Tuesday, April 7, 2015

၆ ပွင့်ဆိုင် ဆွေးနွေးပွဲ ဧပြီ ၁၀ ရက် စမယ်

၆ ပွင့်ဆိုင် ဆွေးနွေးပွဲကို လာမယ့် ဧပြီလ ၁၀ ရက်နေ့မှာ ဆွေးနွေးမယ်လို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက တနင်္လာနေ့က ပြောကြားလိုက်ပါတယ်။ 

သမ္မတ၊ ဒေါ်အောင်ဆန်းစုကြည်၊ ကာချုပ်၊ လွှတ်တော် ဥက္ကဋ္ဌ ၂ ဦးနဲ့ လွှတ်တော်က ရွေးချယ်ထားတဲ့ တိုင်းရင်းသား ကိုယ်စားလှယ် ဒေါက်တာ အေးမောင်တို့ ပါဝင်မယ့် ဒီ ၆ ပွင့်ဆိုင် ဆွေးနွေးပွဲမှာ အခြေခံဥပဒေ ပြင်ဆင်ရေးကို အဓိက ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ 


မကြာသေးခင်က ဒေါ်အောင်ဆန်းစုကြည်ကနေ အခြေခံဥပဒေကို မပြင်နိုင်ဘူးဆိုရင် ရွေးကောက်ပွဲကို သပိတ် မှောက်ကောင်း မှောက်နိုင်တယ်လို့ ရိုက်တာ သတင်းဌာနကို ပြောကြားပြီးနောက် အခုလို ဆွေးနွေးဖြစ်ဖို့ မြန်ဆန်လာတာ ဖြစ်နိုင်တယ်လို့ ရခိုင်အမျိုးသားပါတီ ANP ပါတီ ဥက္ကဋ္ဌ အမျိုးသားလွှတ်တော် အမတ် ဒေါက်တာ အေးမောင်က ပြောပါတယ်။ 

ပါဝင်ဆွေးနွေးမယ့်သူတွေကြားမှာ လောလောဆယ် အကြိုညှိနှိုင်းတာမျိုး မရှိသေးသလို၊ ဆွေးနွေးမယ့် မူဘောင်တွေလည်း မရှိသေးပေမယ့် ဆွေးနွေးမယ့် အစီအစဉ်ကတော့ သမ္မတနဲ့ လွှတ်တော်ဥက္ကဋ္ဌတို့အကြား ရှိနှင့်ပြီးသားဖြစ်လိမ့်မယ်လို့ ဒေါက်တာ အေးမောင်က ပြောပါတယ်။ 

ဒီဆွေးနွေးပွဲကနေ ဒီမိုကရေစီစနစ်ကိုအာမခံတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေဖြစ်ဖို့နဲ့ ဖက်ဒရယ်ပြည်ထောင်စုဖြစ်ရေး ချမှတ်နိုင်ဖို့တို့ကို အဓိက မျှော်လင့်တယ်လို့လည်း ဒေါက်တာ အေးမောင်က ဘီဘီစီကို ပြောပါတယ်။ ။ 

သတင်း-ဘီဘီစီ 

 

No comments: