(၃)
“Main ထဲမှာဇော်ထွန်း တယောက်တော့ တရားတက်ဟောနေပြီဟေ့၊ သူ ဝတ်ထားတာ က OT Coat (ခွဲစိတ်ခန်း ဝတ်ရုံ) နဲ့ မျက်နှာကိုလည်း Mask နဲ့ဖုံး၊ ခေါင်းစွပ်လည်း ပါတယ်ဆိုတော့ ဒါ ဆေးကျောင်းသားတယောက်ပဲဆိုတာကလွဲလို့ ဘယ်သူမှတော့ သူမှန်းရိပ်မိမယ် မထင်ဘူး။ ဒါပေမယ့် တို့အချင်းချင်းတော့ ဒါ ဇော်ထွန်းပဲလို့ သိလိုက်တယ်”
၁၉၈၈ ဇွန်လတဝိုက်ရန်ကုန် တက္ကသိုလ် (ပင်မ) ထဲမှာ ကျောင်းသားတွေ စုကြဝေးကြတဲ့အချိန်ကာလ၊ ၁၉၈၇ စက်တင်ဘာ ငွေစက္ကူအရေးအခင်း၊ ၁၉၈၈ မတ်လ ဖုန်းမော်အရေးအခင်းကစလို့ တံတားနီ အရေးအခင်းတွေနောက်ပိုင်း အစိုးရရဲ့ မတရားမှုတွေကို ဆန့်ကျင်ကြမယ့် ကျောင်းသားတွေရဲ့ စိန်ခေါ်သံတွေစလာတဲ့ကာလမှာ ဆေးတက္ကသိုလ် (၂) ထဲကိုပျံ့လာတဲ့ ဇော်ထွန်းအကြောင်း သတင်းစကားတွေပေါ့။ အဲဒီအချိန်က စင်ပေါ်တက် စကားပြောကြတဲ့ တက်ကြွလှုပ်ရှား ကျောင်းသားတွေဟာ အစိုးရ ထောက်လှမ်းရေးတွေ နောက်မှ လိုက်ဖမ်းဆီးတာတွေကို ရှောင်ရှားရတာမို့ ကိုယ့်ကိုကိုယ် ပုံဖျက် ဖုံးကွယ်ရင်း စင်ပေါ်တက် တရားဟောကြတာပါ။
ဇော်ထွန်းက သြဂုတ်လ ၈ ရက်နေ့မတိုင်ခင် ကျောင်းသားလှုပ်ရှားမှုတွေမှာ ထဲထဲဝင်ဝင် ပါဝင်နေခဲ့သူ။ ရှစ်လေးလုံးနေ့ နောက်ပိုင်း လူတွေ သိန်းချီပြီး လမ်းမပေါ်ထွက်လာကြတဲ့အချိန် သပိတ်တပ်ပေါင်းစုတွေဖွဲ့စဉ်က တပ်ပေါင်းစုကြီးတခုဖြစ်တဲ့ General Strike Committee (GSC) မှာ အထွေထွေ အတွင်းရေးမှူးတာဝန် ပေးအပ်ခံရသူတယောက် ဖြစ်လာခဲ့တဲ့သူပါ။ လူထုလှုပ်ရှားမှု အရှိန်တက်နေတဲ့ သြဂုတ်လကုန်ပိုင်းလောက်ကစပြီး သူ့မိခင်သမဂ္ဂဖြစ်တဲ့ ဆေးတက္ကသိုလ် (၂) ကျောင်းသားသမဂ္ဂတောင် သူ သိပ်ခြေဦးမလှည့်နိုင်ခဲ့တော့။
ဆေး (၂) က ကိုဇော်လွင်ထွန်း (လျှောမွေး) အပါအဝင် ကျောင်းသားတွေ၊ ပြည်သူတွေ၊ ရဟန်းသံဃာတွေ အမြောက်အများ သွေးချောင်းစီးခဲ့တဲ့ စက်တင်ဘာ ၁၈ ရက် အာဏာသိမ်းတဲ့နောက်မှာတော့ ကျနော်တို့ ၂ ယောက်သား အဆက်အသွယ်က ပြတ်၊ တောခိုကြမယ်၊ လက်နက်ကိုင် တော်လှန်ရေးဘက်သွားမယ်ဆိုတာကိုလည်း ကိုယ်စီကိုယ်စီပဲ ဆုံးဖြတ်ခဲ့ကြတော့ ထိုင်းနယ်စပ်ရောက်မှ ကိုယ်က သူ ရောက်နေပြီိဆိုတာ သိ၊ သူကလည်း ကိုယ်ရောက်နေပြီဆိုတာ သိနဲ့။ ဒါပေမယ့် သူက ကရင်နယ်မြေ မာနယ်ပလောဘက်ရောက်၊ ကိုယ်က တောင်ဘက် ပိုကျတဲ့ မွန်-ကရင် နယ်မြေအစပ် ဘုရားသုံးဆူခွင်ဘက်ရောက်နဲ့ တကယ် လူချင်းပြန်တွေ့ကြတာတော့ ကျနော်ရှိရာ ဘုရားသုံးဆူဘက်မှာ ၁၉၈၉ နှစ်ကုန်လောက်မှ။ သူက ပထမရောက်စကာလတွေမှာ GSC အဖွဲ့အနေနဲ့ ရပ်တည်ခဲ့ပေမယ့် အခုလို ကျနော်တို့ ပြန်ဆုံပြီးတဲ့နောက်မှာတော့ ABSDF အနေနဲ့ပဲ ဆေး (၂)က တောခိုလာတဲ့ ကျောင်းသားတွေဖြစ်တဲ့ ကျနော် အပါအဝင် ကိုအောင်သူငြိမ်းတို့၊ ကိုမင်းလွင်တို့နဲ့အတူ တပ်ရင်း (၁၀၁) စခန်းမှာပဲ အတူပါဝင်ခဲ့တယ်။
ဇော်ထွန်းတို့ရှိရာ ဝ တောင်ပိုင်းကိုလိုက်သွားဖို့ ပြင်ဆင်တဲ့ကာလက သိပ်တော့ ရက်တွေ မကြာလိုက်တာကို မှတ်မိတယ်။ ကိုပိန်ကလည်း နေရာသစ်နဲ့ ဝတပ်ရှိရာ ရှမ်းတောင်တန်းတွေဘက်သွားရမှာကို တက်တက်ကြွကြွနဲ့ ဟေ့ရောင် ငါ ဆေးမှူးလက်ထောက် လုပ်မယ်ကွာ၊ ငါလည်း လိုက်မယ်ဆိုတော့ ကျနော့်မှာ ဝမ်းသာအားရ အားရှိရနဲ့။ တခါ သူ ဟိုးအောက် စစ်ကြောင်းကိုပြန်ဆင်းပြီး တာဝန်တွေလွှဲ၊ အကြောင်းကြားတာတွေလုပ်ပြီး ပြန်တက်ဖို့အလုပ်မှာ စစ်ကြောင်းထဲက ကျနော်နဲ့ စခန်းတခုတည်းသား ကိုထွန်းခင် (သူ့ကို ကိုမွှေးကြိုင်လို့လည်း အသိများကြတယ်) က သူလည်း ကိုဇော်ထွန်းရှိရာ လိုက်ချင်တယ်ဆိုပြီး ပါလာလို့ ကျနော်တို့ ၃ ယောက် မဲဆောက်ကနေတဆင့် ကရင်အမျိုးသားအစည်းအရုံး (Karen National Union) ရဲ့ ဌာနချုပ်၊ တပ်ပေါင်းစုရဲ့ဌာနချုပ်၊ ABSDF ရဲ့ ဌာနချုပ်တို့ဆုံရာ မာနယ်ပလော အောင်မြေဆီကို တက်ခဲ့ကြပေါ့။
မာနယ်ပလောကနေ ဝသပ က အကြိုထောက်လာတဲ့ ကိုညီ့ကားနဲ့ ထိုင်းနယ်စပ်မြို့ မယ်ဆရီးယန်းဘက် ပြန်တက်၊ အဲဒီကနေ ချင်းမိုင်ရောက်။ ချင်းမိုင်မှာတော့ ကိုညီရဲ့ဘော့စ် ဗိုလ်မှူးစိုင်းပေါက်ကို တွေ့ရပါတယ်။ ကိုညီရော၊ ဗိုလ်မှူးရော ထိုင်းစကားကို ထိုင်းတယောက်လို ပြောနိုင်ကြတဲ့သူတွေ။ အသားအရေတွေကလည်း ထိုင်းတွေလိုမို့ သူတို့ကို မသိရင် ထိုင်းမှာပဲမွေး ထိုင်းမှာပဲကြီးတဲ့ ထိုင်းတွေလို့ပဲ ထင်မှတ်မိကျမှာပါ။ ကျနော်တို ကို ဖော်ရွေရင်းနှီးစွာနဲ့ သူတို့ ၂ ယောက်လုံး ချင်းမိုင်ကနေ ဖန်း အထိလိုက်ပို့၊ ဗိုလ်မှူးကတော့ ဖန်းမှာ ကျန်ခဲ့၊ ကိုညီက ကျနော်တို့ကို ဖန်းကနေ နယ်စပ်ကိုဖြတ်လို့ ဝ တောင်ပိုင်း ဌာနချုပ်ရှိရာ ဆမ်လိုရောင်း (၃၁၆) တောင်ကုန်းစခန်းအထိ အရောက်လိုက်ပို့ခဲ့တယ်လို့ မှတ်မိတယ်။
လမ်းတလျှောက် ထူးထူးခြားခြား အမှတ်ရစရာကတော့ ချင်းမိုင်ကနေ မြို့ပြင်ဘက်ရောက်ကတည်းက ဗိုလ်မှူးစိုင်းပေါက်က ကားရှေ့ ဒက်ရှဘုတ်ပေါ်မှာ ပစ္စတိုတလက်ကို သတင်းစာတစောင်နဲ့ ညှပ်အုပ်ပြီး အသင့်တင်ထားတာ ကျနော်တို့ သတိထားမိကြတယ်။
အော် ... နယ်မြေလုစစ်က မြန်မာပြည်ဘက်က တောင်တန်းတွေကို ကျော်ချလာပြီး ထိုင်းတို့မြေမှာလည်း ရှိသကိုးလို့ ကျနော်တို့လည်း ဆင်ခြင်မိရတာပေါ့။ ကိုညီက ကားမောင်းနေရင်း KNU က မဲဆောက်ကို ပိုင်တယ်ဆိုတာ ကျနော်တို့ ချင်းမိုင်ကို ပိုင်သလောက် မရှိပါဘူး။ ကျနော်တို့ ချင်းမိုင်ကို ပိုင်တယ်ဆိုတာ ခွန်ဆာ အိပ်နေသလောက်ပဲရှိပါသတဲ့ လို့ ဖွင့်ပြောသဗျ။
(ဗိုလ်မှူးစိုင်းပေါက်ဟာ နောင် ၁၀ နှစ် လောက်အကြာ... ၂၀၀၀ ခုနှစ်မှာလား ၂၀၀၁ မှာလား အတိအကျ အချိန် ကျနော် မမှတ်မိတော့၊ ချင်းမိုင်က ဟော်တယ်တခုမှာလုပ်တဲ့ မင်္ဂလာဆောင်ကနေအပြန် အောက်ထပ် သူ့ ကားရပ်ထားတဲ့ Car Parking မှာပဲ နောက်ကနေ သေနတ်နဲ့ပစ် လုပ်ကြံလို့ ဆုံးတယ်)
ကျနော်တို့လာနေပြီ၊ တောင်အောက်ကိုရောက်လာပြီဆိုတဲ့ သတင်းကိုရကတည်းက ဇော်ထွန်းနဲ့ ဆရာပါကျင်တို့ တောင်ပေါ်စခန်းကနေ ဆင်းလို့ လာကြိုနေတော့ ကျနော်တို့ တက်လာတဲ့ တောင်ပေါ် လမ်းတဝက်လောက်မှပဲ အားလုံး ဝမ်းသာအားရ ဆုံကြရပါတော့တယ်။
ဆက်လက်ဖော်ပြပါမယ်။
No comments:
Post a Comment