Sunday, February 1, 2015

မုဒိတာပွားပါတယ် - ဖိုးသံ (လူထု)

၁၉၆၃ ခုနှစ်တုန်းက
ပြည်တွင်းငြိမ်းချမ်းရေးအတွက်
၅ ခရိုင် ချီတက်ပွဲကြီးမှာ
ကျရာအခန်းက ပါခဲ့ဖူးပါတယ်။

ဒါပေမယ့် အခုခရီးက
ခရိုင်ပေါင်းများစွာ
တိုင်းတွေကိုကျော်ကာ
အောင်ပွဲအထိသွားကြမှာ
မုဒိတာပွားပါတယ် ရဲဘော်တို့။


မျက်ရည်ယိုဗုံးတွေ
မီးသတ်ပိုက်တွေ
လက်ကိုင်တုတ်တွေ
အဓိကရုဏ်းဖြိုရဲတွေ
ရင်ဆိုင်ဖူးပါတယ်။

ဒါပေမယ့် အခုအခါက
ကိုပါကြီးနဲ့ ဒေါ်ခင်ဝင်းကို
သတ်ထားတဲ့ စစ်တပ်နဲ့ရဲ
အောင်သောင်းတပ်
ကြံ့ဖွတ်တပ်
ကျားစွယ်သွေးတိုက်ထား
ရှူးတိုက်ထားတဲ့တပ်တွေကို
ခြေတစ်လှမ်းလှမ်းတိုင်း ရင်ဆိုင်နေရတာ
မုဒိတာပွားပါတယ် ရဲဘော်တို့။

တက္ကသိုလ်အဓိပတိနဲ့ စကားပြော
တက္ကသိုလ်ကောင်စီနဲ့ စကားပြော
ဆရာဆရာမတွေနဲ့ စကားပြော
ပြဿနာကြုံတိုင်း ပြောဖူးပါရဲ့။

ဒါပေမယ့် အခုလို
နားချတယ်ဆိုပြီး
နားလှည့်ပါးလှည့်လုပ်မယ့်လူ
အမိန့်တော်မြတ်အတိုင်း
ဥပဒေပြုပေးခဲ့သူ
ဆွေးနွေးပွဲတွေနဲ့
စစ်အာဏာထိန်းတဲ့သူ
ကြောင်သူတော်၊ အာဏာရှင်
ရာဇာဘုရင်တွေနဲ့ စကားပြောတာ
အိပ်မက်တောင်မမက်ဖူးပါ
မုဒိတာပွားပါတယ် ရဲဘော်တို့။

ချီပါလေ ချီလေ
တပြည်လုံးက စောင့်ကြည့်နေ
လူထုအပေါင်းက မျှော်လင့်ပေ
ကိုယ့်သားမီးမို့ ကိုယ်ယုံ
အကုန်လုံး ပုံထားပါသတဲ့
သင်တို့ရဲ့လမ်း
အားလုံးရဲ့လမ်းဖြစ်ပါလိမ့်
မိုးမြေခြိမ့်သဲ
အပြောင်းအလဲ အစစ်ကြီးဆီ
တပြည်လုံးချီတက်ဖို့
ဖောက်ပါတော့ ဒီလမ်းမဟာ
မုဒိတာပွားပါတယ် ရဲဘော်တို့။ ။

ဖိုးသံ (လူထု) 
ဖေဖော်ဝါရီ၊ ၂၀၁၅

No comments: