Monday, December 29, 2008

စစ်အုပ်စု သက်တမ်းရှည်နေသရွေ့- ၅

(၄)

ရက် ၄ဝ တိုက်ပွဲ

ကိုယ်ထူကိုယ်ထရဲ့ဒဏ်ကို ကျနော်တို့တတွေ ဘယ်အထိခံလိုက်ကြရပါသလဲ? ချက်ချင်းတော့ မသိသာပါ၊ သိပ်အကြာကြီးလည်း မစောင့်လိုက်ရ။ လအချို့ ဖြတ်သန်းလိုက်တာနဲ့ ဖော်ပြချက်တွေက စပါပြီ။ အလံနီမှ ရဲနီထွန်းစိန်တယောက် ထင်းခွဲရင်း အားပြတ်မေ့လဲသွားတာ၊ အဟာရချို့တဲ့ ကျန်းမာရေးထိခိုက်ပြီး လူထု ကိုစိန်ဝင်းလည်း မေ့မျောသွားခဲ့တာ စသဖြင့် ကြုံလာရပါတော့တယ်။

ကျနော်တို့က ရဲဘော် စိန်ဝင်းကို ပြည်မ ပို့ပြီး ဆေးကုပေးပါ။ မပေးရင် အစာငတ်ခံ ဆန္ဒပြရလိမ့်မယ်လို့ ရာဇသံပေးပြီး ပြင်ဆင်ပါတယ်။ ဒီတော့မှ ပြည်မကို ပြန်ပို့ခဲ့ပါတယ်။ ပို့သင့်သော လူအများအပြား ကျန်သေးသော်လည်း ပို့မပေးပါ။ နောက် ဗမာပြည်ကွန်မြူနစ်ပါတီမှ ကိုထွန်းရှိန်တယောက် ကမ်းပါးယံတွေအကြား ကျောက်ခမောက် လိုက်ခွာရင်း ဒီလှိုင်းရိုက်ချခံခြင်းခံရကာ ပင်လယ်ထဲ မျောပါ သေဆုံးသွားပြန်ပါတယ်။

ကိုထွန်းရှိန်ရဲ့ဈာပနအခမ်းအနားမှာ ဗမာပြည်ကွန်မြူနစ်ပါတီက တင်ပြချက်တခု တင်ပြီး လှုံ့ဆော်ပါတယ်။ နိုင်ငံရေးအကျဉ်းသားများ အခုလို သေကြကြေကြ၊ ဒဏ်ရာအနာတရ ဖြစ်ကြရတာဟာ ‘ကိုယ်ထူကိုယ်ထ ပေါ်လစီ’ ကြောင့်ဖြစ်တယ်။ ဒီလို မဖြစ်ကြရအောင် တိုက်ပွဲများ တိုက်ကြရပါလိမ့်မယ်။

အဆင့် ၃ ဆင့်ထား တိုက်ဖို့လိုမယ်ထင်ကြောင်း၊ (၁)ထောင်တွင်းရပိုင်ခွင့် တိုက်ပွဲ များ၊ (၂)ကိုယ်ထူကိုယ်ထ ဖျက်သိမ်းရေးတိုက်ပွဲများ၊ (၃) ကျွန်းဖျက်သိမ်းရေး တိုက်ပွဲဆိုပြီး သတ်မှတ်လိုက်ကြောင်း ဘဝတူများဖြစ်လို့ အဖွဲ့အစည်းပေါင်းစုံ လက်တွဲတိုက်ပွဲဝင်ကြ စေလိုကြောင်း စသဖြင့် တင်ပြလိုက်ပါတယ်။

၁၉၇၁ ခုနှစ်၊ နွေဦးကို ရောက်ခဲ့ပါပြီ။ နှစ်ချီကြာလာတော့ စည်သွတ်ဗူး စားလာရတဲ့ဒဏ်တွေကို ထိန်းသိမ်း (အချုပ်သား)များ လှိမ့်ခံရပါတော့တယ်။ ဂျွမ်းဒစ်လို့ ခေါ်တဲ့ အသားဝါရောဂါ စတင်ဖြစ်ပွားလာပါတယ်။ ဟောတယောက် ဟောတယောက် ဖြစ်လာတာပါ။ ဘယ်လောက်ပဲ အသားမဲ သူဖြစ်ပါစေ သူ စွဲကပ်လိုက်တာနဲ့ တကိုယ်လုံး ဝါထိန်သွားပါတော့တယ်။

ဒီအထဲမှာ ရဲတပ်သား ဟောင်းတယောက်ဖြစ်တဲ့ ရဲနီ တင်ငြိမ်းကတော့ အဆိုးဆုံးပါ။ ဆရာဝန်ကလည်း လုံလောက်တဲ့ ဆေးဝါးကုသမှု မပေးတော့ ပိုဆိုးလာပါတယ်။ တညချမ်း သန်းခေါင်းယံမှာ ‘သားရေ’ ဆိုတဲ့ အသံနက်ကြီးတသံ ကြားလိုက်ရပြီး ရဲနီ တင်ငြိမ်း အသက်ပျောက်သွားပါတော့တယ်။

ဘဝတူအကျဉ်းသားလည်းဖြစ်၊ ကိုယ်တိုင်ကလည်း စစ်အာဏာရှင်ကိုတိုက်ဖို့ ပိုင်းဖြတ်ပြီးဖြစ်နေတာကြောင့် ထိုညမှာပဲ ဗမာပြည်ကွန်မြူနစ်ပါတီက အလံနီပါတီကို သွားဆွေးနွေးပါတယ်။ သဘောထားမေးပါတယ်။ နောက် ကျန်အဖွဲ့အစည်းတွေကို တဖွဲ့ချင်း၊ တဦးချင်း လိုက်လံဆွေးနွေးပါတယ်။

ပါတီထဲမှာတော့ ရဲနီ တင်ငြိမ်း မကွယ်လွန်မီကတည်းက လှုံ့ဆော်မှုတွေ လုပ်ထားပြီးဖြစ်ပါတယ်။ တိုက်ပွဲ တိုက်တော့မယ်ဆိုတာသိတာနဲ့ တိုက်ပွဲဝင်သူ (ကျွန်း အသုံးအနှုန်းအရ Striker) ဖြစ်လိုကြောင်း တောင်းဆိုမှုတွေ ပလုံစီပြီး တက်သွားပါတော့တယ်။ ပါတီကလည်း လူရွေးတဲ့အခါ စံချိန် ၃ ချက်နဲ့ ရွေးမယ်။ (၁) နိုင်ငံရေး ရပ်တည်ချက်၊ (၂) ကျန်းမာရေး၊ (၃) အထူးတာဝန်မရှိသူများ ဟူ၍ ဖြစ်ပါတယ်။

ကျနော်တို့အစုက (၁) ကြိုက်တဲ့စံချိန်နဲ့ ရွေးပါ၊ (၂) အဖိုးကြီး နှစ်ယောက် မပါရ။ ဆရာ ရာဂျန် နှစ်ရက်နဲ့ ထိခိုက် သွားတာ သင်ခန်းစာယူပါ။ (၃) က သုံးလုံး ပေါ်လစီ (အကျိုးအကြောင်း ခိုင်လုံရမယ်၊ အကန့်အသတ်နဲ့ တိုက်ရမယ်၊ အကျိုးအမြတ် ရှိရမယ်) အရ တိုက်တာဖြစ်ရမယ်လို့ တင်ပြလိုက်ကြပါတယ်။

ဒီအခါက တိုက်ပွဲဝင်ချင်သူတွေ များလှပါတယ်။ အားလုံးကလည်း အောင်ဘာလေ မဲပေါက်မှာကို စိတ်ကူးယဉ်ကြပါတယ်။ ကိုအောင်ဘော်ဆိုရင် ‘နံပတ် ၁ မပြေးသော်လည်း ရှေ့ဆုံးတန်းက ပါမယ်ထင်’ ဆိုတဲ့ သီချင်းလေးကို ပြုံးစစနဲ့ မကြားနိုးနား သီဆိုနေပါတော့တယ်။ ထိုညက အဖွဲ့အစည်း အသီးသီးညှိကြရာမှာ တိုက်ပွဲတောင်းဆိုချက်တွေကိုတော့ ခပ်မြန်မြန်နဲ့ သဘောတူလိုက်ကြပါတယ်။

၁။ ရဲနီ တင်ငြိမ်းအလောင်းကို ပြည်မရှိ သူ့မိသားစုထံ ပြန်ပို့ပေးရန်။
၂။ နာတာရှည် ရောဂါသည်များကို ပြည်မပြန်ပို့ပေးပြီး ဆေးကုပေးရန်။
၃။ စည်သွတ်ဗူး အစား အသားစို ကျွေးရန်။
၎။ တရားဝင်ထုတ်ဝေတဲ့ စာနယ်ဇင်းများ ဖတ်ရှုခွင့်ပြုရန်။
၅။ အိမ်နှင့်စာရေး ဆက်သွယ်ခွင့်ပြုရန် စတဲ့အချက်တွေ ပါဝင်ပါတယ်။

တိုက်ပွဲကော်မတီကိုလည်း ချောချောမောမော ဖွဲ့လိုက်နိုင်ပါတယ်။ ထစ်နေတဲ့ ပြဿနာက ကွန်မြူနစ်ပါတီအနေနဲ့ အင်အားများများသုံးပြီး တိုက်ချင်တယ်။ ဒါကို အလံနီပါတီက မကြိုက်လှပါ။ လူ နည်းနည်းနဲ့ပဲတိုက်ဖို့ အဆိုပြုပါတယ်။

ရဲနီ တင်ငြိမ်းကိစ္စအပေါ်က တိုက်ရတာဖြစ်လို့ ထောက်ထားဖို့ကလည်း လိုပြန်ပါတယ်။ ညှိရင်း ဈေးဆစ်ကြရင်း က ပထမအသုတ်မှာ လူ ၉ဝ ကျော်ရှိတဲ့ ကွန်မြူနစ်ပါတီဖို မှ ၁ဝ ယောက်။ အလံနီမှ ၅ ယောက်၊ မလညပ မှ ၁ ယောက် ပေါင်း ၁၆ ယောက်ဖြစ်သွားပါတယ်။

နောက်တရက်မှာပဲ တိုက်ပွဲစဖြစ်ပါတယ်။ နံနက်စောစော အလင်းရောင်တောင် မရောက်လာသေးပါ။ မတ်လတွင်းမှာမို့ အိပ်လို့အကောင်းဆုံးအချိန်။ ကျောင်းသား ခေါင်းဆောင် ကိုဉာဏ်ဝင်းတယောက် ပထမအသုတ် တိုက်ပွဲဝင်ရဲဘော်တွေကို တခန်းဝင်တခန်းထွက် လိုက်နှိုးနေပါတယ်။ အိပ်နေတဲ့ ရဲဘော်ရဲ့ခြင်ထောင်ထဲ လက်လျှိုပြီး ခြေမလေးကိုကိုင်ကာ လှုပ်နိုးလိုက်တာနဲ့ ငေါက်ကနဲ ထလိုက်လာသူချည်းပါ။ အဆောင်တိုင်းရဲ့ ထောင့်တနေရာမှာ စတိုခန်းလေးတွေ ရှိပါတယ်။ ကိုဉာဏ်ဝင်းခေါ်သွားတာက ၈ ဆောင်ရဲ့ စတိုခန်းဖြစ်ပါတယ်။

ရေနံဆီမီးအိမ် မှိန်မှိန်ထွန်းထားတဲ့ စားပွဲဘေးမှာ လူအချို့ရှိနေပါတယ်။ ထိပ်မှာ အဖိုးကြီး ၂ ယောက်၊ ဘေးမှာ အေးဆေးစွာထိုင်နေတဲ့ ဦးတင်အောင်။ အသားထူ မျက်မှန်ကြီးနဲ့ ဦးမြသန်း။ ကိုထင်ရှိန် (ဦးတင်ရီ)၊ ရခိုင် အမျိုးသားကြီး ဦးသိန်းဖြူ၊ ကိုလှဖေ၊ စသည်။ နောက်ကလည်း တဦးစီဝင်လာကြရာ ကျောင်းသားတွေ ဖြစ်ကြတဲ့ ကိုအုန်းမြင့်လှိုင်၊ ဗဖူးညွန့်၊ ကိုအောင်ငြိမ်း နောက်ဆုံး ဝင်လာတာက ကိုအောင်ထီ နဲ့ ကိုဖုန်းဆိုတော့ ၁ဝ ယောက် ပြည့်သွားပြီ။

လူစုံတာနဲ့ခေါင်းဆောင်များက ရဲဘော်တို့ကို တိုက်ပွဲဝင်ဖို့ ပထမအသုတ်မှာ ရွေးချယ်ထားကြောင်း ဒီတိုက်ပွဲဟာ ငါးပိတိုက်ပွဲနဲ့မတူ ခက်ခဲရှည်ကြာမှာ ဖြစ်ကြောင်း၊ အသက်စွန့်တန် စွန့်ကြရမှာဖြစ်လို့ ပိုင်းဖြတ်ချက်ရှိ မရှိ တဦးစီ ကို မေးမြန်းပါတယ်။

ပထမဆုံး ဦးတင်အောင်က တိုက်သင့်တဲ့အချိန်ရောက်ပြီ၊ အသက်စွန့်ပြီး တိုက်ပွဲဝင် ဖို့အသင့်ရှိကြောင်း အေးအေးဆေးဆေးပဲ အဖြေပေးပါတယ်။ သူပြီးတော့ အသံပြာအက်အက်နဲ့ ဦးမြသန်းရဲ့ မီးပင်လယ်ကိုဖြတ်သန်းမယ့် အသံ။
နောက် တယောက်ပြီးတယောက်ရဲ့ သန္နိဋ္ဌာန်ချသံများ။ နောက်ဆုတ်မယ့်သူကတော့ တယောက်မှ မရှိ၊ နှလုံးသားတိုက်ပွဲမို့ အားလုံးက အေးဆေးတည်ငြိမ်နေကြတာကို ခံစားလိုက်မိတယ်။

ခံယူချက်သဘောထားကို ပြောပြကြတာတွေမှာ တချို့က တိုတို ရှင်းရှင်း။ တချို့က ပြည့်ပြည့်စုံစုံ (ဒီအထဲမှာ ဦးမြသန်း ပါ,ပါတယ်) ချုပ်ကြည့်လိုက်ရင် ပြောစကားတိုင်းမှာ ယုံကြည်ချက်နဲ့ အားမာန် အပြည့်အဝ ပါနေတာကို သတိထားမိတယ်။

အလင်းရောင်လည်း အခန်းထဲကို ဝင်စပြုလာပါပြီ။ ထွန်းထားတဲ့ မှန်အိမ်လေးရဲ့ အလင်းရောင်တောင် မှိန်ဖျော့ လာတဲ့အချိန်မှာ ပါတီဆေးမှူး ကိုအေးမြင့် အသင့်ဖျော်ထားတဲ့ ဆားခါးရည်ကို တယောက်တခွက် သောက်လိုက် ကြပြီး ကိုယ့်အဆောင်ကိုယ် ပြန်ခဲ့ကြပါတယ်။

တိုက်ပွဲဝင်နေတဲ့နေ့ကစပြီး ဘယ်သူမှ စခန်းအပြင် မထွက်ကြတော့ပါ၊ ထင်းတွေကို လည်း လွန်ခဲ့တဲ့ တပတ် လောက်က ကြိုသယ်ထားပြီးနှင့်ပါပြီ၊၊ ၂ လစာ မှန်းသယ်ထားတာပါ၊၊

တိုက်ပွဲဆောင် နံပါတ် ၁ အဖြစ် ကျနော်တို့နေတဲ့ အဆောင် ၉ ကို ရွေးထားတာ ဖြစ်လို့ ဦးမြသန်း၊ ကိုလှဖေ၊ ဦးသိန်းဖြူနဲ့ ကျနော်က အဆောင် မပြောင်းရတော့ပါ၊ ကျန်တဲ့သူတွေက တခြား အဆောင်တွေကိုခွဲပြီး ရွှေ့ကြရတယ်။ ဦးတင်အောင် ပစ္စည်းတွေကိုတော့ တခြား Striker များနည်းတူ ရဲဘော်တယောက် လိုက်ပို့ ပါတယ်၊၊

စောင်ပါးပါး၊ ခြင်ထောင်နဲ့ အဝတ်စားလောက်သာ လိုအပ်ပါတယ်။ ဆေးရုံတက် လူနာလောက်တောင် ပစ္စည်း ပစ္စယ မလိုပါ။ အိပ်စင်တွေပေါ်မှာ ခပ်ချဲချဲအိပ်ယာနဲ့ အစာအငတ်ခံသူတွေကလွဲပြီး တခြားမရှိပါ။ တချို့ ဘေးမှာတော့ ဆေးလိပ် တလိပ် နှစ်လိပ်၊ စာအုပ် တအုပ် နှစ်အုပ်ရှိပါရဲ့။ နံရံတွေပေါ်မှာတော့ ကမ္ဘာ့ပစ္စည်းမဲ့ ခေါင်းဆောင်းကြီးတွေရဲ့ ပုံတူပန်းချီကား မီးခံပြားကြီးတွေ အမြိုင့်သား ချိတ်ထားပါတယ်။

တန်းဖွင့်ချိန်ရောက်တာနဲ့ ထိန်းသိမ်းအားလုံး စခန်းဗူးဝကို သွားကြပါတယ်၊၊ အာဏာပိုင်တွေကို ခေါ်တွေ့ပြီး တောင်းဆိုချက်တွေ တောင်းပါတယ်။ သူတို့က အထက်ကိုတင်ပြပေးပါမယ်လို့ အကြောင်းပြန်တာနဲ့ တောင်းဆို ချက်တွေ မရမချင်း ဒီနေ့ကစပြီး တိုက်ပွဲဝင်ပြီဖြစ်ကြောင်း ကြေညာလိုက်ခဲ့ကြပါတယ်။

နောက်တော့ …

ရဲနီ တင်ငြိမ်းကို သတ်တာ (စစ်အစိုးရ … … စစ်အစိုးရ)

ဖိနှိပ်ချုပ်ချယ်မှု (ဖျက်သိမ်းပစ် … … ဖျက်သိမ်းပစ်)

ထောင်တွင်းအခွင့်အရေး (ချက်ချင်းပေး … … ချက်ချင်းပေး)

စတဲ့ကြွေးကြော်သံတွေ လျှံတက်သွားပါတယ်။ (ဒီလိုကြွေးကြော်သံတိုင်တဲ့ အလုပ်ဟာ နေ့စဉ်အလုပ်ဖြစ်ပြီး နံနက်တကြိမ် ညနေတကြိမ် တိုင်ကြပါတယ်။ ရက်အတန်ကြာလာတဲ့အခါ Striker တွေ မပါရတော့ပါ။)

၉ နာရီအချိန်လောက်မှာ ထောင်အာဏာပိုင်တွေနဲ့အတူ ဆရာဝန် ဒေါက်တာ သန်းအောင် ရောက်လာပါတယ်။ သူတို့က “အခုလို အစာငတ်ခံ တိုက်ပွဲဝင်တာမှာ မိမိတဦးချင်းရဲ့သဘောထား ဟုတ် မဟုတ်” လိုက်မေးပါတယ်။

အိပ်စင် ၄ ခုရှိတဲ့အနက် ဦးတင်အောင်နဲ့ ဦးမြသန်းတို့ အိပ်စင်က ကျနော်နဲ့ မျက်စောင်းထိုး အရှေ့မြောက်ဘက် မှာရှိတယ်။ အားလုံးဟာ တိတ်ဆိတ်ငြိမ် သက်နေပါတယ်။ ဒါ့ကြောင့်လည်း သူတို့ရဲ့ ဖြေဆိုသံတွေကို ရှင်းရှင်းလင်းလင်း ကြားကြရတယ်။ လူကြီးတွေဖြစ်တဲ့အတိုင်း အေးအေးဆေးဆေး တည်တည် ငြိမ်ငြိမ်။

သို့သော် ပြတ်ပြတ်သားသား ရှိလှတဲ့ သူတို့အသံ။ မရမချင်း တိုက်မယ်ဆိုတဲ့ ပိုင်းဖြတ်ချက်တွေကို ကြားတာနဲ့ ကျန်တဲ့လူငယ်ပိုင်းက ပြောချင်လွန်းလို့ လှုပ်လှုပ်ရွရွ လည်တဆန့်ဆန့် ဖြစ်နေတာကိုလည်း သတိထားမိတယ်။

တော်လှန်ရေးသမားကြီးတွေရဲ့တိုက်ပွဲဝင်သံဟာ လူငယ်တွေကို အားဖြစ်စေတာကတော့ ရှင်းနေပါတယ်။ ကိုယ့်ကိုမေးလာတော့လည်း ရှင်းရှင်းပြတ်ပြတ် ဖြေချလိုက်မိတယ်။ ဆရာဝန်နဲ့အတူ Male nurse လို့ခေါ်တဲ့ ယောက်ျားသူနာပြုတယောက်လည်း ပါလာပါတယ်။
‘ငရဲပြည်ကို သူတို့တတွေ ဘာကြောင့်များ လိုလိုလားလား သွားနေပါလိမ့်’ လို့များ စဉ်းစားနေသလား မသိ။ ပထမ သူ့မျက်လုံးများက ဝိုင်းဝိုင်းလည်နေတာကို မြင်လိုက်မိပြီး နောက်တော့ ငြိမ်ပြီး တွေနေပါတယ်။ ဆရာဝန်က တိုက်ပွဲဝင်သူ အားလုံးကို ဆေးစစ်တယ်၊ ပေါင်ချိန်ကြည့်တယ်။ ပြီးတော့ ဆေးမှတ်တမ်း ရေးပါတယ်။ ဒါဟာ နေ့စဉ်လုပ်ငန်းပါ။

အုပ်ချုပ်သူတွေဘက်က ပထမဆုံးလှမ်းလာတဲ့ ခြေလှမ်းကတော့ ရဲနီ တင်ငြိမ်း အလောင်းကို တောင်းခြင်းဖြစ်ပါတယ်။ အလောင်းကို ပြာချပြီး ပြန်ပို့ပေးမယ်။ ကျန်တဲ့တောင်းဆိုချက်တွေ အထက်ကို တင်ပြထားတယ်။ ဒီကြားမှာ ခင်ဗျားတို့အနေနဲ့ တိုက်ပွဲကိုဆက်တိုက်နိုင်တယ်လို့ ပြောလာကြပါတယ်။

ဒါကို တိုက်ပွဲကော်မတီက ပယ်ချလိုက်ပါတယ်။ ထမင်းဖိုမှ သံချောင်းခေါက်သံများ မကြားရတော့ပါ။ တစခန်းလုံး တိတ်ဆိတ်ငြိမ်သက်နေပါတယ်။ အားလုံးရဲ့ လှုပ်ရှားမှုဟာ ညင်ညင်သာသာချည်း ဖြစ်ကုန်ပါတယ်။ ပြောကြဆိုကြရင်လည်း တိုးတိုးတိတ်တိတ်သာ။

ရဲနီတင်ငြိမ်းရဲ့ခေါင်းကို သူနေတဲ့နံပါတ် ၇ အဆောင်နဲ့ အလံနီဖိုကြား မျက်စောင်း ထိုး မြေကွက်လပ်ပေါ်မှာ တဲထိုးပြီး စင်တင်ထားပါတယ်။

ဆက်လက်ဖော်ပြပါမယ်။

No comments: