၉၉ဝ ပြည့်နှစ်တွင် ပါတီစုံရွေးကောက်ပွဲကာလအတွင်း စစ်ကိုင်းမြို့၌ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အနိုင်ရရှိရေးအတွက် ကျေးရွာ ရပ်ကွက်များသို့ သွားရောက်၍ လူထုစည်းရုံးလှုံ့ဆော်မှုများကို လူငယ်အဖွဲ့အစည်းများ၊ ဗကသ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည်။


၁၉၉ဝ ပြည့်နှစ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော် ကိုယ်စားလှယ်များ စုစည်း၍ ရန်ကုန်မြို့ ဂန္ဒီခန်းမ၌ စက်တင်ဘာ လတွင် လွှတ်တော်ခေါ်ယူရေးအတွက် ဂန္ဒီခန်းမကြေညာစာတမ်း ထုတ်ပြန်ခဲ့ပါသည်။


လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီမှ ဗကသ အပါအဝင် လူငယ်အဖွဲ့အစည်းများ၊ မဟမိတ်ပါတီအဖွဲ့အစည်းများ နှင့်ပူးပေါင်း၍ ဂန္ဒီခန်းမ ကြေငြာစာတမ်းအား ထောက်ခံတိုက်ပွဲဝင်သည့် လှုပ်ရှားမှုတွင် တက်တက်ကြွကြွ ပါဝင်ခဲ့သည်။


၁၉၉ဝ ပြည့်နှစ်နှောင်းပိုင်းတွင် တော်လှန်ရေးနယ်မြေသို့ ရောက်ရှိခဲ့ပြီး ၁၉၉၃ ခုနှစ်အထိ (KNU) တပ်မဟာ ၃ နယ်မြေတွင် မြန်မာပြည် ဒီမိုကရက်တစ် မဟာမိတ်များအဖွဲ့ချုပ် (DAB) အလုပ်အဖွဲ့၌ မြေအောက်လုပ်ငန်း အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ ၁၉၉၃ မှ ၁၉၉၄ ခုနှစ်အထိ ပါတီဌာနချုပ် (မာနယ်ပလော)တွင် သုတေသနဌာနအဖွဲ့ဝင် အဖြစ်လည်းကောင်း၊ ၁၉၉၄ မှစ၍ ပါတီအလုပ်အဖွဲ့အမှတ် ၂ ၊ မွန်ပြည်သစ်ပါတီနယ်မြေတွင် ပါတီတာဝန်များ ထမ်းဆောင်ခဲ့သည်။


၁၉၉၆ မှ ၁၉၉၈ အထိ ပါတီအလုပ်အဖွဲ့အမှတ် ၂ တာဝန်ခံအဖြစ်လည်းကောင်း၊ ၁၉၉၈ ခုနှစ်မှ ၂ဝဝဝ ပြည့်နှစ်အထိ ပါတီ ဗဟိုကော်မတီဝင်အဖြစ်လည်းကောင်း၊ မဲ့ဆောက်မြို့မြန်မာအလုပ်သမားများ၏ ‘မိုးသောက်ပန်း လူမှုရေးအသင်း’ တွင် လူမှုရေး၊ စည်းရုံးရေးလုပ်ငန်းများကို တဝန်ယူဆောင်ရွက်ခဲ့သည်။


လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ပြင်ပဆက်ဆံရေးရုံး(ချင်းမိုင်) တွင်၂ဝဝ၁ ခုနှစ် မှစ၍ တာဝန်ပေးအပ်ခြင်းခံရသည်။


၂ဝဝ၄ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက် နံနက် ၄ နာရီတွင် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ ကွယ်လွန်သည်။


ရဲဘော်နိုင်ထွန်း၏ အမှတ်တရ ပုံရိပ်တချို့


ရဲဘော်နိုင်ထွန်း (ယာဘက် ဒုတိယမြောက်)

ယာဘက်မှ စတုတ္ထမြောက်ပုဂ္ဂိုလ်မှာ ပါတီဥက္ကဌ ရဲဘော်မြင့်ဇော် (ကွယ်လွန်) ဖြစ်သည်။

ပါတီဌာနချုပ်၊ မာနယ်ပလော (၁၉၉၂ ခုနှစ်)


ရဲဘော်နိုင်ထွန်း (အလယ်တန်း ယာဘက် ဒုတိယမြောက် ထိုင်နေသူ)

ကရင်ပြည်နယ် (၁၉၉၂ ခုနှစ်)


ရဲဘော်နိုင်ထွန်း (အလယ်)

မွန်ပြည်နယ် (၁၉၉၅ ခုနှစ်)


ရဲဘော် နိုင်ထွန်း (နောက်တန်း ယာဘက် ဒုတိယမြောက်)

ထိုင်းနိုင်ငံ မဲဆောက် (၂၀၀၀ ပြည့်နှစ်)


ရဲဘော်နိုင်ထွန်း (ရှေ့တန်း ယာအစွန်)

(၁၉၉၂ ခုနှစ်)


ရဟန်းခံစဉ်က။

ဝဲဘက်အစွန် ရဟန်းမှာ ရဲဘော်နိုင်ထွန်းဖြစ်သည်။ (ပါတီဌာနချုပ်၊ မာနယ်ပလော)


ရဲဘော်နိုင်ထွန်း (ဝဲဘက်အစွန်)

ရဲဘော်စိုးဝင်းညို ခေါ် ကိုချစ်တီး ယာအစွန် (ကွယ်လွန်) နှင့်

ယာမှ ဒုတိယမြောက်မှာ ရဲဘော်မြင့်ဇော် ပါတီဥက္ကဌ (ကွယ်လွန်) တို့ဖြစ်သည်။ (မာနယ်ပလော၊ ၁၉၉၂ ခုနှစ်)