Monday, March 2, 2015

စစ်တပ် အာဏာသိမ်းမှု ၅၃ နှစ်ပြည့် အထူးအစီအစဉ် (ကိုတင်အောင်ကျော်)

ဒီနေ့ဟာဆိုလို့ရှိရင် မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးကာလ ပြည်သူလူထုရဲ့ ရွေးကောက်ခံ ပါလီမန် ဒီမိုကရေစီစနစ်ကို ဆုံးခန်းတိုင်စေခဲ့တဲ့ စစ်တပ်အာဏာသိမ်းမှု ၅၃ နှစ် ပြည့်မြောက်ခဲ့တဲ့နေ့လည်း ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံဟာ အဲဒီအချိန်ကစပြီး နှစ်ပေါင်း ၅၀ နီးပါး စစ်တပ်အာဏာရှင်တို့က ကြီးစိုးအုပ်ချုပ်ခဲ့ကြပါတယ်။ လွန်ခဲ့တဲ့ ၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက် မြန်မာနိုင်ငံရဲ့ ပါလီမန်ဝန်ကြီးချုပ် ဦးနုဆီကနေ စစ်တပ် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးနေဝင်းက ဘယ်လို အာဏာသိမ်းယူခဲ့သလဲ၊ ဒီလိုသိမ်းဖို့ ဘယ်လိုစီစဉ်ခဲ့သလဲဆိုတာကို အဲဒီအချိန်က စစ်တပ်အာဏာသိမ်းမှုကို မျက်မြင်ကိုယ်တွေ့ ကြုံလိုက်ရတဲ့ လူပုဂ္ဂိုလ်အချို့ကို ကျနော် သွားရောက်တွေ့ဆုံ မေးမြန်းခဲ့ပါတယ်။ 

အဲဒီအာဏာသိမ်းမှုကို ၂ ရက်လောက်ကြိုသိနေတဲ့ သံလွင်မြစ် အနောက်ဘက်ခြမ်း တပ်မ ၁၃ မှာ ဒုတိယ တိုင်းမှူးအဖြစ် တာဝန်ယူခဲ့တဲ့ အငြိမ်းစား ဗိုလ်ချုပ်ကြီးဟောင်း သူရဦးတင်ဦးက ... 


“ကျနော်က လုပ်သက်ရင့် ဒုတိယ တိုင်းမှူးလည်းဖြစ်တော့ကာ မကြာခဏ တိုင်းမှူး ဗိုလ်မှူးအောင်ရွှေက သူ ရန်ကုန်ကိုသွားသွားပြီး တာဝန်နဲ့ ညှိနှိုင်းဆောင်ရွက်ရင်း ခဏခဏ သွားနေပေးရတယ်ပေါ့။ အဲဒီ ၆၀ ခုနှစ် လွန်လာပြီ။ ဖေဖော်ဝါရီလ ၂၇ လောက် ဖြစ်မယ်။ သူက ခေါ်လို့ ကျနော်ရောက်သွားတော့ သူ သွားမယ်ဆိုပြီးတော့ သူ ထွက်သွားတယ်ပေါ့နော်။ သူက ခါတိုင်းဆို တစ်ညအိပ်၊ နှစ်ညအိပ်မှ ပြန်လာတတ်တာ။ အဲဒီနေ့က နေ့ချင်းပဲပြန်လာတယ်။ ကျနော့်ကို ခဏနေအုံးဗျာ၊ ပြောစရာရှိလို့ တဲ့။ ကျနော်ကလည်း စစ်ဆင်ရေးအကြောင်းပဲ တွက်တာပေါ့လေ။ နည်းနည်းလေး ရှင်းသွားတော့ သူ့ရုံးခန်းမှာ သူက ဆိုင်းမဆင့် ဗုံမဆင့်နဲ့ အာဏာသိမ်းလိမ့်မယ်တဲ့ သူက ပြောတယ်။ ကျနော်လည်း နည်းနည်းတော့ လန့်သွားတာပေါ့လေ။ ကျနော်က မမေးပါဘူး။ 

သူက ဆက်ပြီးတော့ အာဏာသိမ်းမယ့်ရက်တော့ မသိဘူးတဲ့၊ သို့သော် ခင်ဗျား သတိနဲ့နေပါတဲ့။ အရေးအကြောင်းရှိရင် ခင်ဗျားကို စက်ပေါ် ခေါ်လိုက်မယ် တဲ့။ ကုဒ်ဝှက်ကတော့ ရောင်ခြည်သန်းပြီ ဆိုရင် အာဏာသိမ်းပြီပေါ့။ သူက တခါ ဆက်ပြောသေးတယ်။ ဒီတခေါက်သွားတာမှာတော့ ဆုံးဖြတ်ချက်ကျသွားပြီးဖြစ်တဲ့အတွက် အာဏာသိမ်းမယ့်ကိစ္စတော့ လုပ်မှာပဲတဲ့။ ဒုတိုင်းမှူးတွေနဲ့ပတ်သက်လို့ ပြောဖို့လိုသလားလို့ သူ မေးတော့ ဗိုလ်ချုပ်နေဝင်းက ဗိုလ်တင်ဦးလေး ကိုတော့ ပြောလိုက်လို့ ဒီလို ကျုပ်ကို မှာလိုက်တယ် တဲ့။ ဗိုလ်တင်ဦးလေးဆိုတာ ကျနော့်ကို ပြောတာပေါ့။ ဒီပြင်လူတော့ မပြောနဲ့ပေါ့။ ကျနော်လည်း ထိတ်တိတ်တိတ် လန့်တန့်တန့်ဖြစ်သွားပြီးတော့ ၁ ရက်နေ့ကျတော့ ညနေ နေ့လယ်ပိုင်းအလွန်ကျတော့ စက်ပေါ်တက်ခဲ့ပါ၊ စက်ပေါ်တက်ခဲ့ပါဆိုတော့ သူက ဘာမှမပြောဘူး၊ ရောင်ခြည်သန်းပြီလို့ သူက အဲလို ပြောလိုက်တယ်” 

ဒီလိုအာဏာသိမ်းယူဖို့ ဝန်ကြီးချုပ်ဟောင်း ဦးနုရဲ့အိမ်ကို ၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့ လင်းအားကြီးအချိန်မှာ စစ်တပ်က ရောက်ရှိလာခဲ့ကြပါတယ်။ အဲဒီနေ့က ဝန်ကြီးချုပ်ဦးနုကို အိမ်ထဲကို ဝင်ရောက်ဖမ်းဆီးသွားတာကို ကိုယ်တိုင် မြင်တွေ့လိုက်ရတဲ့ ဝန်ကြီးချုပ် ဦးနုရဲ့သမီးကြီး ဒေါ်စန်းစန်းနုက ... 

“မတ်လဆိုတာကတော့ စာမေးပွဲရာသီပေါ့နော်၊ အိမ်မှာ ကျမတို့က စာကျက်နေတယ်။ မအိပ်သေးဘူး။ အဲဒီအချိန် ၂ ချက် မထိုး၊ တထိုးလောက်မှာ ဟိုဘက် အခု ပုလဲကွန်ဒိုလောက်ဆီမှာ သမ္မတကြီး စဝ်ရွှေသိုက်အိမ် ရှိတာကိုး၊ အဲဒီဘက်ဆီက သေနတ်သံတွေ ဒုံး ဒိုင်းနဲ့ ကြားတယ်။ ကြားတော့ ကျမတို့က ဟယ် ဘာတွေဖြစ်လဲမသိဘူးလို့ဆို ကျမတို့မောင်နှမ ၂ ယောက်က ပြူတင်းပေါက်က လှမ်းကြည့်လိုက်တဲ့အခါမှာ မော်တော်ကားမီးတွေ ဘာတွေလည်း လင်းနေတယ်။ လူတွေလည်း အများကြီးပဲ၊ တော်တော်များများလည်း ပါလာတယ် ထင်တယ်။ ကျွတ်ကျွတ်ရိုက်နေတယ်။ စစ်သားတွေ ဟိုပြေး ဒီပြေးနဲ့၊ ခြံကို တပတ်ဝိုင်းလိုက်တယ်နဲ့ တူပါတယ်။ 

သံချပ်ကာကားကြီး တစင်းရယ်၊ ဘောက်ဝပ်ဂန်လေး တစင်းရယ် ဒီအိမ်ထဲဝင်လာပြီး အုတ်လှေကားထိပ်မှာ အိမ်တံခါးရှိတာပေါ့လေ၊ အဲဒီဘက်ကိုလာတော့ ကျမတို့ကလည်း ယောင်ရက်ပြီးဆင်းပြီး အဲဒီဘက်ကို လာကြည့်တာပေါ့။ တံခါးဖွင့်၊ တံခါးဖွင့်နဲ့ဆိုပြီး အော်တယ်။ လက်နက်ကိုင် စစ်သားက ၃၊ ၄ ယောက် ပါတာပေါ့နော်။ နောက်ပြီးတော့ ဒီမှာ ပုဆိုးတခု ဝတ်ထားတယ်။ အပေါ်မှာက နွားကျောင်းသားတွေ လုပ်သလို လက်နဲ့ကိုင်ပြီး စုစည်းထားပြီး မျက်စေ့ပဲ ဖွင့်ထားတာပေါ့။ 

အဲလို ခေါင်းမြီးခြုံထားတဲ့ လူတယောက်လည်း ပါတယ်။ တက်လာပြီးတော့ တံခါးဖွင့် တံခါးဖွင့် ပြောတော့ ကျမက ပြောတယ်။ အချိန်မတော်ကြီး ဘယ်သူတွေလဲ၊ ဘာမှန်းလည်း မသိဘူး ကျမတို့ ကြောက်တယ်ပေါ့၊ ဒီအချိန်ဆိုတာ လူကောင်းတော့ မလာဘူး။ လူဆိုး၊ သူခိုး၊ ဓားပြတွေပဲ လာတဲ့အချိန်ပေါ့၊ ဘယ်သူတွေ ဘယ်ဝါတွေ မသိဘဲနဲ့ မဖွင့်ရဲဘူးဆိုတော့ သူက ဖွင့် ... တံခါးဖွင့် တဲ့။ ပြောပါ ဘယ်သူတွေလဲဆိုတာပြောရင် ဖွင့်ပေးမယ်ပေါ့လေ။ ဘေးက စစ်သားက သေနတ်နဲ့ လှံစွပ်နဲ့။ ကျမကို ဒီကောင်မ တယ် စကားများတယ် တဲ့၊ အရမ်းလျှာရှည်တာပဲ တဲ့၊ ငါ လုပ်လိုက်ရဆို အဲဒီလို သူက ပြောတယ်။ ကျမကလည်း မဖွင့်ပေးသေးဘူး။ ဘေးက ပုဆိုးခြုံထားတဲ့သူက ဟေ့ကောင် မလုပ်နဲ့ မလုပ်နဲ့ ဆိုပြီး တွန်းပစ်လိုက်တော့ သူ့ပုဆိုးက ပြုတ်ကျသွားတော့ သူ့မျက်နှာကိုမြင်လို့ ကြည့်လိုက်တော့ ဗိုလ်ချုပ်စိန်လွင် ဖြစ်နေတယ်” 

၁၉၆၂ ခုနှစ် စစ်တပ်ကဝင်ပြီး အာဏာသိမ်းရတာဟာ တိုင်းပြည်မှာ ဖက်ဒရယ်မူကြောင့် ချောက်ထဲကျဖို့ လက်နှစ်လုံးသာ လိုတော့တဲ့အတွက်ဆိုပြီး စစ်တပ်က အာဏာသိမ်းခဲ့တာလည်း ဖြစ်ပါတယ်။ တိုင်းပြည် လွတ်လပ်ရေးရခါစ ဒီမိုကရေစီအရှိန်ကို ရိုက်ချိုးလိုက်သလိုဖြစ်ခဲ့တာကြောင့် ဒီအာဏာသိမ်းမှုဟာ ဖက်ဒရယ်ကိစ္စပဲလား၊ အာဏာသိမ်းရတဲ့ အခြား အကြောင်းအရင်းတွေ ဘာရှိသေးသလဲဆိုတာကို တော်လှန်ရေး ကောင်စီဝင်အဖြစ် လုပ်ကိုင်ခဲ့တဲ့ အငြိမ်းစား ဗိုလ်ချုပ်ကြီးဟောင်း သူရဦးတင်ဦးကို မေးကြည့်တော့ ... 

“အလုပ်သမားတွေကို ဖဆပလ က အသုံးချတယ်။ ဖဆပလ အသုံးချနေတာကို တောထဲက အင်အားစုက ပြန်ပြီး အသုံးချဖို့အတွက် ပမညတ လက်အောက်ခံတဲ့ BWC လုပ်တယ်။ ကွဲတယ်။ အလုပ်သမားတွေ ကျတယ်။ သတ်ကြတယ်၊ ဖြတ်ကြတယ်၊ ၆ လောင်းပြိုင် သတ်တယ်၊ ၉ လောင်းပြိုင် သတ်တယ်၊ ၁၀ လောင်းပြိုင် သတ်တယ်။ ဒါတွေဖြစ်ခဲ့တယ်။ နောက် ဦးနုရောက်လာတဲ့အခါ Union လုပ်တယ်။ အလုပ်သမားကလည်း အကွဲကွဲအပြဲပြဲ။ 

အဲဒီအချိန်မှာ ဦး၊ ဗိုလ်၊ သခင် နဲ့ ကွဲတော့ တိုင်းရင်းသားတွေက တို့ရဲ့အချက်ပဲ ဆိုပြီးတော့ ဗိုလ်ချုပ်အောင်ဆန်းရှိတုန်းကတည်းက ကြွေးကြော်ခဲ့တဲ့ ပြည်ထောင်စုဆိုတာနဲ့ ဒါ ဖက်ဒရယ် ပေါ်တာ။ ဖက်ဒရယ်ပေါ်တာလည်း စေတနာသန့်သန့်နဲ့ ရိုးရိုးပေါ်တာပဲ။ ဒါပေမယ့် အာဏာသိမ်းချင်တဲ့ ဦးနေဝင်းလိုပုဂ္ဂိုလ်က သူလည်း သိမယ်၊ ဒီအချိန်က အခွင့်ကောင်းပဲဆိုပြီးတော့ သူ ၁၉၆၀ ခုနှစ်က ဖြစ်ပျက်ခဲ့တဲ့၊ သူကိုယ်တိုင်က ပေးချင်တဲ့၊ ဖြစ်စေချင်တဲ့သူက မရဘဲနဲ့ ဦးနုက အကုန်လုံး ရသွားတဲ့အခါမှာ အရေးများယူခံရမလားဆိုတဲ့အနေနဲ့ အကြောင်းပြုပြီးတော့လည်း ဒါ လုပ်တယ်လို့ ဖြစ်နိုင်စရာရှိတယ်။ အမျိုးမျိုးပေါ့” 

ဒီလိုနဲ့ပဲ မြန်မာနိုင်ငံရဲ့ ပါလီမန်ဒီမိုကရေစီခေတ်ဦးဟာ ၁၀ နှစ်ကျော်ကာလအတွင်းမှာပဲ စစ်အာဏာရှင် တပါတီ ဆိုရှယ်လစ်စနစ်အောက် ရောက်ရှိခဲ့ရာတာကတော့ သမိုင်းမှာ အထင်အရှားဖြစ်ပါတယ်။ စစ်တပ်အာဏာသိမ်းမှု စတင်ခဲ့တာဟာ အခုဆိုရင် ၅၃ နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပေမယ့် ဒီအာဏာသိမ်းမှုဖြစ်စဉ်ကိုတော့ သမိုင်းမှာ မေ့ဖျောက်လို့မရတဲ့ ဖြစ်စဉ်အဖြစ် မြန်မာပြည်သူတွေက ပြန်လည်အမှတ်ရနေကြမှာလည်း ဖြစ်ပါတယ်ခင်ဗျာ။

ဘီဘီစီ (မြန်မာပိုင်း) အစီအစဉ်က ပြန်လည် ကောက်နှုတ်ဖော်ပြပါတယ်။ 

 

No comments: