သူတို့လူကြီးဖြစ်လာရင်
ကလေးတွေကိုချစ်တတ်ဖို့
အခု လူကြီးဖြစ်နေတဲ့ ကျနော်တို့က သူတို့တွေကို ချစ်တတ်ရမယ်။
သိဒ္ဓတ္တလို
အတွေးနဲ့ မျှော်မကြည့်တတ်ရင်နေပါစေ
ကလေးတွေရဲ့ နံရံပေါ်မှာ ဘာကြော်ငြာမှ မကပ်လိုက်ပါနဲ့။
ချစ်တတ်ရင်
သေနတ်မောင်းဖြုတ်မယ့် ခင်ဗျားလက်ညှိုးကို ထိုးပေးလိုက်
ကလေးတွေက နို့ထွက်လာအောင် စုပ်ယူနိုင်တယ်။
ယုံကြည်ရတာဆိုလို့
ဘုရားသခင်
အနုပညာနဲ့ ကလေးတွေပဲရှိ
ကလေးတွေက လူကြီးတွေကို ယုံကြည်ဖို့ကြတော့
ခုထိ ပြောရဆိုရတုန်း မဟုတ်လား။
ကျနော်တို့
ပန်းသီးတစ်ကိုက်နဲ့ အိပ်ငိုက်ခဲ့ဖူးပြီ။
ငွေစက္ကူထဲ ကိုယ့်အတ္တ ကိုယ်ပြန်ရှာရင်း
အဖျားအနာ ထူပြောခဲ့ပြီ
ကျနော်တို့ ဝလုံးတွေလည်း ရွဲ့စောင်း ယိုင်နဲ့နေပါပြီ။
သူတို့မှာတော့ ဝိုင်းစက်တဲ့ ဝလုံးတွေလည်းရှိ
လှတဲ့ အနာဂတ်လည်းရှိ
သူတို့ နိုင်ငံတော်ကိုလည်း သူတို့သိရဲ့။
ကျနော်တို့
ကလေးတွေရဲ့ ကမ်းစပ်မှာ လေညင်းကလေးတွေ တိုက်ခတ်ဖို့
ဘွတ်ဖိနပ်အောက်က မြေကြီးပေါ်မှာ
စပယ်ပန်းတွေ စိုက်ပျိုးဖို့
ကလေးတွေရဲ့ တံစက်မြိတ်အောက်မှာ
လရောင်ကလေး ချိတ်ပေးဖို့
သူတို့ အရုဏ်ဦးမှာ
နှင်းဆီတစ်ထောင်ခူးနိုင်ဖို့
သိဒ္ဓတ္တလို
အတွေးနဲ့ မျှော်မကြည့်တတ်ရင် နေပါစေ
ကလေးတွေရဲ့ နံရံပေါ်မှာ
ဘာကြော်ငြာမှ မကပ်လိုက်ပါနဲ့။
နေဇော်နိုင်
ရွှေမော်ကွန်း မဂ္ဂဇင်း၊ အမှတ်(၁၁)
(ရေးဖြစ်တာ နှစ်အနည်းငယ် ကြာခဲ့ပေါ့)
အိုနာသခေရီးအစသို့ ကိုးရကျတာ..
2 months ago
No comments:
Post a Comment