Thursday, May 21, 2015

ဇော်ထွန်း (သို့မဟုတ်) ယုံကြည်ချက် ကြယ်စင် (၃) - ဝင်းနိုင်ဦး (ဆေး ၂)

၎ 

ဝ တောင်ပိုင်းဌာနချုပ်က ဆမ်လိုရောင်း ၃၆၁ တောင်ကုန်းနဲ့ သူ့ နားတဝိုက်မှာ တည်ထားတာ၊ အဆောက်အဦ အတော်အများများက အသစ်တွေလိုတွေ့ရသမို့ ဒီစခန်းသက်တမ်းက အလွန်ဆုံးရှိလှ တနှစ်လောက်ပဲ ရှိဦးမယ့်ပုံပါ။ ဒီရေဒီမြေက အပင်တွေက ကျနော်တို့နေဖူးတဲ့ မြန်မာပြည်တောင်ပိုင်းက မိုးရေများများနဲ့ စိမ်းရင့်နေတဲ့ မုတ်သုန်တောက အပင်တွေနဲ့မတူပေမယ့် စိမ်းနု တခါ ရင့်ချီ တလှည့် တောတွေ၊ တောင်တွေကတော့ မီးခိုးပြာရောင်မှိုင်းဝေတဲ့ တောင်ခိုးတွေကို ရှေ့ကထားရင်း လှိုင်းတွေ လှိုင်းတွေ ဆင့်ကာဆင့်ကာ ပြေးလာသလို ပြေးလာနေကြတာကတော့ တူမြဲ တူဆဲပါ။

တောင်နိမ့်၊ တောင်လတ်၊ တောင်မြင့်၊ အဲဒီ တောင်တွေ တောင်တွေအပေါ်မှာ တောင်ထိပ်တွေကို ပြန့်သွားအောင် တိခနဲ ဖြတ်ချထားပြီး ရဲဘော်တွေအတွက် ဘားတိုက်တွေ၊ ကလေးတွေအတွက် စာသင်ကျောင်း၊ ဆရာ၊ ဆရာမတွေအတွက် အဆောင်၊ အခမ်းအနားတွေ လုပ်လို့ရအောင်ကျယ်တဲ့ ခမ်းမ၊ အရာရှိရိပ်သာ၊ ဆက်သွယ်ရေးဌာန၊ ဈေးဆိုင်၊ ခေါင်းဆောင် ကေဒါတချိုရဲ့ အိမ်တွေ၊ လက်လုပ်ဗုံးနဲ့ မိုင်းထုတ်တဲ့စက်ရုံ၊ ကျနော်တို့ အလုပ်လုပ်ရမယ့်ဆေးရုံ စတဲ့ စတဲ့ အဆောက်အဦတွေက တောင်ထိပ်တွေပေါ်မှာ အစီအရီ တင်ထားသလိုပါ။ ကျနော်တို့အလုပ်လုပ်ရမယ့် ဆေးရုံကတော့ ဘေးနံတလျောက် မြင့်တဲ့တောင်တွေက အလုံခြုံဆုံး ကာထားပေးသလို၊ လူတွေလည်း အလွယ်ဆုံးလည်း လာနိုင်ဖို့ တောင်နိမ့်နိမ့်လေးတခုပေါ်မှာပါ။

တောထဲစခန်းဆိုတော့ အဆောက်အဦတွေက ပျဉ်ခင်း၊ ပျဉ်ကာ၊ သွပ်မိုးတတ်နိုင်တဲ့ အဆောက်အဦတွေလည်းပါပေမယ့် ဝါး(သဲပွတ်)ကို ခင်းလည်း ခင်း၊ ကာလည်းကာ၊ သက်ကယ်မိုးပြီး ဆောက်ထားတဲ့ အဆောင်တွေက အများစုပါ။ နောက်ပိုင်းမှသိလာရတဲ့ ဟို တောင်ကုန်းတလုံးပေါ်က ဘန်ဂလိုပုံစံ တိုက်လေးတလုံးမှာတော့ ဒီ ဝ တောင်ပိုင်းဌာနချုပ်ရဲ့ အကြီးအကဲ တာဆမ်ချင်းနဲ့ သူ့ဇနီး နေသတဲ့။ 

ရက်ပိုင်းအတွင်းမှာပဲ တပ်ရင်းမှူး ကိုညီပလု (သူက ဝ ရိုးရာ အစဉ်အလာ ခေါင်းဆောင်မျိုးနွယ်ထဲက တယောက်)၊ တခါ စစ်ကိုင်း ရွာသစ်ကြီး တိုင်းရင်းသားသိပ္ပံကျောင်းဆင်း ကိုအိုက်သောင်းတို့ ကိုဆမ်လော့တို့ အပါအဝင် နိုင်ငံရေးဌာနဘက်၊ စီမံခန့်ခွဲရေးဌာနဘက်က ရဲဘော်ကြီးတွေ၊ ဆေးရုံက ဆေးဝန်ထမ်းတွေ၊ ရဲဘော်တွေနဲ့ ဇော်ထွန်းတို့ ဆရာတို့ မိတ်ဆက်ပေးရာကတဆင့် ခင်မင်သွားကြပါပြီ။ ဝ ရဲဘော်တွေ အများစုက ဗမာ စကားမတတ်ကြပေမယ့် တတ်တဲ့သူတိုင်းက ကျနော်တို့နဲ့ စကားဖွဲ့ ကြ၊ မိတ်ဆက်ကြနဲ့ နေရာသစ်တခုက ရဲဘော်တွေရဲ့ နွေးထွေးမှုကြောင့် အချိန်တိုလေးတခုအတွင်းမှာပဲ ကျနော်တို့ဟာ လူစိမ်းတွေမဟုတ်ကြတော့။ 

ဆေးရုံကတော့ လူနာ ၄၀ လောက်ဆန့်တယ် (တခါတလေလည်း တိုက်ပွဲသံညံလို့ လူနာများတဲ့အခါ ၆၀ - ၇၀ လောက်လည်း ဝင်သွားတာပါပဲ)။ သူလည်း ဝါးသဲပွတ်ကာ၊ သက်ကယ်မိုးပေါ့။ ဒဏ်ရာရတဲ့သူတွေအတွက် ခွဲတာ စိတ်တာ အနည်းအပါး လုပ်နိုင်အောင်တော့ ပျဉ်ခင်း ပျဉ်ကာ အဆောင်လေးတခုတော့ ရှိရဲ့။ ဇော်ထွန်းက ဆေးရုံလုပ်ငန်း လည်ပတ်ပုံ အနေအထားတွေ မိတ်ဆက်ပေးရင်း ဒီအခန်းလေးထဲမှာပဲ သူ ဆရာပါကျင်နဲ့အတူ မိုင်းထိတဲ့ လူနာတယောက် ခြေထောက်ဖြတ်ပြီး ကုသပေးဖူးတဲ့အကြောင်း ပြန်ပြောပြတော့ စိတ်လှုပ်ရှားမိ၊ အားကျမိခဲ့ပေါ့။ 

ဆရာ ဒေါက်တာ ပါကျင်က ကျနော်တို့ ရောက်ရောက်ချင်း ပြန်မသွားသေးပါဘူး။ အခြေအနေတွေ မိတ်ဆက်ပေးရင်း သီတင်း ၂ ပတ်လောက် နေပေးပါတယ်။ သူ့အတွက် အပြန်စီစဉ်တာလည်း စောင့်ရင်းပေါ့။ တိုက်ပွဲဒဏ်ရာတွေ ကုပေးတာ၊ အနာကို သန့်ရှင်းအောင် ဆေးကြောရမှာ အတော်အသုံးဝင်တဲ့ Nerve Block (အာရုံကြောတွေကို ထုံဆေးသုံးပြီး ပိတ်တဲ့နည်း) လုပ်နည်းတွေ ဆရာသင်ပြပေးလို့ ကျနော်တို့ အတော်ရလိုက်ကြတယ်။ သူ စကားလုံးတလုံးမှမသုံးဘဲ ကျနော်တို့ကို သင်ပေးသွားတာကတော့ သူ့ရဲ့ နှိမ့်ချတတ်တဲ့၊ ကြီးငယ်မဟူ တလေးတစားပြောတတ်တဲ့ သူ့ရဲ့အမူအကျင့်တွေပါ။ 

ဆက်လက်ဖော်ပြပါမယ်။ 

No comments: