အောင့်ထားတာတွေ အန်ပစ်လိုက်ပြီ။ သွေးခွဲတယ်တော့ မထင်နဲ့၊ မြင်တာကို တည့်တည့်ပဲပြောမယ်။ ကျောင်းသားတွေ နိုင်တယ်၊ နိုင်ငံရေးသမားတွေ ရှုံးတယ်။ နိုင်ငံရေး လှုပ်ရှားတက်ကြွသူတွေ ရှုံးတယ်။ နိုင်ငံရေးပါတီတွေ ရှုံးတယ်။ လူ့အခွင့်အရေး လှုပ်ရှားသူတွေ ရှုံးတယ်။ တိုင်းရင်းသား နိုင်ငံရေးအဖွဲ့အစည်းတွေလည်း ရှုံးတာပဲ။ ဘာကြောင့် ရှုံးလဲဆိုတော့... ကျောင်းသားတွေကို ထိရောက်စွာ မကူညီ၊ မဝန်းရံလို့ပါ။ (နာရေးကူညီမှု၊ ပညာရေးကွန်ယက်နဲ့ အဖွဲ့အနည်းငယ်၊ လူအနည်းငယ်လောက်သာ ဝန်းရံတယ်)
ဒါကြောင့် လက်ပံတန်းမှာ ကျောင်းသားတွေ မနာသင့်ဘဲ နာရတယ်၊ အရိုက်မခံသင့်ဘဲ ခံရတယ်။ သူတို့ကို ဝန်းရံမှု အင်အားနည်းလို့ အထိနာတာဖြစ်တယ်။ နိုင်ငံရေးသမားတွေ၊ ပါတီတွေ၊ တိုင်းရင်းသားအဖွဲ့အစည်းတွေ နိုင်ငံရေး လှုပ်ရှားတက်ကြွသူတွေနဲ့ နောက်ဆုံး ဒီမိုကရေစီအရေး လှုပ်ရှားနေကြတဲ့ အဖွဲ့အစည်းတွေက လက်တွေ့ကျကျ ဝန်းရံလုပ်ဆောင်ရမယ့်အရာကို မလုပ်ခဲ့ကြဘူး။
အများစုက အာပလာတွေပဲ လုပ်ကြတယ်။ သူတို့သာ အင်တိုက်အားတိုက်၊ အားနဲ့ ထုနဲ့ ဝန်းရံအားပေးလိုက်ရင် အဲ့သလောက် အခြေအနေမဆိုးပါဘူး။ ကျောင်းသားလှုပ်ရှားမှုအပေါ် အကြမ်းမဖက်ဖို့ အဖွဲ့အစည်းတချို့က သတိပေး ကြေငြာချက်ထုတ်တာမျိုးတော့ ရှိပါရဲ့။ လက်တွေ့ ဝန်းရံရမယ့်အပိုင်းမှာ အားနည်းနေပြန်တယ်။
လုံခြုံရေးတပ်တွေကတော့ ပိတ်ဆို့မှာပဲ။ လုံထိန်းနဲ့ အုပ်ချုပ်ရေးပိုင်းသမားတွေကို အောက်တန်းကျကျ ဖက်ဆစ်လို အရိုင်းအစိုင်းတွေမို့ စကားထဲ ထည့်မပြောချင်ပါဘူး။ ဒါပေမယ့် ကိုယ့်ဘက်က အားတွေသိပ်များနေရင် သူတို့နဲ့ ညှိနှိုင်း အပေးအယူလုပ်လို့ ပိုကောင်းတာပေါ့။ အာဏာပိုင်တွေလည်း ကိုယ့်အင်အား အစစ်အမှန်ကို မြင်ရရင် လျှော့သင့်တာ လျှော့ပေးမှာပဲ။
အခုတော့ သပိတ်မှောက် ကျောင်းသား အနည်းအကျဉ်းနဲ့ ဝန်းရံတဲ့ ဒေသခံ၊ အရပ်သားပြည်သူ အနည်းလောက်နဲ့မို့... လုံခြုံရေး အရိုင်းကောင်တွေက အလွယ်တကူ စော်ကားခဲ့တာဖြစ်တယ်။
ဒါ သင်ခန်းစာပဲ။ အပြောင်းအလဲတခုကို ဝိုင်းဝန်းတွန်းတင် စည်းလုံးစွာ မလုပ်လို့ သေကြေ ဒဏ်ရာတွေနဲ့ ရခဲ့တဲ့ သင်ခန်းစာတွေလည်း မနည်းဘူး။ လှုပ်ရှားမှုရှိရာမှာ အင်အားစုတွေ ပါမလာဘူး။ ကိုယ့်အစုနဲ့ကိုယ်ပဲ ကိုယ့်ဖာသာကိုယ် စိတ်ဝင်စားရာ လုပ်နေတယ်။ နွားကွဲလို့ ကျားဆွဲခံရပေါင်းများပြီ။
လက်ပံတောင်းလည်း အဲလိုပဲ။ မိချောင်းကန်လည်း ခံရတာပဲ။ စက်မှုဇုံ အလုပ်သမားသပိတ်တွေလည်း အဲလိုမျိုးချည်းပဲ။ ကိုထင်ကျော်တို့၊ ကိုနေမျိုးဇင်တို့၊ ဆရာ ထင်လင်းဦးတို့လည်း ဝန်းရံမှု အားနည်းလို့ ခံရတာပါ။ ဒီပုံစံအတိုင်းဆို ဒီချုပ်တောင် ၂၀၁၅ မှာ ခံသွားရလိမ့်မယ်။ ကြာလေ... နိုင်ငံရေးအဖွဲ့တွေက အကျိုးစီးပွားတွေ၊ အကွက်အကွင်းတွေ၊ ကြည့်လာကြပြီ။
ဘာလို့လဲ...။
ကိုယ့်အထုတ်အထည်တွေနဲ့ကိုယ် ဖြစ်နေကြလို့ပဲ။ ငတ်တုန်းက ညီပေမယ့် ထမင်းဝတော့ အီကုန်ကြပြီ။ ကိုယ့်အထုတ် ထိရှမှာ စိုးရိမ်သွားတော့ ရန်သူက သရော်ပြုံး၊ လှောင်ပြုံးလေးတွေနဲ့ အပီအပြင် ကျွေးတော့တာပေါ့။ ဒီအတိုင်းဆို နောက်လည်း ဘယ်အထိ ဆက်ခါ ငရဲကျနေအုံးမလဲမသိ...။
စော်ကားလိုစိတ်နဲ့ရေးတာ မဟုတ်ပါဘူး။ ကျောင်းသားတွေ နိုင်ပါတယ်။ ရှုံးတာက ကျနော်တို့ အားလုံးပါ။
ကိုညို (အော်စလို)
နောက်ဆုံးရ မြန်မာသတင်းများ
4 years ago
No comments:
Post a Comment