Wednesday, March 25, 2015

ပညာရေးသပိတ် ကျောင်းသားတွေကို ရုံးထုတ်

ဒီမိုကရေစီ ပညာရေးသပိတ်ကြောင့် လွန်ခဲ့တဲ့ သီတင်း ၂ ပတ်က အာဏာပိုင်တွေကနေ အကြမ်းဖက်ဖြိုခွဲပြီး ဖမ်းဆီးထားသူ ၆၅ ဦးကို ဗုဒ္ဓဟူးနေ့ မတ်လ ၂၅ ရက်နေ့က လက်ပံတန်းမြို့ တရားရုံးမှာ ရုံးထုတ်ခဲ့ပါတယ်။ 

တရားရုံးရှေ့မှာ အဖမ်းခံရသူတွေကို လာရောက်အားပေးကြတဲ့ မိဘဆွေမျိုးတွေနဲ့ လှုပ်ရှားတက်ကြွသူတွေ ရာနဲ့ချီပြီး ရှိနေခဲ့ပါတယ်။ 

အဲဒီ့ ၆၅ ဦး အပါအဝင် တရားခံပြေးအဖြစ် သတ်မှတ်ခံထားရတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်ရဲ့ ဥက္ကဋ္ဌ ကိုကျော်ကိုကိုနဲ့ အခြား ၃ ဦး၊ စုစုပေါင်း ၆၉ ဦးတို့ကို ပုဒ်မ ၅ ခုတပ်ပြီး တရားစွဲဆိုထားတာ ဖြစ်ပါတယ်။

စွဲဆိုခံထားရတဲ့ ပုဒ်မတွေထဲမှာ နိုင်ငံ့ဝန်ထမ်းတွေကို စော်ကားမှု၊ လူစုခွဲဖို့ ငြင်းဆန်မှု၊ နိုင်ငံတော်ကို အကြည်ညိုပျက်စေမှု၊ ဆူပူအုံကြွစေမှု စတာတွေကို ကျုးလွန်တယ်ဆိုတဲ့ ပုဒ်မတွေ ပါဝင်ပါတယ်။ 

ကျောင်းသားသပိတ်ကို ဝန်းရံသူ ၁၁ ဦးကိုလည်း လက်ပံတန်း တရားရုံးမှာ သီးသန့်ခွဲ ရုံးထုတ်ခဲ့ပြီးတဲ့နောက် အာမခံနဲ့ လွှတ်လိုက်ပါတယ်။ 

သူတို့အားလုံးကို လာမယ့် ဧပြီလ ၇ ရက်နေ့မှာ တရားရုံးကိုပြန်လာဖို့အတွက် ရုံးချိန်းပေးထားပါတယ်။ 

တကယ်လို့ ပြစ်မှုထင်ရှားကြောင်း တရားရုံးကနေ ဆုံးဖြတ်ခဲ့ရင် အခုစွဲဆိုထားတဲ့ ပုဒ်မတွေအရ စုစုပေါင်း ထောင်ဒဏ် ၁၀ နှစ်ဝန်းကျင်လောက် ကျခံနိုင်ရဖွယ်ရှိတယ်လို့ ဖမ်းဆီးခံထားရသူတွေရဲ့ကိုယ်စား လိုက်ပါဆောင်ရွက်နေတဲ့ ရှေ့နေတစ်ဦးဖြစ်သူ ဦးစန်းမောင်က ဘီဘီစီကို ပြောပါတယ်။ 

သတင်း - ဘီဘီစီ 

No comments: