Wednesday, March 11, 2015

ကျောင်းသားတွေ နိုင်တယ် (မောင်လွမ်းဏီ)

ကျန်ခဲ့တဲ့ နှီးခမောက်တိုင်းက 
နောက်သမိုင်းစာမျက်နှာအတွက် 
သွေးစက်စွန်းတဲ့
ရှေ့အဖွင့်စာမျက်နှာပေါ့ ညီရဲဘော်။ 

တို့ ချီတက်ရမယ် 
ချီတက်ကြရမယ် 
မန္တလေးမှသည် မြစ်ဝကျွန်းပေါ်အထိ 
လက်ပံတောင်းမှ လက်ပံတန်းအထိ 
ပဲခူးရိုးမက တနင်္သာရီရိုးမဖျားအထိ 
သာယာဝတီမှ ကမ္ဘာမကြေဆီအထိ 
တို့ခွပ်ဒေါင်းအလံတွေ 
လေကစား ကြွားတလူလူဝေ။ 


ဇန်နဝါရီ ၂၀ လမ်းမကြီးလေ 
တို့ ချီတက်ခဲ့တဲ့ လမ်းမကြီး 
တို့ယုံကြည်လို့ ဖောက်ခဲ့တဲ့ လမ်းမကြီး 
တို့စိတ်ဓာတ်တွေ တောင်တန်းတွေလို မြင့်မောက်စေတဲ့ လမ်းမကြီး 
တို့လျှောက်ဖို့ သမိုင်းတန်ဖိုးက အပ်နှံလိုက်တဲ့ လမ်းမကြီး 
တို့လျှောက်ခဲ့ကြတယ်။ 
ရဲရဲရင့်ရင့် သတ္တိရှိရှိ ခိုင်ခိုင်ကျည်ကျည်။ 

လွမ်းဖို့ကောင်းလိုက်တဲ့ 
လူထုကြီးရဲ့ ကွမ်းတစ်ယာ ဖရဲတစ်စိတ် ရေတစ်မှုတ် 
ထမင်းတစ်ထုပ်ဟာ 
ခွပ်ဒေါင်းတွေရဲ့အားအင်တွေ 
ကျောက်မြေသားအိုးလေးပေါ်က အပြုံး 
အလှဆုံး တို့သောက်သုံးခဲ့ကြတယ် 
အေးမြတဲ့ မောင်ရင်းနှစ်မတွေရဲ့ 
မေတ္တာရေကြည် အစက်စက်လေ။ 

ချီကြ၊ ချီတက်ကြ 
တို့ ချီတက်ကြရမယ် 
အမှန်တရားကို မျက်မှောက်ပြုလို့ 
တိုက်ပွဲဝင် ခွပ်ဒေါင်းအလံတော်အောက် 
တကသ မြက်ခင်းပြင်အရောက်ပေါ့။ 

တို့ နိုင်တယ် 
တို့ နိုင်ခဲ့တယ် 
တို့ နိုင်ခဲ့ပါတယ် 
ရာဇဝင် သမိုင်းထဲမှာ 
ကျောင်းသားသမိုင်းဆိုတာ 
ရိုင်းခဲ့တာ ရှိခဲ့ဖူးပါသလား
သားတို့နိုင်ပါတယ် မေမေ 
ကျောင်းသားတွေ နိုင်ပါတယ် ဖေဖေ 
ကျောင်းသားတွေနိုင်ခဲ့ပါတယ် ရဲဘော်တို့။ ။ 

မောင်လွမ်းဏီ 
၁၁ - ၃ - ၂၀၁၅ 

(ဓာတ်ပုံဆရာလေးကိုလည်း မမေ့မလျော့ ဂုဏ်ပြုမှတ်တမ်းဖြင့်)

 

No comments: