ဖခင်ကြီးက ဘာမှမပြောပဲ သူ့ထိုင်ခုံနောက်က စာအုပ်ဗီရိုကို အသာဖွင့်ပြီး စာအုပ်တအုပ်ကို ဆွဲထုတ်လေသည်။ ရော့... ဒီစာအုပ်ကလေးကို အပျင်းလည်းပြေ နောက်တခေါက် ထပ်ဖတ်ကြည့်ပေါ့ကွာ... သမီးအတွက် တွေးစရာ အသစ်တွေ... မတူတဲ့ အဖြေတွေ ရချင်ရလာလိမ့်မယ်... လို့ ကမ်းလိုက်တဲ့ စာအုပ်ကလေးဟာ ထောင့်မှာ ပိုးကိုက်ရာတွေ ပြည့်နေတဲ့၊ ပန်းချီ ဦးသောင်းဟန်ရဲ့လက်ရာ မျက်နှာဖုံးနဲ့ သိန်းဖေမြင့်ရဲ့ ဒုတိယအကြိမ်ထုတ် “သပိတ်မှောက်ကျောင်းသား”။ ဒီ စာအုပ်ကလေးကို အနှစ် နှစ်ဆယ်လောက်အကြာမှာ ဒုတိယအကြိမ် ပြန်ဖတ်ကြည့်ရပေဦးမည်။
+++++
အမှန်ကို ဘွင်းဘွင်းကြီးရေးသဖြင့် တစုံတယောက်ကို ထိခိုက်သွားလျှင် သွားပါစေ။ ကျွန်ုပ်အား အပြစ်လွှတ်ပါဟု၊ ကျွနု်ပ်ကား မတောင်းပန်... ဆိုတဲ့ သိန်းဖေမြင့်ရဲ့ အမှာစကားက သမိုင်းကိုချိတ်တွယ်ထားတဲ့ သူ့ဝတ္တုရဲ့ မြဲမြံမှန်ကန်မူကို စိတ်ချစေလေသည်။ စာရေးသူရဲ့ ကိုယ်ပွားဇာတ်ကောင် ညိုထွန်း ကစလို့ ကိုနု၊ ကိုမြ၊ စိုးထွန်း၊ ကျော်သိန်း၊ ဖေခင်၊ ညိုမြ၊ ဘနားဂျီးဆိုတဲ့ တကယ့်သမိုင်းဝင် သပိတ်မှောက် ကျောင်းသားကြီးတွေတင်မက အမာ၊ မအုန်း၊ မခင်မြ ဆိုတဲ့ နာမယ်ကျော် သပိတ်မှောက် ကျောင်းသူတွေကိုပါ ဇာတ်ရုပ်ဆင်ပြီး ရေးသားတင်ပြခဲ့ပုံက သမိုင်းမှတ်တမ်းတခုထက်ပင် ပို၍ ကွက်ကွက်ကွင်းကွင်း ရှိလှသည်။
ရန်ကုန်တက္ကသိုလ်ကြီး ပြန်ဖွင့်လို့ ကျောင်းပြန်မယ့်သားကို လိုက်ပို့ကြတဲ့ ဆွေမျိုးမိဘတွေနဲ့ အညာက ဘူတာရုံလေးရဲ့ မြင်ကွင်းကနေ စပြန်ဖတ်ရင်း ကျောင်းဖွင့်စ ကျောင်းဆောင်အသီးအသီးရဲ့ အမူဆောင် ရွေးချယ်ပွဲတွေ၊ အပြောကောင်း အဟောကောင်း ရန်ကုန်တက္ကသိုလ်သမဂ္ဂ ဥက္ကဋ္ဌ ကိုနုနဲ့အတူ ဝံသာနု အမျိုးသားရေးစိတ်တွေ နိုးကြားနေတဲ့ သမဂ္ဂအမှုဆောင် ကျောင်းသားတသိုက်ရဲ့ စည်းဝေး လှုံ့ဆော်မူတွေ စတဲ့ အခန်းတခုစီတိုင်းက ဝတ္တုကို ယုတ္တိအမြင်နဲ့ အသက်ဝင်နေပြန်တော့တယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်း ၈၀ လောက်က တက္ကသိုလ်ကျောင်းသားတွေရဲ့ နောက်လုံး ပြောင်လုံးတွေကလည်း အံ့သြစရာကောင်းအောင် ခေတ်မီနေသေးသည်။ ပြင်းထန်တဲ့ သမဂ္ဂအစည်းအဝေး မိန့်ခွန်းကြောင့် ဥက္ကဋ္ဌ ကိုန ကျောင်းထုတ်ခံရ၊ တက္ကသိုလ်ဆရာတယောက်ကို သရော်ထားတဲ့ စာတပုဒ်ကြောင့် အိုးဝေမဂ္ဂဇင်း အယ်ဒီတာ စိုးထွန်း ကျောင်းထုတ်ခံရ၊ နောက်ဆုံး အလုပ်သမားရေးတွေပါ ပူးတွဲလှုံ့ဆော်တယ်ဆိုပြီး ဇာတ်လိုက် ညိုထွန်းကိုယ်တိုင်လည်း ကျောင်းထုတ်ခံရတဲ့အခါမှာတော့ ဇာတ်ရှိန်မြင့်လာပြီး သမဂ္ဂအမှုဆောင်တွေအားလုံး စာမေးပွဲမဖြေ သပိတ်မှောက်ဖို့ ဆုံးဖြတ်တဲ့အခန်းနဲ့ အင်းလျားဆောင်က ကျောင်းသူတွေတင်မက တခြားကျောင်းသူတွေကိုပါ သပိတ်မှောက်ဖို့ ဆွဲဆောင်လှုံ့ဆော်တဲ့အခန်းတွေဟာ စိတ်အား တက်ကြွစရာ အကောင်းဆုံးနဲ့ ဖတ်လို့အကောင်းဆုံး အခန်းတွေပဲ။
လမ်းလျှောက်လာကြသူ ကျောင်းသူ ရှစ်ယောက်ကား ဘတ်စ်ကားတစီးပေါ်တွင် တက်ကြ၏။ သူတို့ကား အစည်းအဝေးတွင် ဘာပြောသည် ဘာဆွေးနွေးသည်ကို မသိကြရ။ “သပိတ်မှောက်ပြီ” ဟူသော စကားကိုသာ ကြားကြရ၏။ သူတို့အတွက် သပိတ်မှောက်ရန် ဘာကြောင့်လိုပါသည် ဘာအကြောင်းတွေကြောင့် သပိတ်မှောက်ကြမည်ဟူသော အချက်များ မလို။ သူတို့ကား သပိတ်မှောက်ရန်လိုကြောင်း နားလည်ကြပြီး ဖြစ်ခဲ့သည်။ သပိတ်မှောက်ဖို့အကြောင်းများကို အားလုံး သူတို့ခံစားပြီး သိပြီး ဖြစ်သည်။
ဟုတ်သည်။ အထွေထွေ မကျေနပ်မှုများက သပိတ်တွေဆီ ဦးတည်နေတတ်သည်။ ကျောင်းသားသပိတ်သမိုင်းကို ပြန်ကြည့်တော့ ၁၉၂၀ ပထမ ကျောင်းသားသပိတ်က ရန်ကုန်တက္ကသိုလ်ကြီး စတင်တည်ထောင်တဲ့ အက်ဥပဒေကို မကျေနပ်လို့ဆိုပေမယ့် နယ်ချဲ့စနစ်ကို အံတု ဖီဆန်ခြင်းသာ။ ၁၉၃၆ ဒုတိယ ကျောင်းသားသပိတ်မှာလည်း ကျွန်ပညာရေးစနစ် အလိုမရှိလို့ အော်ရင်းပင် မျိုးချစ်စိတ်တွေ တဆင့်တိုးလို့ လွတ်လပ်ရေး ကြိုးပမ်းမူဆီရောက်အောင် သွားခဲ့ကြသည်။ အဲဒီနောက်တော့ တတိယအကြိမ်မကတော့တဲ့ ကျောင်းသားသပိတ်ပေါင်းများစွာ။ သို့ပေ သမိုင်းစာသင်ခန်းတွေထဲမှာတော့ ဒုတိယ ကျောင်းသားသပိတ်မှာသာ တခန်းရပ်နေတော့သည်။ နယ်ချဲ့လူမျိုးခြားကို ဆန့်ကျင်အုံကြွခဲ့တဲ့ ကျောင်းသားသပိတ်နှစ်ခုကိုသာ သမိုင်းတင်ကြပေမယ့် လူမျိုးတူခြင်း သွေးစုပ်တဲ့ စစ်အာဏာရှင်စနစ်ကို တောက်လျှောက် ဆန့်ကျင်ဆန္ဒပြခဲ့ကြတဲ့ အခြားကျောင်းသားသပိတ်တွေကတော့ သမိုင်းမတင်နိုင်သေး။ အနည်မထိုင်နိုင်သေး။
၁၉၆၂ ခုနှစ်မှာ ဆဲဗင်းဂျူလိုင် လှုပ်ရှားမူကြီးနဲ့အတူ ကျောင်းသားသပိတ်တွေရဲ့ ဘူမိနက်သန် ရန်ကုန်တက္ကသိုလ် သမဂ္ဂအဆောက်အဦကြီး ဖြိုချဖျက်စီးခံလိုက်ရသည်။ ဒါပေမယ့် ကျောင်းသား လူငယ်တွေရဲ့ နိုင်ငံ့အရေးအတွက် မဟုတ်မခံ ထက်သန်မူတွေ ပြိုကျမသွား။ သမဂ္ဂစိတ်ဓာတ်တွေ ပျက်စီးမသွား။ ဒီ မြေကွက်လပ်ကြီးဆီကိုပဲ ပြန်လာနေကြသည်။ ၂၆ နှစ်အကြာ ရှစ်လေးလုံး အုံကြွမူကြီးမှာလည်း ဒီ သမဂ္ဂ ကွက်လပ်ကြီးဆီပဲ ပြန်လာကြသည်။ ဟော နောက်ထပ် ၂၆ နှစ်အကြာ ၂၀၁၅ ခုမှာလည်း သမဂ္ဂကြီးဆီ ပြန်လာနေကြပြန်ပြီ။ အရောင်အမျိုးမျိုးပြောင်းခဲ့တဲ့ စစ်အာဏာရှင်စနစ်ကို သဏ္ဍန်အမျိုးမျိုး ပြောင်းလာတဲ့ ကျောင်းသားတွေက အံတုကြပြန်ပေပြီ။ လက်ကိုင်ဖုန်းလေးတွေ ကိုယ်စီ ကြည့်လျက်က လမ်းမကြီးတွေကို ဖြန့်ကျက် ချီတက်လာတဲ့ ကျောင်းသားလေးတွေကို ပြည်သူတွေ သောင်းသောင်းဖျဖျ ကြိုဆိုကြသည်။ အသားညိုညို ဆံပင်တို မသပ်မယပ်နဲ့ ကျောင်းသားလေးတွေကပဲ လူကြီးတွေနဲ့ တပြေးတည်းထိုင် တဝိုင်းတည်း ဆွေးနွေးနေကြပြီ။
၁၉၃၀ ခုနှစ်တွေတုန်းကရော ညိုထွန်းတို့၊ စိုးထွန်းတို့၊ ကျော်သိန်းတို့လို အညာကလာတဲ့ အမျိုးသားကျောင်းထွက်၊ ဘိုသံ မပီ၊ မသေမသပ် ညစ်ကပ်ကပ် ကျောင်းသားလေးတွေကို အင်္ဂလိပ်လူမျိုး ကျောင်းအုပ်ကြီးတွေ ဘယ်မှာလာ အထင်ကြီးခဲ့လေမလဲ။ နောက်တော့လည်း မြန်မာပြည်သစ်ကို တည်ဆောက်တဲ့ လွတ်လပ်ရေးရဲ့ ဖခင်ကြီးတွေ၊ သတင်းစာဆရာကြီးတွေ၊ ဝန်ကြီးတွေ ဖြစ်လာခဲ့ကြသည်။ ဒီခေတ်တွေကြားထဲမှာတော့ ပညာရေး အခြေခံတွေက အများကြီး ကွာခြားခဲ့ပြီပေါ့။ အဲဒါကြောင့်လည်း ကနေ့ သူတို့ရဲ့ တောင်းဆိုချက်တွေထဲမှာ နှုတ်တိုက်ကျက် ပညာသင်ကြားရေးနဲ့၊ ၏-သည် မလွဲ စာမေးပွဲစနစ်ကြီးကိုပါ ဖယ်ရှားနိုင်ဖို့ ကြိုးစားနေကြခြင်းဖြစ်သည်။ ကျောင်းသားတွေရဲ့ သဘောထားမပါတဲ့ အမျိုးသားပညာရေး ဥပဒေကြမ်းကို ပယ်ဖျက် ပြင်ဆင်နိုင်ဖို့ တိုက်ပွဲဝင်နေကြခြင်း ဖြစ်သည်။
ကျွန်ပညာရေး၊ သခင်ပညာရေး၊ အမျိုးသား ပညာရေး ဝိသေသတွေ အမျိုးမျိုး တပ်ကြသည်။ ဟိုတုန်းက နယ်ချဲ့စနစ်အတွက် လိုအပ်နေတဲ့ စာရေးစာချီ၊ အုပ်ချုပ်ရေး အရာရှိတွေကို မွေးထုတ်ပေးတာမို့ ကျွန်ပညာရေးရယ်လို့ ခေါ်ဆိုရှုတ်ချခဲ့သည်။ ညိုထွန်းတို့လို သပိတ်မှောက်ကျောင်းသားတွေက လွတ်လပ်တဲ့ တိုင်းပြည်ကို တည်ဆောက်ဖို့၊ စက်မူလက်မူ အတတ်ပညာတွေကို သင်ကြားတတ်မြောက်နိုင်မယ့် သခင်ပညာရေး ... အမျိုးသားပညာရေး ဖြစ်ရမည်လို့ မျှော်မှန်းသည်။
နှစ်ပေါင်း ရှစ်ဆယ်ကျော်လာတဲ့အခါမှာ သူတို့ မျှော်မှန်းခဲ့တဲ့ အမျိုးသားပညာရေးက ဘယ့်ဂလောက် ခရီးပေါက်ခဲ့ပြီလဲ။ ကျောင်းသားသမဂ္ဂကြီး ဖျက်စီးခံပြီးနောက်ပိုင်း အစိုးရက တိုက်ရိုက်ချုပ်ကိုင်လာတဲ့ မြန်မာ့ပညာရေးစနစ်ဟာ သပိတ်မှောက်ကျောင်းသူ ထားမြင့်တို့၊ အမာတို့ခေတ်က ကျွန်ပညာရေးထက်တောင် ဘယ်လောက် ဆိုးဝါးနိမ့်ကျနေခဲ့ပြီလဲ။ ဧရာဝတီတိုင်းက လမ်းလျှောက်ချီတက်လာတဲ့ ကျောင်းသူကလေးတယောက်ကတော့ “ပညာရေးစနစ်မှာ ဘာကို စိတ်အပျက်ဆုံးလဲဆိုတော့ ဘာမှမရေရာတဲ့ အာမခံချက်မရှိတဲ့ ပညာရေးစနစ် ဖြစ်နေတာကို စိတ်အပျက်ဆုံးပါပဲ။ အခု ကျောင်းတက်နေကြတဲ့အချိန် ဘွဲ့ရတဲ့အထိက လူငယ်တွေအတွက် ခွန်အားအရှိဆုံး၊ အလုပ်လုပ်နိုင်ဆုံး၊ ဉာဏ်အကောင်းဆုံး၊ ဖွံ့ဖြိုးမှုအရှိဆုံး အရွယ်တွေမှာ ပညာရေးစနစ်က မကောင်းတော့ သမီးတို့လူငယ်တွေဘဝက အလကား အချိန်တွေ ပြုန်းတီးကုန်တယ်” လို့ ဆိုသည်။
ကနေ့ခေတ် တိုင်းပြည်မှာ လူဦးရေ တိုးပွားလာလို့ တက္ကသိုလ်ကျောင်းသား ဦးရေတွေလည်း များပြားလာပြီမို့ တက္ကသိုလ်တွေကို တိုးချဲ့ဖွင့်လှစ်လာကြတာ လျော်ကန်သင့်မြတ်ပါရဲ့။ သို့ပေမယ့် မြို့တိုင်း နယ်တိုင်းမှာ အဆောက်အဦ ဆင်တူကြီးတွေ ဆောက်ပေးလိုက်ရုံနဲ့ တက္ကသိုလ်တခု ဖြစ်သွားသည်မှ မဟုတ်ပဲ။ အရေးကြီးတာက ကျောင်းသားတယောက်ဟာ တက္ကသိုလ်ကို ငွေကုန်ခံ အချိန်ကုန်ခံတက်ပြီး တက်ပွန် လိမ္မာ တဲ့ တိုင်းပြည်ရဲ့ အင်အား တကယ်ဖြစ်လာရဲ့လားဆိုတဲ့ ပြဿနာ။ စာမေးပွဲတွေကို နှုတ်တိုက်ကျက် အမှတ်စနစ်နဲ့ ၏- သည် မလွဲ၊ အစက် အပျောက်၊ အရစ် အသတ် ပါ မကျန် ဖြေဆိုအောင်မြင်လာတဲ့ ထူးချွန် လက်ရွေးစင် ကျောင်းသားတွေချည်းပဲ ကျောင်းသား စစ်စစ် ဧကန်အဖြစ်နဲ့ တိုင်းပြည်ကို တည်ဆောက်နိုင်မှာတဲ့လား။ သပိတ်မှောက်ကျောင်းသား ညိုထွန်း တောင့်တတဲ့ စက်မှုလက်မှု အသက်မွေးမှု ပညာရပ်တွေဟာလည်း အခုလို တိုင်းပြည် ပြန်လည်တည်ဆောက်ရမယ့်အချိန်မှာ အရေးတကြီး လိုအပ်နေသည် မဟုတ်လား။
သို့ပေမယ့် မတူညီတဲ့ လူနေမူစနစ်အောက်က မမျှတတဲ့ ပညာရေး ပေါ်လစီတွေဟာ သာမန် ကျောင်းသားတွေအတွက် လျှောတိုင်တက်ရသလိုသာ ဖြစ်နေပေလိမ့်မည်။ တကယ်တော့ တိုင်းပြည်မှာ ပညာရေးနဲ့ပတ်သတ်ရင် ဟိုး အောက်ခြေ မူလတန်းအဆင့်ကစလို့ ပြုပြင်ပြောင်းလဲစရာတွေ တပုံတခေါင်းကြီး ဖြစ်နေခဲ့ပြီ။ ဆိုတော့ အခု ကျောင်းသားသပိတ်နဲ့ အမျိုးသားပညာရေး ကွန်ယက်တို့ တောင်းဆို ညှိနှိုင်းနေတဲ့ အချက် ၁၁ ချက်ဟာ ပညာရေး ပြုပြင်ပြောင်းလဲမူကြီး တခုဖြစ်လာဖို့ အများကြီး ခြုံငုံ ပြည့်စုံစေလိမ့်မည်ဟု ယူဆမိသည်။
နောက်ဆုံးသတင်းများအရတော့ တာန်ရှိသူများဘက်မှ ဥပဒေပြုလွှတ်တော်မှာ ပြန်လည် ပြင်ဆင်ဆွေးနွေးမယ်လို့ သဘောတူညီမူရရှိပြီဆိုလို့ ဝမ်းသာနေမိသည်။ တပြိုင်နက်တည်းမှာပဲ လွှတ်တော်ကြီးထဲမှာ ဆွေးနွေး ကြန့်ကြာနေအုံးမယ့် အချိန်တွေအတွင်းမှာ ကျောင်းသားလူငယ်တွေရဲ့ စုစည်းမူနဲ့ စိတ်အားထက်သန်မူတွေ ဖြိုခွဲခံရမှာကိုလည်း စိုးရိမ်မိပြန်သည်။ ကျောင်းသားသပိတ် ပင်မစစ်ကြောင်းကြီးကတော့ ကျမတို့မြို့ထဲကို ဝင်ရောက်လာခဲ့ပြီ။ ညီညီညာညာ သေသေသပ်သပ်နဲ့ မြို့ကို တပတ် ပတ်ကြသည်။
သပိတ်မှောက်ကျောင်းသား စာအုပ်ထဲက ဇာတ်ကောင်တွေကို လမ်းပေါ်မှာ မျက်မြင်ကိုယ်တွေ့ လက်ဝှေ့ယမ်းပြမိသည်။ ဝတ္တုစာအုပ်လေးကိုဖတ်လို့ အားမရ နိုင်သေးသလို အရှေ့ကို ပြန်သွားလိုက်၊ နောက်ကို ပြန်လှန်လိုက် လုပ်နေရင်းက ကြားနေရတဲ့ ကျောင်းသားစစ်ကြောင်းတွေရဲ့ နောက်ဆုံးသတင်းတွေက ပိုလို့ပင် စိုးရိမ်မကင်းစရာ ဖြစ်လာနေသည်။ အစိုးရဘက်က ပြောသသမျှကို လွယ်လွယ်ကူကူပင် လိုက်လျောဟန်ပြသည်။ ဒါပေမယ့် ရန်ကုန်မြို့ထဲကိုတော့ မဝင်ရလို့ အမိန့်ထုတ်သည်။ သမဂ္ဂ ကွက်လပ်ကြီးဆီ နောက်တဖန် ချီတက်လာကြပြန်တဲ့ ကျောင်းသားတွေရဲ့ စုစည်းမူကို လိုလားပုံ မရ။ အထွေထွေ မကျေနပ်မူတွေ များပြားနေတဲ့ တခြားပြည်သူတွေဆီ ပျံ့နှံ့ကူးစက်သွားမှာကို စိုးရိမ်သည်ဟု ဝန်ခံလေသည်။ ကျောင်းသားတွေ ဘာဆက်လုပ်မည်လဲ။
အောင်ပွဲခံဖို့ ရန်ကုန်မြို့ကို ဝင်လာမယ်ဆိုတဲ့ ကျောင်းသားတွေရဲ့စကားကို “သပိတ်မှောက်ကျောင်းသား” ဝတ္တုထဲက သမဂ္ဂအမှုဆောင် ကျောင်းသားကြီးတွေသာ သိခွင့်ရအုံးမယ်ဆိုရင် ဘယ်လိုများ ပြောလေမလဲ။ ကိုနုတို့၊ စိုးထွန်းတို့၊ ကျော်သိန်းတို့က အောင်မြင်မူ အတိုင်းအတာတခုရနေပြီမို့ ဒီလောက်နဲ့ ကျေနပ်ကြဖို့ တိုက်တွန်းလေမလား။ ညိုထွန်းတယောက်ကတော့ စာအုပ်ထဲက ခုန်ထွက်လာပြီး သပိတ် မလှန်စတမ်း ဆုံးခမ်းတိုင် တိုက်ပွဲဝင်ဖို့ အာဘောင်အာရင်းသန်စွာ ပြောပေ ဟောပေလိမ့်မည်။ တိုက်ပွဲရှိမှ အောင်ပွဲရှိမယ်ဆိုတဲ့ လူတချို့ကတော့ အောင်ပွဲဆက်ဆက်ခံရမည် လို့ ဆိုပေမည်။ သူနိုင် - ကိုယ်နိုင် ဘယ်သူမှ မရှုံးစေချင်တဲ့လူတချို့ကလည်း၊ အောင်ပွဲဆိုတာ မသုံးစွဲသင့်တဲ့စကားလို့ နားချပေမည်။
ကျမ ကတော့ ပေါင်းတည်မြို့က ထွက်ခွာသွားတဲ့ ကျောင်းသားလေးတွေရဲ့ကျောပြင်ကို ငေးကြည့်ရင်း လက်ကိုင်ဖုန်းလေးတွေ တကြည့်ကြည့် နဂိုညိုတဲ့အသားတွေမှာ နေထပ်လောင်ထားတဲ့ ကျောင်းသားလေးတွေဆီမှာ တွေ့ရဦးမယ့် အံ့သြစရာ ဆုံးဖြတ်လုပ်ဆောင်ချက်တွေကိုသာ ယုံယုံကြည်ကြည် စောင့်မျှော်နေမိလေသည်။
မကေသွယ်
၁၅ ဖေဖော်ဝါရီ၊ ၂၀၁၅
No comments:
Post a Comment