Thursday, March 12, 2015

လက်ပံတန်း မှသည်... နိဂုံး (ရှင်ဒေဝီ)

အဲဒီအချိန်မှာ ပတ်ထားတဲ့ သံဆူးကြိုးဘောင်တွေကို ဖယ်ပေးလိုက်ပါတယ်။ ဒီအထိတော့ ရင်ခုန်စရာကောင်းနေတုန်းပါပဲ။ ရန်ကုန်သွားခွင့် ရတော့မယ်ပေါ့။ စစ်ကြောင်းကသူတွေ ပျော်လိုက်ကြတာ။ ကျမလည်း ပျော်ပြီး ခုန်လို့ ရိုက်တဲ့ အရုပ်တွေတောင် ခုန်ကုန်တယ်လေ။ ဒါပေမယ့် အဲဒီအချိန်မှာ လက်ပံတန်း ရပ်မိရပ်ဖတွေရဲ့ သဘောထားဆိုတာကို လော်စပီကာနဲ့ လာဖွင့်တယ်။ သပိတ်စစ်ကြောင်းကို မြို့ခံတွေက မလိုလားလို့ အမြန်ဆုံး ထွက်သွားဖို့။

အဲဒါက ပျော်နေတဲ့ စစ်ကြောင်းကို တွေဝေသွားစေတဲ့အပြင် ဒေါသဆွပေးလိုက်သလိုပါပဲ။ ဒါ လက်ပံတန်းပြည်သူ အစစ်တွေမဟုတ်မှန်း သိနေကြသားပဲ။ လှည့်ကွက်တွေ လာနေပြီ။ သွားခွင့်ပေးမယ်ဆိုတာ တခုခု မှားနေလို ခံစားလာရတယ်။ ကျောင်းသားအများစုတွေက မူလအစီအစဉ်အတိုင်း တိုးချင်နေကြပြီ။ ညှိနှိုင်းမှုက အကြိမ်ကြိမ် အမျိုးမျိုးပြောင်း။ ရဲတွေဘက်က လူစုခွဲဖို့၊ လူစုမခွဲရင် အရေးယူမယ်ဆိုတာ ထပ်တလဲလဲ ဖွင့်နေတဲ့အသံက ကျယ်သထက် ကျယ်လာပြီ။ 

အဲဒီအချိန်မှာ ကျောင်းသားတွေဘက်က ကြေညာတယ်။ ကျနော်တို့ တိုးဝင်မယ်။ ဖမ်းမယ်ဆိုရင် ဖမ်းပါ။ ဒါပေမယ့် ပြည်သူတွေကို မဖမ်းပါနဲ့။ ကျနော်တို့ရဲ့ ကျောင်းသားသူတွေကို နာကျင်အောင် မလုပ်ပါနဲ့။ တကယ်လို့ ဖမ်းဆီးမှုတွေဖြစ်လာရင် ကျနော်တို့ရဲ့ အလံတော်ကို မလေးမစား မလုပ်ပါနဲ့လို့ တောက်လျှောက် ကြေညာနေတယ်။ မင်းသွေးသစ် ဖြစ်မယ်လို့ ထင်ပါတယ်။

နောက်တော့ ခေါင်းဆောင်တယောက်က ကြေညာပါတယ်။ နောက်ဆုံးညှိနှိုင်းမှုက လမ်းလျှောက် မထွက်တော့ဘူး။ သပိတ်စခန်းမှာ ကား လာခေါ်မယ်။ အဲဒီကပဲ ကားပေါ် တန်းတက်ပြီး ရန်ကုန်သွားမယ်။ ရဲကားတွေ နောက်ကလိုက်လို့ ရတယ်။ ဒါ ကျောင်းသားဘက်က တောင်းဆိုတာ။ နယ်လုံဝန်ကြီးက လမ်းတလျှောက် အလံ မထောင်၊ ခွပ်ဒေါင်း ခေါင်းစည်း မစည်းဖို့ တောင်းဆိုတယ်။ နောက်ဆုံးမှာ စစ်ကြောင်းပါ ကျောင်းသားထုရဲ့သဘောထားကို တောင်းခံတယ်။ ကျောင်းသားထုက ဆုံးဖြတ်တယ်၊ သပိတ်စစ်ကြောင်းရဲ့ပုံရိပ် အလံတော်ကို မထားခဲ့နိုင်ကြောင်း။ အဲဒီမှာ နယ်လုံဝန်ကြီးက သူတို့သဘောထားနဲ့မပြီးလို့ တင်ပြဦးမယ်လို့ ဆိုခဲ့ပါတယ်။ ကျောင်းသားတွေဘက်က ၁၀ နာရီ ၁၀ မိနစ်ကို အချိန်ကြာမြင့်စွာ စောင့်စားနေရတာကြောင့် ၁၁ နာရီ ၄၅ မိနစ်မှ အကြောင်းမပြန်ရင် မူလ အစီအစဉ်အတိုင်းပဲ တိုးဝင်တော့မယ်လို့ အကြောင်းပြန်ပါတယ်။ အဲဒီလိုပြောလိုက်ချိန်က ၁၁ နာရီ ၁၅ မိနစ်ပါ။ 

ဘာဖြစ်တော့မယ်ဆိုတာ ကျမ ခန့်မှန်းမိပါပြီ။ ကျမတယောက်ထဲ ကျိတ်ပြီးဆဲဆိုနေမိပါပြီ။ ယုံမိတဲ့ကိုယ့်ကိုကိုယ် အရင် ဆဲပါတယ်။ နောက် မရိုနိုင်အောင် ပက်စက်လွန်းတဲ့ အစိုးရကို ဆဲပါတယ်။ ဒါပေမယ့် စစ်ကြောင်းကို စိတ်အနှောက်ယှက်ဖြစ်မှာစိုးလို့ အသံတိတ်ပဲ ဆဲခဲ့ရတာပါ။ နယ်လုံဘက်က အကြောင်းမပြန်တော့ပါဘူး။ 

၁၁ နာရီ ၄၅ မှာ စတိုးပါတယ်။ ရုန်းရင်းဆန်ခတ် လုံးဝ မဖြစ်သေးပါဘူး။ စနစ်တကျ တိုးဝင်ဖို့ ကြိုးစားတယ်ဆို ပိုပြီး မှန်ပါလိမ့်မယ်။ အလံကိုင်တဲ့သူတွေက နေရာက မရွေ့ပါဘူး။ ကျောင်းသားတွေက လူ ၃ တန်းရပ်နေတဲ့ ရဲတွေကို လူအားနဲ့ တွန်းကြတာပါ။ တဖက် တဖက် တောင့်ခံရကြရတာပေါ့။ ဒါပေမယ့် ရဲတွေရဲ့ လူတံတိုင်းက ၃ ထပ်ပါ။ ဒီတော့ ဘယ်လိုမှ မဖောက်နိုင်ကြပါဘူး။ တနာရီနီးပါး တွန်းကြ ထိုးကြ အော်ကြနဲ့။ အားကုန်လို့ မူးလဲသူတွေကို ဆွဲထုတ်ကြနဲ့။ ကျောင်းသားစစ်ကြောင်းဘက်က စနစ်ကျဖို့ အပြင်းအထန် ကြိုးစားခဲ့ကြပါတယ်။ ဆဲဆိုသူ၊ သွေးဆူသူတွေလည်း ရှိပါတယ်။ 

ဒါပေမယ့် ရဲတွေကို မဆဲဖို့၊ နစ်နစ်နာနာ မပြောဖို့ အချင်းချင်း ဖြောင့်ဖြနေကြပါတယ်။ တိုးပြီး ၄၅ မိနစ် လောက်မှာတော့ ရဲတံတိုင်းကို မကျော်နိုင်တာ သေချာသလောက် ရှိနေရပါပြီ။ မခံမရပ်နိုင်ဖြစ်ပြီး ကျောင်းသူတချို့ ငိုတာ မူးလဲတာတွေ ဖြစ်ကုန်ပါတယ်။ ကျမ မြင်တွေ့ရတာကတော့ ကျောင်းသူတွေ ငိုကြတယ်။ အဲဒါ ကြောက်လို့ မဟုတ်ပါဘူး။ သူတို့ရဲ့တောင်းဆိုချက်ဟာ နိုင်ငံဖျက်မယ့် တောင်းဆိုချက် မဟုတ်ပါဘူး။ 

မိုင် ၅၀၀ ကျော် လမ်းလျှောက်လာခဲ့ရတဲ့ သူတို့ရဲ့ ဆုလာဒ်အဖြစ် ပြည်သူတွေနဲ့ တွေ့ချင်ပါတယ်။ မြန်မာနိုင်ငံ ပထမကျောင်းသားသပိတ် ကျောက်တိုင်အောက်မှာ ကျောင်းသားသွေးတွေရဲ့ ဘိုးဘေးတွေကို တိုင်တည်ချင်တာပါ။ သူတို့ စုံစုံညီညီနဲ့ ပြည်တော်ဝင်ချင်တာပါ။ သူတို့ မချိတင်ကဲဖြစ်ထိုက်ပါတယ်။ ရင်ကွဲထိုက်ပါတယ်။ ရက်စက်လိုက်တဲ့ တုံ့ပြန်မိန့်ကို ပြည်သူကို ကူညီပါရစေဆိုတဲ့ ပြည်သူ့ရဲတွေက ထပ်တူကျကျ ဆောင်ရွက်နေလိုက်ရပုံက ရင်ကျိုးထိုက်ပါတယ်။ ကျမ ကင်မရာ record ကို နှိပ်ရင်း တိုးထား မောင်တို့မယ်တို့။ တောင့်ထားကြ။ ခွပ်ဒေါင်းသွေးကို ပြကြနဲ့ ရင်ထဲက ထွက်ခွာခွင့်မရတဲ့ စကားလုံးတွေ။ ခွပ်ဒေါင်းအိုက ခွပ်ဒေါင်းပျိုတွေကို အသံတိတ်ပဲ အားပေးနေရတော့တယ်။ 

ကြားကြရတယ်။ ပိတ်ထားတာနဲ့ မနီးမဝေးမှာ လူထုရောက်နေပြီ တဲ့။ သူတို့လည်း အပိတ်ခံထားရတယ် တဲ့။ စစ်ကြောင်းက နှစ်ခုဆုံဖို့ ကြိုးစားတယ်။ ဒါပေမယ့် အားချင်းမမျှ။ မနက်စာ ထမင်း မစားရသေး။ ရဲ တံတိုင်းကို တွန်းနေဆဲ။ ကျမ တခုသတိထားမိတယ်။ လူချင်းတိုးတိုက်နေစဉ်မှာ ပေါက်ကွဲမှုတွေက မပြင်းထန်သေးပါဘူး။ တချို့ရဲတွေဆို အပျော်လိုတောင် ပြုံးနေသေးတယ်။ သိပ်ရန်လိုပုံ မရဘူး။ ကျမဆိုရင် သူတို့တားထားတဲ့ အကာအရံပေါ် တက်ရိုက်တာ။ အမ ပြုတ်ကျရင် ရှမယ်လို့ သတိပေးသေးတယ်။ ဒါတောင် ကျမက သတင်းထောက်မဟုတ်ဘဲ ကျောင်းသားတွေဘက် တဖက်သတ်ပါနေမှန်း သူတို့သိတယ်။ ဒါပေမယ့် ကျမတို့ ရိပ်မိနေပြီ။ တခုခု ဖြစ်ခါနီးပြီ။ စစ်ကြောင်းနောက်ပေါက်ကို အပြင်လူတွေ ရောက်ရောက်လာတာကို စိစစ်နေရတယ်။ အပြင်လူတွေထည့် ရှုပ်ထွေးအောင် ဖန်တီးပြီးရင် ရုန်းရင်းဆန်ခတ်ဖြစ်အောင် လုပ်မယ်ဆိုတာ သိနေပြီးသား။ ဒါမျိုးတွေဖြစ်ခဲ့တာပဲ နှစ်ပေါင်း ၂၀ ကျော်ခဲ့ပြီရော။ ၁ နာရီ ကျော်လာတော့ ခွန်အားတွေ ကုန်လာသလို ထမ်းထုတ်ရသူတွေ ပိုများလာတယ်။ နောက်တန်း လုံခြုံရေး စိုးရိမ်နေရပြီ။ မူးလဲသူကိုတင်သွားတဲ့ လူနာတင်ကား ထွက်ဖို့ ဖွင့်ပေးဖို့ အချိန်အတော်ကြာတယ်။ 

ဒီလိုနဲ့ ၁ နာရီခွဲ ၂ နာရီနီးထိ နှစ်ဖက် ထမင်းမစားရသေးဘူး။ ကျောင်းသားတွေအတွက် ထမင်း၊ ဟင်းတွေတော့ ရောက်လာပြီ။ ဘယ်သူမှ မစားရသေးဘူး။ မနက်ထဲက ထွက်ခွင့်ပေးမယ်လို့ကြားပြီး အပျော်လွန်စိတ်စောပြီး မနက်စာလည်း ဘာမှမစားဖြစ်ခဲ့ကြဘူး။ အခုတော့ မူးလဲသူတွေ၊ တောက်ခေါက်သူတွေ၊ မချိတင်ကဲငိုယိုသူတွေ၊ ပေါက်ကွဲလုနီးနီး ဗုံးတလုံးလို။ 

၁ နာရီခွဲ ရေသန့်ဗူးတစ်လုံး ပျံဝဲသွားတယ်။ တလုံးထဲနော်။ ကျောင်းသားအုပ်စုထဲက ပေါက်ကွဲလိုက်တာလို့ ယူဆရပါတယ်။ တချိန်ထဲ ကျောင်းသားဘက်ကို နံပတ်တုတ် တခုပျံဝဲလာ။ ကျောင်းသားက မှတ်တမ်းတင်ဖို့ ကောက်ယူပြေး။ ရဲက ပြန်လု၊ ရုန်းရင်းဆန်ခတ်။ အဲဒီအချိန်မှာ အချင်း ၄ လက်မလောက်ရှိတဲ့ ခဲတွေ ရဲတွေဘက်ကနေ သပိတ်အုပ်စုဘက်ရောက်လာ။ အရမ်းမြန်တယ်။ စပြီ။ ဒီမှာ ကမ္ဘာပျက်ပြီ။ အရိုက်အဖွဲ့ ပြေးဝင်ရိုက်ပြီ။ သူတို့က တွန်းနေတဲ့ ရဲ တံတိုင်း မဟုတ်တော့ဘူး။ လည်ပတ်နီတွေနဲ့။ တပ်မ ၁၁ တဲ့။ စစ်ဦး ဘီလူး။ 

ကျမ မှတ်တမ်းတင်ဖို့ ကြိုးစားဖို့ မီဒီယာ ကော်နာကိုကြည့်လိုက်တော့ အားလုံး ပြေးကြပြီ။ ခဲတွေက အဆက်မပြတ်။ နောက်က လည်စီးနီနဲ့ တုတ်တွေနဲ့ဝင်လာပြီး တလကြမ်းရိုက်တော့တာပါပဲ။ ကျမတို့ နီးရာအိမ်ထဲ ဝင်ပြေး။ တံခါးတွေ ဂျက်ထိုးပြီး အိမ်ထဲကနေ ချောင်းကြည့်ရုံသာ တတ်နိုင်ပါတယ်။ ကင်မရာ Lens ဆန့်တဲ့အပေါက် မရှိ။ အိမ်ထဲမှာ ကိုယ်နဲ့အတူ ရောက်နေသူတွေက ၂၀ နီးပါး။ ကိုယ့်ကင်မရာကြောင့် အိမ်အဖွင့်ခံရရင် လူ ၂၀ ကျော်။ ကျောင်းသားသူတွေလည်း ပါတယ်။ ရဲရဲတောက်တွေပါ။ သူတို့ရဲဘော်တွေ အရိုက်ခံနေရလို့ သွားပါရစေတဲ့။ ရဲရင့်လိုက်တဲ့ ကလေးတွေ။ တိုက်ပွဲဆိုတာ တကြိမ်ထဲမဟုတ်ကြောင်း ချော့မော့ရင်း အိမ်ထဲကနေ ရင်ဖိ၊ ကြေကွဲ၊ နာကျည်း၊ အပြင်က ၅ ပေအကွာမှာ ကမ္ဘာပျက်နေ။ ကျမ ဘာမှ မကူညီနိုင်ခဲ့ဘူး။ ဘာမှ မကူညီနိုင်ဘူး။ ဒါပေမယ့် အမှန်တရားတွေကို မြင်ခဲ့တယ်။ အမှန်ကို ပြောမယ်။ ကျောင်းသားတွေကို ကာကွယ်ပေးချင်တဲ့ ရဲတွေ အမှန်ရှိခဲ့တယ်။ ရဲအချင်းချင်း ပြဿနာ တကယ်တတ်ခဲ့တယ်။ လူနာတင်ကားကို ရိုက်တဲ့ကိစ္စမှာ ရဲမှူး တားပေးခဲ့တယ်။ ကဗျာဆရာ သော်ဇင်အုန်းတို့ကိုလည်း လူစိတ်ရှိတဲ့ နယ်မြေခံရဲက ကူညီခဲ့တယ်လို့ ကြားခဲ့ရတယ်။ 

ယုတ်မာတာထက် ဆိုးရွားတဲ့ အကြမ်းဖက် ရဲဝတ်တွေရှိခဲ့တယ်။ ရိုက်တယ်။ ရိုက်တယ်။ ဒေါသတကြီး၊ အငြိုးတကြီး၊ မရပ်မနား၊ မြင်မြင်ရာ အဲဒီလို ရိုက်ခဲ့တယ်။ ကျောင်းသားတွေ ဝင်နေတဲ့အိမ်တွေကို ဖွင့်ခိုင်းပြီး အားလုံးကို ရိုက်တယ်။ ဖျက်ဆီးတယ်။ အသေးစိတ်ကတော့ ရဲရင့်တဲ့ သတင်းသမားတွေ အသက်နဲ့ရင်းပြီးရိုက်ခဲ့တဲ့ မှတ်တမ်းတွေမှာ မြင်နိုင်ပါတယ်။ ကျမ ရသလောက် အိမ်ထဲကနေ ရိုက်တယ်။ တချိန်ထဲမှာ အိမ်ပွင့်သွားပြီး အဖမ်းခံရရင် ဘယ်လို ရင်ဆိုင်ရမလဲလို့ တွေးထားတယ်။ ကျမနဲ့အတူ မိတ်ဆွေ မသိန္ဒီဦး ပါရှိနေတယ်။ ပြန်လွတ်နိုင်ပေမယ့် အခုချိန် ဖမ်းခဲ့ရရင် အရိုက်ခံရနိုင်တယ်လို့ တွေးထားကြတယ်။ နောက်ဖေးပေါက်ဖွင့်ပြီး ပြေးဖို့မစဉ်းစားနိုင်ကြသေး။ အဲဒီလိုထွက်တဲ့အချိန် ရိုက်တဲ့သူတွေနဲ့တွေ့ရင် အသေအကျေဖြစ်မှာ။ ကျမရဲ့စိတ်ပူမှုက ရယ်စရာပါ။ အရိုက်ခံရင် ကျမ ခေါင်း မထိရင်ပြီးရောလို့ တွေးထားနိုင်ပေမယ့် ကျမ ချွေးနဲစာနဲ့ဝယ်ထားရတဲ့ ကင်မရာ ဖျက်ဆီးခံရမှာ သေမလောက် စိုးရိမ်နေမိတယ်။ ကျမ အရိုက်ခံရလို့ လဲသွားရင် ကင်မရာတွေကို ကာကွယ်နိုင်မှာ မဟုတ်ဘူးလေ။ 

မကြာခဏ အိမ်ကိုဖွင့်ပေးဖို့ လာကန်ကျောက်ကြတယ်။ ဒီလိုနဲ့တော့ မဖြစ်တော့ဘူးဆိုပြီး အိမ်နောက်က ထွက် ပြောင်းခင်းတွေကိုဖြတ် ကျွန်ကလေးချောင်းကိုဖြတ်ကျော်ပြီး ပြည်လမ်းမပေါ်ကို ကျမတို့ ရောက်ရှိလွတ်မြောက်ခဲ့ရပါတယ်။ 

ဒါပေမယ့် လက်ပံတန်းထဲမှာ ကမ္ဘာပျက်နေတဲ့ နေရာတခုကို ကျမတို့ စွန့်ခွာခဲ့ရတယ်။ တကယ်တော့ ကျမတို့ ချိန်ထားခဲ့ရတာ ကျမတို့ရဲ့အနာဂတ် ကျမတို့ရဲ့နိုင်ငံတော် အားလုံးကို စွန့်ခဲ့ရတာ။ ကျောင်းသား ရဲဘော် ရဲမေတို့၊ ဝန်းရံသူ ပြည်သူတို့ မင်းတို့ကို ချန်ထားခဲ့ရတဲ့အတွက် ခွင့်လွှတ်ပါ။ 

ဒီအကြမ်းဖက်မှုပုံရိပ်တွေကိုတော့ အားလုံး မြင်တွေ့ခွင့်ရှိခဲ့ပြီးပါပြီ။ ရင်ကွဲနာကျခဲ့ရပြီးပါပြီ။ မတူညီသော အမြင်မျိုးစုံလည်း ရှိခဲ့ပါတယ်။ ကျမ နောက်ဆုံးပြောလိုတာက ကျောင်းသားတွေ ရန်ကုန် လာချင်တာ မှားတယ်။ မလာစေချင်တဲ့ အစိုးရ မှားတယ်ဆိုတာထက် အစိုးရဟာ ညာခဲ့တယ်၊ ကောက်ကျစ်ခဲ့တယ်၊ သူတို့နဲ့ ရင်ဆိုင်ခဲ့ကြသူတိုင်းရဲ့ ပုံရိပ်တွေကို အမြဲတမ်း ညစ်နွမ်းစေချင်တယ်။ အဲဒီဖြစ်ရပ်တွေကြောင့် ကျမတို့ပြည်သူတွေပဲ နာကျင်ခဲ့ရတယ်။ ကျောင်းသား၊ ပြည်သူ၊ နောက် ပြည်သူထဲက အပါအဝင်ဖြစ်တဲ့ ပြည်သူ့ရဲ (အကြမ်းဖက် လူ့တိရစ္ဆာန်တွေကို ပြည်သူ့ရဲ လို့ မသတ်မှတ်ပါ။ အားလုံး နာကျင်ခံစားခဲ့ကြရတာပဲ။ 

အဓိကကတော့ တိုင်းပြည်ကောင်းအောင် လုပ်ချင်တဲ့နေရာမှာ စေတနာထားတတ်တဲ့သူတွေ ကျမတို့တိုင်းပြည်မှာ များလာစေချင်တာပါ။ နောက် စေတနာ အမြင်ထားတတ်သူတွေ၊ လူသားဆန်သူတွေ များလာစေချင်တာပါ။ 

အချုပ်ဆိုရရင်တော့ ဒီနိုင်ငံမှာ သပိတ်မှောက်ရင် အစိုးရသဘောထားကို ဆန့်ကျင်ရင် အဖမ်းခံရနိုင်တာ သိပြီးသားပါ။ ဖမ်းရင် အရိုက်ခံရမယ်ဆိုတာလည်း သိပြီးသားပါ။ ဒါပေမယ့် မနေ့က မှတ်တမ်းတွေအရ နည်းနည်းလေးများ လွန်သွားပါတယ်လို့ ပြုရက်သူ လူကြီးမင်းများက မတွေးမိကြဘူးလားဟင်။ 

အာဏာပြန်သိမ်းမယ်နဲ့ လာမခြောက်နဲ့၊ အာဏာပြန်သိမ်းခံရရင် ဘယ်လိုလုပ်မလဲ မလန့်ကြနဲ့။ 

အခု အာဏာကို ဘယ်သူ ပိုင်နေတာလဲ။ တွေးကြည့်။ 

ရှင်တို့၊ ကျမတို့အားလုံး ယုံကြည်သင့်တဲ့အရာတခု ရှိတယ်။ ကျမတို့ အနာဂတ်အတွက် အများကြီး မလိုဘူး။ ဉာဏ်ပညာနဲ့ ချစ်ခြင်းတရားနဲ့ လူသားဆန်မှု။ ဒါပဲ လိုတယ်။ 

ရှင်ဒေဝီ 

 

No comments: