Thursday, February 12, 2015

အတိတ်မေ့သူများရဲ့နိုင်ငံ (မင်းမြတ်မောင်)

ကိုးကန့်ဒေသမှာ ဖုန်ကျားရှင် တစ်စခန်းထလာလို့ တိုက်ပွဲတွေဖြစ်ပြီး စစ်တပ် အဲလေ သူတို့အခေါ် တပ်မတော်က ကျဆုံးသူ ဒီနေ့အထိ ၄၇ ယောက်ရှိသတဲ့။ အွန်လိုင်းပေါ်မှာ ဓာတ်ပုံတွေ ပြပြပြီး ငိုချင်းချနေသူတွေ အများကြီး။ 

ကျနော့ friend list ထဲကသူတွေလည်း အဲလို ပို့စ်တွေ ရှယ်လို့ ဘလော့ခ်လိုက်တာ အများကြီးပဲ။ ရက်စက်လှချည်လား၊ အသည်းနှလုံးမရှိဘူးလားလို့ ကဲ့ရဲ့ပြစ်တင်သူတွေ ရှိတာပေါ့။ စစ်သားတွေလည်း တို့ပြည်သူတွေပါလို့ ရှေ့နေလိုက်ကြသေးတယ်။ 

ဒါဖြင့်ရင် စစ်တပ်ကပစ်တဲ့ ကျည်ဆံမှန်ပြီး သေရတဲ့ပြည်သူတွေကိုတော့ မသနားကြဘူးလား။ အဲဒီ ပြည်သူတွေဘက်က ရပ်တည်ပြီး ဘာတွေများ ရင်ဆိုင်တိုက်ပွဲဝင်ပေးခဲ့ကြသလဲ။ ကုန်ကုန်ပြောရရင် အသုဘ ကူငွေလေး တစ်ပြားတစ်ချပ်တောင် ထည့်ဝင်ပေးခဲ့ဘူးသလား။ 


တကယ်တော့ စစ်သား တိုက်ပွဲကျတာ ဘာမှအဆန်းမဟုတ်ဖူးလို့ မြဲမြဲ မှတ်ထားကြ။ ဒါသူ့အလုပ် သူလုပ်ရင်း၊ သူ့တာဝန် သူထမ်းဆောင်ရင်း သေတာ။ 

တကယ်ကို မချိတင်ကဲ ဝမ်းနည်းရမှာက ကျောင်းသူကျောင်းသားလေးတွေ၊ အလုပ်သမား လယ်သမားတွေခမျာ ကိုယ်ကျွေးတဲ့ တမင်းစားနေတဲ့ စစ်တပ်ရဲ့ကျည်ဆံနဲ့ သေရတာပဲ။ 

ကချင်ပြည်နယ်၊ ဖားကန့်မှာ ဂျာဆိုင်းအိန်ဆိုတဲ့ ကျောင်းသူလေးတစ်ယောက် ကျောင်းသွားရင်း လမ်းမှာ စစ်တပ်က ပစ်လိုက်တဲ့ သေနတ်ကျည်ဆံမှန်ပြီး သေရရှာတယ်။ မိဘတွေ ဘယ်လိုခံစားရမလဲ တွေးကြည့်ပါ။ 

အပြစ်မဲ့ ကျောင်းသူလေးတစ်ယောက် သေရတဲ့အဖြစ်ကို စစ်တပ်က ဝမ်းနည်း ကရုဏာသက်နေမယ် ထင်သလား။ ဖြေရှင်းချက်ပေးပြီး တောင်းပန်မယ်များ ထင်သလား။ ဝေးပါသေးတယ်။ 

သမီးသေရတဲ့ကိစ္စကို အမှုဖွင့်တိုင်ကြားတဲ့ ဖခင် ဦးဘရန်ရှောင်ကို စစ်တပ်အသရေဖျက် လိမ်လည်တိုင်တန်းမှုနဲ့ ဖမ်းဆီးပြီး တရားစွဲတယ်။ အချုပ်ထဲမှာ အမှုရင်ဆိုင်နေရတဲ့ ဖခင်မှာတော့ တရားလို ဗိုလ်မှူး ဇာနည်မင်းပိုက် ရုံးချိန်းမလာလို့ ထောင်ထဲမှာ ၂ နှစ်ကျော် ဒုက္ခခံစားနေရတယ်။ 

အဲဒီလို သာမန်ပြည်သူတွေနေရာက စဉ်းစားကြည့်ပါ။ သမီးသေရတဲ့အပြင် အဖေပါ ထောင်ထဲရောက်ရတဲ့အဖြစ်က ဘယ်လောက်ဆိုးသလဲ။ ဒီလို တစ်ဖက်သတ် အဖိနှိပ်ခံရတဲ့ ပြည်သူတွေက စစ်တပ်ကို မသနားတာ ဘာမှမဆန်းဘူးလို့ သဘောပေါက်။ 

ဒါက အမှုတစ်ခုပဲ ဥပမာပြလိုက်တာပါ။ စစ်တပ်က နှိပ်စက်သတ်ဖြတ်ခံရတဲ့ သူတို့လို အဖြစ်ဆိုးတွေ မြန်မာပြည် တစ်နံတစ်လျား ရေတွက်လို့ မကုန်ဘူး။ လတ်တလောဖြစ်သွားတဲ့ သတင်းထောက် ကိုပါကြီး၊ လယ်သူမကြီး ဒေါ်ခင်ဝင်း၊ မုဒိန်းကျင့် အသတ်ခံရတဲ့ ကချင်ဆရာမလေး နှစ်ယောက်တို့ အပြင် စစ်တပ်အုပ်ချုပ်ခဲ့တဲ့ နှစ် ၆၀ ကာလအတွင်းမှာ ဒီလိုအမှုမျိုးတွေ တောင်လိုပုံနေတယ်။ 

ခုတော့၊ စစ်ဗိုလ်စစ်သား သေမှ အလောင်းတွေပြပြီး နိုင်ငံရေးအမြတ်ထုတ်ချင်သူတွေ ထွက်လာတယ်။ အဲလို တောကြောင်တွေ အသုံးချတာခံပြီး ဘာမှမစဉ်းစားဘဲ စစ်ဗိုလ်စစ်သား သေတာ မဆီမဆိုင် ရင်ဘတ်စည်တီး ငိုချင်းချသူတွေလည်း အများကြီး။ 

ဘာလဲ၊ အတိတ်မေ့ကုန်ကြတာလား။ မြန်မာရုပ်ရှင်တွေမှာ အတိတ်မေ့ရောဂါ (amnesia) ဖြစ်တာ တော်တော်ပါတတ်တယ်။ ထူးဆန်းတာက အဲဒီလို အတိတ်မေ့နေသူရဲ့ခေါင်းကို ခတ်ပြင်းပြင်းလေး ရိုက်ထည့်လိုက်ရင် ပြန်ကောင်းသွားရော။ 

ကိုးကန့်စစ်မျက်နှာမှာ စစ်တပ်ကကျဆုံးလို့ ဝမ်းနည်းပက်လက်ဖြစ်နေတဲ့ အတိတ်မေ့ရောဂါသည်တွေကို မြန်မာကားထဲက ကုထုံးအတိုင်း နားသယ်ကို ခတ်ပြင်းပြင်းလေး ရိုက်ပေးလိုက်ချင်တယ်။

ကဲ ဒီမှာ ဖတ်ကြည့်။ 

ရှစ်လေးလုံး အရေးတော်ပုံကြီးကို စစ်တပ်ကအာဏာသိမ်းပြီး ရက်ရက်စက်စက် အကြမ်းဖက် နှိမ်နင်းတဲ့အခါ ၁၆ နှစ်အရွယ် ကျောင်းသူလေး မဝင်းမော်ဦးရဲ့ သွေးစက်လက် ကိုယ်ခန္ဓာကို ဆေးကျောင်းသားနှစ်ယောက် သယ်ပြေးနေတဲ့ ဓာတ်ပုံဟာ ကမ္ဘာကျော်ခဲ့ပါတယ်။ 

အပြစ်မဲ့မိန်းကလေးရဲ့ ကျောင်းဝတ်စုံ အဖြူအစိမ်းလေးမှာ သွေးချင်းချင်းနီတဲ့ ဒဏ်ရာတွေဟာ “တပ်မတော်က မိုးပေါ် ထောင်မပစ်ဖူး၊ ပစ်ရင်တည့်တည့်ပစ်တယ်” ဆိုတဲ့ တပ်မတော်ပေါ့။ 

မဝင်းမော်ဦး မသေခင် မှာသွားတာက “ဒီမိုကရေစီရမှ အမျှဝေပါ”’ တဲ့။ အဲဒီစကားတွေဟာ ကျနော့ရင်ထဲမှာ ပဲ့တင်ထပ် မြည်ဟည်းနေဆဲပဲ။ 

မဝင်းမော်ဦးရဲ့မိဘတွေသာမက ကျနော်တို့ ပြည်သူတစ်ရပ်လုံးဟာ စွန့်ဝံ့သူလေးအတွက် အမျှဝေဖို့ စောင့်ဆိုင်းနေတာ ၂၇ နှစ် ရှိခဲ့ပြီ။ 

တပ်မတော်သား အစစ်အမှန်တွေဟာ ပြည်သူလူထုရဲ့ ချစ်ခင်မှုနဲ့ သနားကရုဏာကို လိုလားတယ်ဆိုရင် အဲဒီသွေးကြွေးတွေကို အရင်ပေးဆပ်ရလိမ့်မယ်။ 

မဝင်းမော်ဦးအတွက် အမျှဝေပြီးမှ တပ်မတော်သားတွေအတွက် ကိုယ်ချင်းစာ မေတ္တာထားပါမယ်။ 

ကဲ… တပ်မတော်သားအပေါင်းတို့ အဆင်သင့်ဖြစ်ကြပြီလား။။ 

မင်းမြတ်မောင် 

 

No comments: